တပ်မတော်က ထုတ်ပြန်ထားသည့် တဖက်သတ် အပစ်အခတ် ရပ်စဲထားသော ကာလသည် အချိန် လုံလောက်ပြီ ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး ကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦး က ပြောသည်။
မတ်လ ၂၅ ရက်က နေပြည်တော်ရှိ စစ်သမိုင်း ပြတိုက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ဧရာဝတီ၏ မေးမြန်း မှုကို အထက်ပါ အတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ် စိုးနိုင်ဦး က“၄ လ အပစ်အခတ် ရပ်စဲရေးက ရက်အားဖြင့် ရက်ပေါင်း ၁၃၀ ရှိပါတယ်။ ဒီကာလဟာ တကယ် တမ်း ငြိမ်းချမ်းရေးကို ကိုယ်စားပြုမယ် ဆိုရင် လုံလောက်တဲ့ အချိန် ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချိန် ကာလကို သတ်မှတ် ပေး ထားတာ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။
တပ်မတော်ဘက်မှ ငြိမ်းချမ်းရေး ဖြစ်စဉ် တိုးတက်လာစေရန် အတွက် ပစ်ခတ် တိုက်ခိုက်မှုများကို ၄ လတာ ယာယီ ရပ်ဆိုင်း ပေးထားပြီး အဆိုပါ ကာလသည် ငြိမ်းချမ်းရေး ဆောင်ရွက်ရန် အတွက် လုံလောက်သည့် အချိန်ကာလ တခု ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
တပ်မတော် အနေဖြင့် နိုင်ငံတော်ကို ကာကွယ်ရန်နှင့် ပြည်ပရန်ကို ကာကွယ်ရန် အတွက် ဆောင်ရွက်နေခြင်း ဖြစ်ပြီး လက်ရှိ အချိန်တွင် တပ်မတော်သည် တိုက်စွမ်းရည်ရော၊ တိုက်စွမ်းအားပါ အကောင်းဆုံးအချိန်လည်း ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် ညီအစ်ကို အချင်းချင်း တိုက်ပွဲ မလုပ်ချင်သဖြင့် အပစ်အခတ် ရပ်စဲပေးထားပြီး အစိုးရရော၊ တပ်မတော် ကပါ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ် နေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောဆိုသည်။
ပအိုဝ့် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က“မူလ ကြေညာကတည်းကိုက တကယ့် ရည်မှန်းချက်က ဘာလဲ ဆိုတာ မသိဘူး။ မသိတဲ့ အခါကျတော့ ရည်မှန်းချက် ရောက်ရင် ရပ်တာပဲကို။ ရည်မှန်းချက်ကို တိတိကျကျ မသိတဲ့ အခါကျတော့ အခု ရပ်တယ် ဆိုတာ ရည်မှန်းချက် ရောက်လို့ ရပ်တယ်လို့ အဲ့ဒီလိုပဲ နားလည်ရတာ ပေ့ါ”ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်ဘက်မှ ထုတ်ပြန်ခဲ့သည့် အပစ်ရပ်စဲခြင်း ထုတ်ပြန်ချက်၏ အဓိက ရည်ရွယ်ချက်ကို တိတိကျကျ မသိရှိရခြင်း၊ အပစ်ရပ်ကာလကို ထပ်တိုးရန် မရှိဘဲ အချိန်စေ့ပြီဟု ဆိုခြင်းသည် ရည်မှန်းချက် ပြည့်ပြီ ဖြစ်သောကြောင့် ရပ်လိုက်ခြင်း ဖြစ်သည်ဟု မိမိအနေဖြင့် ထင်မြင်မိကြောင်းလည်း ၎င်းက သုံးသပ် ပြောကြားသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကလည်း“လောလောဆယ် ရခိုင်က တိုက်ပွဲတွေကတော့ ရပ်မှာ မဟုတ်ဘူး ထင် တယ်။ ရှမ်းမြောက်နဲ့ ကချင်၊ အထူးသဖြင့် တရုတ် နယ်စပ်က တိုက်ပွဲတွေ ထိန်းထိန်းသိမ်းသိမ်း ရှိလိမ့်ဦးမယ်လို့ ယူဆ ပါ တယ်”ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး အပစ်အခတ် ရပ်စဲမှုသည် ၁ လ ကျော် ကျန်သေး၍ ငြိမ်းချမ်းရေး ကော်မရှင် သို့မဟုတ် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) နှင့်ပဲ ဖြစ်ဖြစ်၊ NCA လက်မှတ် မထိုးသေးသူများနှင့် ထပ်မံပြီး တရားဝင်ပဲ ဖြစ်ဖြစ်၊ တရားမဝင်ဘဲ ဖြစ်ဖြစ် တွေ့ဆုံနိုင်ပါက ပြုပြင်ပြောင်းလဲမှု ဖြစ်လာနိုင်သေးကြောင်း၊ တခြား မျှော်လင့် စရာ သိပ်မရှိကြောင်း၊ အကယ်၍ မတွေ့ဆုံကြပါက မျှော်လင့်ချက် နည်းနေကြောင်း ပြောဆိုသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ပဏာမ အပစ်ရပ် စာချုပ် (Bilateral Agreement) နှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ညှိနှိုင်း ဆွေးနွေးရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တြိဂံတိုင်း စစ်ဌာနချုပ် နယ်မြေများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်ထိ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ကြေညာထားသည်။
