စစ်အုပ်ချုပ်ရေး ၅ နှစ်အပြီး တနင်္ဂနွေနေ့က ကျင်းပသော ရွေးကောက်ပွဲအပြီး ကျေးလက် ကျောထောက်နောက်ခံပြု ပြည်ပြေးဝန်ကြီးချုပ် သက်ဆင် လိုလားသော ဖွေ့ထိုင်းပါတီနှင့် စစ်တပ်ကိုထောက်ခံသော အထက်လွှာ ပလန် ပရာချာရက် ပါတီနှစ်ဘက်လုံးက အစိုးရဖွဲ့နိုင်ကြောင်း ကြေညာသဖြင့် ၎င်းတို့အကြားတင်းမာမှု လျှော့ပါးသွားသည့် ပုံမရှိပေ။
ရွးကောက်ပွဲကော်မရှင်၏ မဲရေတွက်မှုကြေညာချက်များကို မကျေမနပ်ဖြစ်ကြသည့် ရုတ်ရုတ်သဲသဲ ၂၄ နာရီအပြီးတွင် တရားဝင်ရလဒ်အရ ထိပ်ဆုံးပါတီနှစ်ခုကြား အခြား အရေးပါလာသော ပါတီများမှာ လွန်ခဲ့သောနှစ်ကမှ တည်ထောင်သော ပါတီသစ် အနာခွပ်မိုင် Future Forward ပါတီနှင့် ၂၀၀၈ ခုနှစ်တွင် တည်ထောင်သော ဖုမ်းကျိုင်ထိုင်း Bhumjaithai Party ပါတီတို့ ဖြစ်သည်။
အနာခွပ်မိုင် ပါတီသည် ပါတီသစ်သာ ဖြစ်သော်လည်း ကိုယ်စားလှယ်နေရာ ၈၀ ရပြီး လေ့လာသူများကို အံ့သြစေခဲ့သည်။ ထိုပါတီ၏ ခေါင်းဆောင် ဘီလီယံနာ သူဌေး သန်နာထုံ ဂျောင်ဂရွန် ဂရူအန်ကစ်သည် စစ်အစိုးရကို အပြင်းအထန်ဝေဖန်သူဖြစ်ကာ လူငယ် မဲဆန္ဒရှင် အများအပြားကို စွဲဆောင်နိုင်သူ ဖြစ်သည်။ သူ့ကိုထောက်ခံသူများ ဒက်ဒီဟုခေါ်ကြသည်။
ဖွေ့ထိုင်းပါတီခေါင်းဆောင် ဆူဒါရက် ကီယူရာဖန်နှင့် သန်နာထုံ ပါ ဒီမိုကရေစီ လိုလားသော ညွန့်ပေါင်းအစိုးရကို ဦးစီးရန် ဝန်ကြီးချုပ် တာဝန်ကို မယူဟု မတင်မကျ ဆိုထားသောကြောင့် ဖုမ်းကျိုင်ထိုင်း ပါတီခေါင်းဆောင် အနုထင် ချာန်းဝီရကူး ဦးဆောင်ပြီး ၃ ပါတီ မဟာမိတ်ဖွဲ့နိုင်မည့် အလားအလာကလည်း စိတ်ဝင်စားဖွယ် ဖြစ်သည်။
အခြား တဘက်တွင်လည်း ပလန် ပရာချာရက်ပါတီက ညွန့်ပေါင်းဖွဲ့ရန် ကြိုးစားနေသည်။ ၎င်းတို့၏ ပါတီသည် ပါလီမန် ကိုယ်စားလှယ် ၂၅၀ ပါသော ညွုန့်ပေါင်းမဟာမိတ်ဖွဲ့လိုသည်ဟု ပါတီပြောခွင့်ရသူ ကော့ဆက်ပွတ်ထရာကိုးလ် ပြောသည်။
ထိုပါတီသည် စစ်အစိုးရ အကြီးအကဲ ပရာယွဒ်ကို ဝန်ကြီးချုပ်ဖြစ်စေရန်ကြိုးစားနေပြီး အရပ်သားအုပ်ချုပ်ရေးအတွင်း စစ်တပ်ကနိုင်ငံရေးတွင် ဦးဆောင်အခန်းမှပါဝင်ရေးကို ထောက်ခံသည်။
