ကြီးလေးသော ပုဒ်မများနှင့် စွဲချက်တင် ခံထားရသည့် ဟိုတယ် ACE ပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်း၏ အမှုတွင် ရန်ကုန်နှင့် နေပြည်တော် အမှုများ အတွက် ပြန်ခေါ် သက်သေများ စစ်ဆေးရာ၌ ၅ ဦးသာ ကျန်ရှိတော့ကြောင်း ဒက္ခိဏ ခရိုင် တရားရုံး က သိရသည်။
ပြန်ခေါ်သက်သေ အဖြစ် စစ်ဆေးရန် အတွက် သက်သေ ၆၀ ကျော် ခေါ်ယူထားရာမှ မတ်၂၅ ရက် အထိ စစ်ဆေးရန် ၅ ဦးသာ ကျန်ရှိခြင်း ဖြစ်ပြီး ပြန်ခေါ် သက်သေများထဲတွင် ရဲအရာရှိများ၊ အုပ်ချုပ်ရေးမှူးများနှင့် အရပ်သား သက်သေများ ပါဝင်သည်ဟု ခရိုင် တရားရုံးက ဆိုသည်။
ထိုသို့ ပြန်ခေါ် သက်သေများ စစ်ဆေးရန် ကျန်ရှိသော်လည်း မတ်လ ၂၅ ရက်နေ့ ရုံးချိန်းရက်၌ စစ်ဆေးရန် အတွက် ၄ ဦး လာရောက်ခြင်း မရှိသဖြင့် ရုံးချိန်း ပျက်ကွက်ခဲ့သည်။
စစ်ဆေးမည့် ပြန်ခေါ် သက်သေထဲမှ ရဲအရာရှိ ၂ ဦးနှင့် အရပ်သား ၂ ဦး ကို ခေါ်ယူထားသော်လည်း ရန်ကုန်စည်ပင် ရွေး ကောက်ပွဲရှိနေခြင်းနှင့် ခရီးလွန်နေခြင်းကြောင့် တရားခွင် စစ်ဆေးမှု ပျက်ကွက်ရခြင်း ဖြစ်ကြောင်း တရားရုံးက သိရသည်။
ဖြိုးကိုကိုတင့်ဆန်း ၏ ရှေ့နေ ဖြစ်သူ ဦးမြင့်အောင်က“ကြားထဲမှာ ပြန်ခေါ် သက်သေတွေက အလုပ်တာဝန် များတာ၊ ခရီး လွန်တာဆိုရင်တော့ မစစ်ဖြစ်တာ ရှိတယ်။ ထူးခြားချက်က ဘာမှ မရှိဘူး။ ပုံမှန်လေးပဲ စစ်နေတာပါ”ဟု ဧရာဝတီသို့ ပြော သည်။
ပြန်ခေါ် သက်သေများကို စစ်ဆေးရာ၌ တနင်္လာနေ့တွင် ရန်ကုန်မှ အမှုများ စစ်ဆေးပြီး အင်္ဂါနေ့တွင် နေပြည်တော်မှ အမှု များ စစ်ဆေးကြောင်း၊ ယခင် တပတ်ကို တကြိမ်နှုန်းဖြင့် စစ်ဆေးရာမှ အမှု စစ်ဆေးမှု မြန်ဆန်ရန် အတွက် တပတ် ၂ ကြိမ် နှုန်း စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ဦးမြင့်အောင်က ရှင်းပြသည်။
၂၀၁၇ ခုနှစ်အောက်တိုဘာလ ၁၅ ရက်က နေပြည်တော် လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်း၊ ရဲမင်းဆွေ၊ ဇော်ဝင်းထိုက် တို့ ထံမှ ပစ္စတို ၂ လက်၊ ကျည်ဆန်များ၊ စိတ်ကြွဆေးပြားများ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကွင်းဆက် အဖြစ် ACE ရုံးနှင့် နေအိမ် ၌ လက်နက်၊ စကားပြောစက်၊ နိုင်ငံတော် လုံခြုံရေး ကဲ့သို့သော အဖွဲ့အစည်း တံဆိပ်စသည့် ပစ္စည်းများကို တွေ့ရှိခဲ့ သဖြင့် အမှု ဖွင့်လှစ်ကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဖြိုးကိုကိုတင့်ဆန်း အမှုကို စွဲချက်တင်သည့် ပုဒ်မ ၁၄ ခုတွင် မူးယစ် ဥပဒေ ပုဒ်မ၊ လက်နက် ဥပဒေ ပုဒ်မ၊ ၁၉၂၃ မြန်မာ နိုင်ငံ အစိုးရ လျှို့ဝှက်ချက် ဥပဒေ၊ ပို့ကုန် သွင်းကုန် ဥပဒေ၊ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်၊ ဆက်သွယ်ရေး ပုဒ်မနှင့် တရားခံ ပြေး ပုဒ်မတို့ ပါဝင်ကြောင်း သိရသည်။
ယင်းအမှုကို ၂၁၀၈ ခုနှစ် ဇန်နဝါရီ ၃ ရက်မှ စတင် စစ်ဆေးခဲ့ရာတွင် တနှစ်ကျော် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီ ၄ ရက်က လူဦးရေ ၆၀ ကျော်ကို စွဲချက် တင်ခဲ့ခြင်း ဖြစ်သည်။
ယင်းအမှုနှင့် ပတ်သက်၍ စစ်ဆေးမှု ပြုလုပ်ရာတွင် အချိန် ၁ နှစ်ကျော် ကြာမြင့်သည် အချိန်ထိ တရားလိုပြသက်သေ ၄၀၀ ကျော် စစ်ဆေးရန်ရှိရာတွင် လက်ရှိအချိန်ထိ ၂၀၀ ကျော် စစ်ဆေးပြီး ဖြစ်သည်။
ရုံးချိန်း သက်မှတ်ရက်တွင် သက်သေများ၊ နှစ်ဘက် ရှေ့နေနှင့် တရားသူကြီး အားလုံး ဆုံမှ တရားခွင် အတွင်း စစ်ဆေးမှု ပြုလုပ်ရ သဖြင့် ယခုကဲ့သို့ သက်သေ လာရောက်ခြင်း မရှိသဖြင့် ရုံးချိန်း ပျက်ကွက်ခြင်း ဖြစ်သည်။
ထိုသို့ တရားလိုပြ သက်သေများကို စစ်ဆေးရန် ကျန်ရှိနေသော်လည်း ပြီးခဲ့သည့် လအတွင်းက ကြားဖြတ် စွဲချက်တင် လိုက်ခြင်း ဖြစ်သည်။
စစ်ဆေးထားသည့် လိုပြ သက်သေများထဲမှ ကနဦး သက်သေ ပေါ်ပေါက်သည်ဟု ယူဆပါက တရားသူကြီး အနေဖြင့် စွဲချက်တင်နိုင်ကြောင်း၊ ယင်းသို့ စွဲချက်တင်လိုက်ခြင်းသည် ကြန့်ကြာနေသည့် အမှုများကို ဖြေလျော့စေမည် ဖြစ်ကြောင်း၊ အမှုတွဲများ ဆက်လက် စစ်ဆေးရာတွင်းလည်း တရာမျှတမှု ရှိကြောင်း၊ ထိုသို့ လုပ်ပိုင်ခွင့်မှာ တရားသူကြီး၏ လုပ်ပိုင်ခွင့် ဖြစ်ကြောင်း ၊ ပျဉ်းမနားမြို့ တရားလွှတ် တော်ရှေ့နေ ဦးခင်မောင်ဇော်က ဧရာဝတီသို့ ပြောကြားထားသည်။