နိုင်ငံရေး လေ့လာ သုံးသပ်သူ တဦးဖြစ်သည့် ဦးရဲထွန်းက“ဒီကာလ သတ်မှတ်ထားတာက သိရသလောက် ဆိုရင် တရုတ် ဘက်ကလည်း တိုက်တွန်းတာ ရှိတယ်လို့ ပြောတယ်။ အဲ့ဒါကြောင့် ရပ်ထားပေမယ့် ဒီကြားထဲမှာ စေ့စပ်ညှိနှိုင်း ဆွေးနွေး တာ တွေ တိုးတက်လာဖို့ တကယ့် စိတ်ထဲမှာ ရှိပုံ မရဘူး။ ဘာကြောင့်လဲ ဆိုတော့ ၄ လကာလ အတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ညှိတာ မရှိဘူး။ ဟိုတနေ့က နေပြည်တော်ကို ရောက်လာတဲ့ AA တို့ အပါအဝင် ၈ ဖွဲ့ ရောက်လာ တော့ လည်း လက်ခံပြီးတော့ စကားပြောတာ မတွေ့ရဘူးလေ”ဟု ပြောဆိုသည်။
တပ်မတော် ဘက်မှ အပစ်ရပ်ကြောင်း ထုတ်ပြန်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်များ စည်းကမ်း ဖောက်ဖျက်မှုများကို တလ တကြိမ် ရှင်းလင်း တင်ပြမှုများ ပြုလုပ်ခဲ့ကြောင်း ယခု လတွင် ဖေဖော်ဝါရီ ၂၃ ရက်မှ မတ်လ ၂၃ ရက်နေ့ အထိ တတိယ အကြိမ်တွင် တပ်မတော်နှင့် ထိတွေ့ တိုက်ခိုက်မှု ၂၄ ကြိမ်၊ လက်နက်ကိုင် အချင်းချင်း ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားမှု ၁၅ ကြိမ်၊ နယ်မြေ ကျော်လွန် လှုပ်ရှားမှု စုစုပေါင်း ၉၄ ကြိမ်၊ ဆက်ကြေး ကောက်ခံမှု ၁၀ ကြိမ်၊ လူသစ် စုဆောင်း မှု ၈ ကြိမ် အထိ ဖြစ်ပွားခဲ့ကြောင်း ဗိုလ်ချုပ် စိုးနိုင်ဦး က ရှင်းပြသည်။
ဗိုလ်ချုပ် စိုးနိုင်ဦးက“ငြိမ်းချမ်းရေး ရရှိဖို့ အတွက် ယခင်အစိုးရ အဆက်ဆက် ကတည်းက ကြိုးစားခဲ့ပါတယ်။ ယခု အစိုးရ ရော၊ တပ်မတော်ရော ကြိုးစားနေတာ ရှိပါတယ်။ အစိုးရ၊ တပ်မတော်ရောက ငြိမ်းချမ်းရေးကို ဖိတ်ခေါ်တယ်။ အပစ်ရပ်ပေး တယ်။ အဲဒါကိုမှ ငြိမ်းချမ်းရေးကို မလိုချင်လို့ ငြိမ်းချမ်းရေး ရရှိအောင် ပြည်သူကိုဗဟိုပြုပြီး မစဉ်းစားဘဲနဲ့ မိမိအဖွဲ့အစည်း အတွက် စဉ်းစားပြီး လုပ်ခဲ့ရင် လုပ်တဲ့ အဖွဲ့မှာ တာဝန်ရှိတာ ဖြစ်ပါတယ်။ အချိန်ကတော့ လုံလောက်အောင် ပေးထား ပါ တယ်”ဟု ပြောကြားသွားသည်။
တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲ ဖြစ်ပွားမှုမှာ ပထမ လတွင် ၁၂ ကြိမ်၊ ဒုတိယ မြောက်တွင် ၁၃ ကြိမ် ၊ တတိယ မြောက်လတွင် ၁၅ ကြိမ်၊ ဖြစ်ပွားခဲ့ပြီး နယ်မြေ ကျော်လွန် လှုပ်ရှားမှု အနေဖြင့် ပထမ လတွင် ၁၀၆ ကြိမ်၊ ဒုတိယ လတွင် ၁၂၆ ကြိမ်၊ တတိယလတွင် ၃၄ ကြိမ် ဖြစ်ခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ခဲ့သည်။
သုံးလအတွင်း စုစုပေါင်း စည်းကမ်း ဖောက်ဖျက်မှုများမှာ တပ်မတော်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု အကြိမ် ၃၀၊ လက်နက် ကိုင် အချင်းချင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု အကြိမ် ၄၀၊ နယ်မြေ ကျော်လွန် လှုပ်ရှားမှု ၃၈၀ ကျော် ရှိကြောင်း၊ ဆက်ကြေး ကောက်ခံမှု ၃၂ ကြိမ်၊ လူသစ် စုဆောင်းမှု ၃၈ ကြိမ် ဖြစ်ခဲ့ကြောင်း ဒီဇင်ဘာ ၂၁ ရက်မှ မတ်လ ၂၃ ရက်နေ့ အထိ ၃ လ အတွင်း ဖြစ်ပွားခဲ့ကြောင်း၊ တပ်မတော်နှင့် အများဆုံး ထိတွေ့ တိုက်ပွဲ ဖြစ်ပွားမှုမှာ SSPP နှင့် အများဆုံး ဖြစ်ပွား ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။