ဘန်ကောက်နှင့် တောင်ပိုင်းဒေသတွင် လူအများကြိုက်ခဲ့သော ဒီမိုကရက်ပါတီ အမတ် ၄၉ နေရာသာနိုင်သောကြောင့် ပါတီခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း အဘီဆစ် ပါတီခေါင်းဆောင်နေရာမှ နုတ်ထွက်သွားသည်။
ပရာရွတ်ကို ဝန်ကြီးချုပ်အဖြစ် မထောက်ခံဟု မဲဆွယ်ခဲ့သော ပါတီခေါင်းဆောင် အဘီဆစ် နုတ်ထွက်ခဲ့၍ ပါတီအနေဖြင့် စစ်တပ်လိုလားသော နောက်အစိုးရဖွဲ့စည်းရေးတွင် ပါဝင်ရန် လမ်းပွင့်သွားသလို ဖြစ်နေသည်။
ရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒနယ်များ၏ ၉၅ ရာခိုင်နှုန်းအတွက် ရလဒ်ကို တနင်္လာနေ့မွန်းလွဲပိုင်းကကြေညာခဲ့ပြီး ရလဒ်အပြည့်အဝကို မေလ ၄ ရက်မှ ၆ ရက်နေ့အထိ ကျင်းပမည့် ထိုင်းဘုရင် မဟာာဗာဂျီရာလောင်ကွန် နန်းတက်ပွဲ ပြီးမှသာ ကြေညာမည်ဖြစ်သည်။
အစိုးရဖွဲ့စည်းနိုင်ရေးသည် ဝန်ကြီးချုပ်သစ် ရွေးချယ်နိုင်ရေးအပေါ် မူတည်သည်။ အထက်လွှတ်တော် အမတ် ၂၅၀ နှင့် အောက်လွှတ်တော် အမတ် ၅၀၀ ပေါင်း ၇၅၀ ၏ ထက်ဝက် ၃၇၆ မဲရမှ ဝန်ကြီးချုပ် ဖြစ်နိုင်မည်။ စစ်တပ်မှ ခန့်ထားသော အထက်လွှတ်တော် အမတ် ၂၅၀ နှင့် ပလန် ပရာချာရက်ပါတီမှ အနိုင်ရ အောက်လွှတ်တော် အမတ် ၁၁၈ ဦး ပေါင်း ၃၆၈ မဲ ခိုင်နေပြီ ဖြစ်သောကြောင့် ပရာရွတ်၏ အလားအလာက ရှေ့ဆုံးက ပြေးနေသည်။
သို့သော် အောက်လွှတ်တော်ကလည်း အစိုးရသစ်၏ မူဝါဒများကို အကောင်အထည်ဖော်ရန် ဥပဒေပြုရေးတွင် အရေးပါသည်။ အစိုးရ မူဝါဒများ အကောင်အထည်ဖော်ရေး အမတ် ၅၀၀ ရှိသော အောက်လွှတ်တော်၏ တဝက် ၂၅၀ မဲ ရှိမှ ဥပဒေများ အတည်ပြုနိုင်မည်။ ဤနေရာတွင် ၁၁၈ မဲတည်းသာရှိသော ပရာရွတ်ပါတီက ဥပဒေပြုတိုင်း အခြားထောက်ခံမဲ ၁၃၂ မဲကို ရှာရတော့မည်ဖြစ်သည်။
နိုင်ငံရေးသုတေသီများနှင့် ဒီမိုကရက်လိုလားသူများကမူ သန်နာထုံ၏ အနာခွပ်မိုင်ပါတီ မဲအများအပြားရခြင်းကို ကျေနပ်နေကြသည်။
ဟောင်ကောင် စီးတီး တက္ကသိုလ်မှ ထိုင်းနိုင်ငံရေးသုတေသီ ဂျိမ်းဘတ်ချနန်က “ ထိုင်းလူငယ်တွေရဲ့နိုင်ငံရေး နိုးကြားမှု ဘယ်လောက်ကျယ်ပြန့်လာတယ်ဆိုတဲ့အထောက်အထားပါပဲ။ ရှေးရိုးစဉ်လာဝါဒီတွေ ကျောချမ်းအောင် လုပ်လိုက်တာပဲ” ဟု ပြောသည်။
