တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်း လစ်လပ်နေသည့် ဝန်ကြီး ၃ နေရာအတွက် ခန့်အပ်မည့် အမည်စာရင်းကို ယနေ့ ကျင်းပသည့် ဒုတိယအကြိမ် တိုင်းလွှတ်တော် အရေးပေါ် အစည်းအဝေး တတိယနေ့တွင် အတည်ပြုလိုက်သည်။
တိုင်းဝန်ကြီးချုပ်သစ် ဦးမြင့်မောင်က လစ်လပ်လျက်ရှိသော တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများအဖြစ် အမည်စာရင်း တင်သွင်း လာသူများကို ကန့်ကွက်လိုသူများ ရှိပါသလားဟု တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက သုံးကြိမ်တိတိ မေးမြန်းရာ ကန့်ကွက်သူ မရှိသဖြင့် အတည်ပြုကြောင်း ကြေညာခဲ့ သည်။
တနင်္သာရီမြို့နယ် မဲဆန္ဒနယ်(၁)မှ ဦးအောင်သူရကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး အဖြစ်လည်းကောင်း၊ ရေဖြူမြို့နယ် မဲ ဆန္ဒနယ်(၁)မှ ဦးလှထွေးကို သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး အဖြစ်လည်းကောင်း၊ မြိတ်မြို့နယ် မဲဆန္ဒ နယ်(၂)မှ ဒေါ်ရီရီချိုကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး အဖြစ်လည်းကောင်း အမည်စာရင်း တင်သွင်းခဲ့မှုကို အတည်ပြုခဲ့ ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၂(က)(၁)အရ တိုင်းဒေသကြီး (သို့) ပြည်နယ် ဝန်ကြီးချုပ် သည် သက်ဆိုင်ရာ တိုင်း (သို့) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ သတ်မှတ် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော် သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ဝန်ကြီး ၃ နေရာစလုံးကို လွှတ်တော် ကိုယ်စားလှယ်များထဲမှ ရွေးချယ်ခန့်အပ်ခြင်းနှင့် ပတ်သက်၍ တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက “ကောင်းပါတယ်။ လွှတ်တော်အတွေ့အကြုံလည်းရှိတော့ ဥပဒေပိုင်းဆိုင်ရာလည်း ပိုပြီးကျွမ်းကျင်မယ်။ အဲဒီဥပဒေပိုင်းကနေ အုပ်ချုပ်ရေးပိုင်းကို သွားတဲ့အခါ ပိုပြီး အဆင်ပြေတာပေါ့။ ဥပဒေကို နားလည်ပြီးသား လွှတ်တော်မှာ လည်း တော်တော်လေး ကြာပြီ ဆိုတော့ အုပ်ချုပ်ရေးပိုင်းသွားရင် ဝန်ကြီးချုပ်နဲ့ ပေါင်းစပ်ပြီး စီမံခန့်ခွဲရေး ပိုကောင်းတာပေါ့” ဟု မှတ်ချက်ပြုသည်။
လာမည့် မတ်လ ၂၈ ရက် ဒုတိယအကြိမ် တိုင်းလွှတ်တော် အရေးပေါ် အစည်းအဝေး စတုတ္ထနေ့တွင် ယခု အတည်ပြု လိုက်သည့် ဝန်ကြီး ၃ ဦးသည် ကတိသစ္စာပြု ကျမ်းကျိန်မည်ဖြစ်ကြောင်း သိရသည်။
“ကြိုသိထားတာမျိုး မရှိပါဘူး။ ခုခန့်အပ်တာက ပါတီက လူကြီးတွေ တာဝန်ပေးတဲ့ အခြေအနေမျိုးပါ။ ကျနော်တို့ကတော့ ပေးထားတဲ့ ဌာနေကနေပြီး လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက် အောင် ကြိုးစားသွား မယ်” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးအဖြစ် ခန့်အပ်ခံရသူ ဦးအောင်သူရက ဧရာဝတီကို ပြောသည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် ထိန်းသိမ်းခံထားရသော ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ နေရာတွင် တိုင်းသယံဇာတဝန်ကြီး ဦးမြင့်မောင်က ဝန်ကြီးချုပ်သစ်အဖြစ် ယမန်နေ့က လွှတ်တော်တွင် ကတိသစ္စာ ပြုခဲ့ရာ တိုင်းသယံဇာတ ဝန်ကြီးနေရာအတွက် လစ်လပ်ခဲ့သည်။
ထို့ပြင် မတ် ၁၉ ရက်စွဲဖြင့် တနင်္သာရီတိုင်း စီမံ/ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းနှင့် တိုင်းလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည် လှိုင်တို့ကို ၎င်းတို့၏သဘောဆန္ဒအလျောက် တိုင်းဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတက လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့ရာ အဆိုပါ ဝန်ကြီး ၂ နေရာအပါ စုစုပေါင်း ဝန်ကြီး ၃ နေရာ လစ်လပ်သွားခဲ့ခြင်း ဖြစ်သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် တနင်္သာရီ ဝန်ကြီးချုပ် ဟောင်း ဒေါက်တာလဲ့ လဲ့မော်နှင့် GGS ကုမ္ပဏီမှ တာဝန်ရှိသူ ၃ ဦးကို ယမန်နေ့ မွန်းလွဲပိုင်းက တနင်္သာရီတိုင်း တရားလွှတ်တော်တွင် ပထမဆုံး အကြိမ် ရုံးထုတ်ခဲ့သည်။
လာမည့် ရုံးချိန်းကို ဧပြီ ၄ ရက်သို့ ပြန်လည် ချိန်းဆိုထားပြီး ထိုနေ့တွင် တရားလိုဖြစ်သူ အဂတိလိုက် စားမှု တိုက်ဖျက်ရေး ကော်မရှင် စစ်ဆေးရေးမှူး ဦးသန်းဇော်ဝင်းကို စတင် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။