အနာခွပ်မိုင် ပါတီသည် တနိုင်ငံလုံး မဲပေးနိုင်သူ ၅ ဒသမ ၂ သန်း၏ ထောက်ခံမှုကို ရခဲ့သည်။ စစ်တပ်လိုလားသော ပလန် ပရာချာရက်ပါတီက ၇ ဒသမ ၆ သန်း၊ သက်ဆင်လိုလားသော ဖွေ့ထိုင်းပါတီက ၇ ဒသမ ၁ သန်း၊ ဖုမ်းကျိုင်ထိုင်းပါတီက ၃ ဒသမ ၂ သန်း ထောက်ခံမဲများ အသီးသီး ရခဲ့ကြသည်။
အစဉ်အလာအားဖြင့် သက်ဆင်အုပ်စုအပြီးတွင် ဒုတိယနေရာမှလိုက်သော ဒီမိုကရက်တို့မှာ ၎င်းတို့အပေါ်ထောက်ခံမှု ကျဆင်းသွားသည်ကို ကြုံတွေ့လိုက်ရသည်။ နေရာ ၁၅၀ နိုင်ရမည်ဟု သတ်မှတ်ထားသော်လည်း ၄၉ နေရာသာရသည်။
၂၀၀၈ ခုနှစ်မှ ၂၀၁၁ အထိ ရွေးကောက်ခံ မဟုတ်ဘဲ အစိုးရဝန်ကြီးချုပ်လုပ်ခဲ့သူ ပါတီ၏ ဝါရင့်ခေါင်းဆောင် အဘီဆစ် က ပါတီခေါင်းဆောင် ရာထူးမှ နုတ်ထွက်မည်ဟု တနင်္ဂနွေနေ့ကပြောခဲ့သည်။
အပမ်းဖြေရန် ဆေးခြောက်ကို တရားဝင်လုပ်ပေးမည်ဟု မဲဆွယ်ခဲ့သည့် ဖုမ်းကျိုင်ထိုင်းပါတီသည်လည်း အခြားပါတီတခု အာဏာရအောင်လုပ်ပေးနိုင်သည့် နိုင်ငံရေးအင်အားစုအနေအထားကို ရရှိထားသည်။ ထိုပါတီသည် ဖွေ့ထိုင်း၊ ပလန်ပရာချာရက်နှင့် Future Forward တို့နောက် စတုတ္ထနေရာတွင် ရှိနေသည်။ ထိုပါတီ၏ ခေါင်းဆောင် ဖုမ်းကျိုင်ထိုင်း ပါတီခေါင်းဆောင် အနုထင် ချာန်းဝီရကူးသည် တချိန်က သက်ဆင်သစ္စာခံဖြစ်သော်လည်း ပရာယွဒ်နှင့်လည်း မဟာမိတ်ဖြစ်သွားနိုင်သည်။ အစိုးရ ရာထူးနှင့် မူဝါဒ အပေးအယူများ မည်မျှကမ်းလှမ်းနိုင်မည်က အရေးပါလာသည်။
အရာရာကို သုံးသပ်လိုက်သောအခါ ပရာယွဒ်သာ ဝန်ကြီးချုပ်သစ်ဖြစ်လာမည်ဟု သုတေသီများက ခန့်မှန်းကြသည်။
မည်သူထိုရာထူးကို ရသည်ဖြစ်စေ ထိုင်းနိုင်ငံရေး အကျပ်အတည်း ဆက်လက်ရှိနေမည်ဟု သုတေသီအားလုံး ခန့်မှန်းသည်။
ယခုကျင်းပခဲ့သော ရွေးကောက်ပွဲသည် သက်ဆင်နှင့် စစ်တပ်အားပြိုင်မှုကို အဆုံးသတ်ပေးမည့် ရွေးကောက်ပွဲဟု အချို့က သတ်မှတ်သည်။
သို့သော်ထိုသို့ဖြစ်ရန် ဝေးသေးသည်ဟု အတိုင်ပင်ခံလုပ်ငန်း Control Risk မှ ဟယ်ရစ်ဆန် ချန်းပြောသည်။ “ ဘယ်သူပဲအစိုးရဖွဲ့ဖွဲ့ အများစုအနေအထား မရှိတဲ့အတွက် ဥပဒေသစ်တွေပြဋ္ဌာန်းရာမှာ ကြီးမားတဲ့ပြဿနာနဲ့ ရင်ဆိုင်ရမယ်” ဟုသူပြောသည်။
ကိုးကား ။ ။ South China Morning Post, Bangkok Post, Reuters