ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ဘက်က အပစ်ရပ် ကြေညာမှု အပြီး ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA) နှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
ရှမ်း ၂ ဖွဲ့ကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပြည်သူ လူထု ထိခိုက် နစ်နာခဲ့ရသည်များကို ထောက်ရှု၍ RCSS အနေ ဖြင့် SSPP နှင့် ဖြစ်ပွားနေသော တိုက်ပွဲများကို မိမိကိုယ်ကို ခုခံ ကာကွယ်ခြင်းမှ အပ ၂၀၁၉ ခုနှစ် မတ် ၂၀ ရက်မှ စတင်ပြီး အပစ်အခတ် ရပ်စဲသည်ဟု မတ်၂၁ ရက်က ထုတ်ပြန်ခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါ မြို့နယ် နားမခေါ် ကျေးရွာ အုပ်စု၊ တွန်းကြိုင်း ကျေးရွာနှင့် ဟိုနား ကျေးရွာ အနီး မတ်၂၅ ရက်က လည်းကောင်း၊ နမ္မတူမြို့နယ် မိုင်းမု ကျေးရွာ အုပ်စု၊ ကောင်းဟုန်း ကျေးရွာနှင့် လုံမိတ် ကျေးရွာ အနီး၌ RCSS နှင့် SSPP တို့ တိုက်ပွဲ ဖြစ်ခဲ့ကြောင်း RCSS ဘက်က ပြောကြားထားသည်။
SSPP ဘက်ကမူ နမ္မတူမြို့နယ်ထဲတွင် မတ် ၂၁ ရက်ကတည်းက မတ် ၂၆ ရက် အထိ ဆက်တိုက် ဖြစ်ပွားလျက် ရှိပြီး သီပေါမြို့နယ်ထဲ၌ မတ်၂၆ ရက်က တိုက်ပွဲ စတင် ဖြစ်ပွားကြောင်း ဧရာဝတီသို့ ပြောသည်။
SSPP မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းဖုန်းဟန်က“နားမခေါ် အုပ်စု၊ ဟိုနားမှာ ဒီနေ့မှ ဖြစ်တာပါ။ ဟိုနား ဆိုတာ နားမခေါ် အုပ်စု အနောက်ဘက်မှာ ကျတဲ့ သီပေါ-နမ့်လန် ကားလမ်းမှာ စဖြစ်တာက RCSS ဘက်က ၆၀ မမ နဲ့ ကျနော်တို့ လူတွေ ကို လှမ်းထုတာပေါ့။ အဲဒါကနေ စပြီးတော့ တိုက်ပွဲ ဖြစ်တာပေါ့။ မနက် ၈ နာရီခွဲကနေ ၁၁ နာရီ ဖြစ်တယ်။ နမ္မတူမြို့က ၂၁ ရက်နေ့က စဖြစ်တာ။ ဒီနေ့လည်း ၁၁ နာရီ နောက်ပိုင်း ဖြစ်တယ်”ဟု ပြောဆိုသည်။
RCSS ဘက်ကတော့ ယနေ့ တိုက်ပွဲ ဖြစ်ပွားမှု အခြေအနေကို မသိရသေးကြောင်း၊ သီပေါမြို့နယ်နှင့် နမ္မတူမြို့နယ်ထဲမှာ ဖြစ်ပွားသည့် တိုက်ပွဲတွင် RCSS ဘက်က ပစ်ခတ်မှု မရှိဘဲ SSPP ဘက်ကသာ ပစ်ကြောင်း ပြန်လည်ပြောဆိုသည်။
RCSS မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းဦးက“သူတို့က လာပြီးတော့ တိုက်လို့ ဖြစ်တာပါ။ ဘယ်လိုလာ တိုက်တာ တော့ ကျနော် သေချာ မသိဘူး။ ၆၀ မမနဲ့ RCSS ဘက်က လာပစ်တယ် ဆိုတာ မဟုတ်ပါဘူး ပြောင်းပြန် ဖြစ်နေပြီဗျ။ ကျနော်တို့ ထင်နေတာ မဖြစ်တော့ဘူးလို့ ထင်နေတာ။ အခုက တပြိုင်တည်း နမ္မတူမှာရော၊ သီပေါဘက်မှာရော ပြန်ဖြစ်နေ တော့ ကျနော်တို့ အတွက် စဉ်းစားစရာတွေ ဖြစ်နေတယ်”ဟု ဧရာဝတီသို့ ပြောသည်။
SSPP နှင့် RCSS သည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နယ်မြေ အငြင်းပွားရာမှ၂၀၁၇ ခုနှစ် ဇူလိုင်လက စတင်၍ ၂၀၁၉ ခုနှစ် မတ်လ အထိ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလာခဲ့ပြီး တိုက်ပွဲရှောင် ၁၀၀၀ ကျော် သီပေါမြို့နယ်၌ ရှိနေသည်။
အဆိုပါ တိုက်ပွဲများ ရပ်တန့်နိုင်ရေး၂ ဖက် ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးနိုင်ရေး အတွက် သံဃာတော်နှင့် ၂ ဖက် လက်ခံသည့် လူပုဂ္ဂိုလ်များ ပါဝင်သော ကြားခံ အဖွဲ့အစည်း တခုက ကြိုးပမ်းပေးလျက် ရှိသော်လည်း မည်သည့် အချိန်နှင့် မည်သည့် နေရာတွင် တွေ့ဆုံ ဆွေးနွေးမည်ကို မသတ်မှတ်နိုင်သေးကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံ ဆွေးနွေးရန် ကြိုးပမ်းနေသည့် အချိန်မှာ တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ယုံကြည်မှုများ လျော့နည်း လာစေ သကဲ့သို့ တွေ့ဆုံရေး နှောင့်နှေးသွားနိုင်သည်ဟု ၂ ဖက်စလုံးက ပြောဆိုကြသည်။
RCSS မှ ဒု ဗိုလ်မှူးကြီး စိုင်းဦးက“တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်း မပျက်သွားအောင် ကျနော်တို့ အတတ်နိုင်ဆုံး ကြိုးစား သွားမှာပါ။ လောလောဆယ်တော့ ကျနော်တို့ဘက်က အဆင်သင့် ဖြစ်နေပါပြီ။ သူတို့ဘက်က အဆင်သင့် မဖြစ် သေးဘူး ပြောလို့ပါ။ ဒီကြားကနေလည်း သံဃာတွေနဲ့ ကြားက ငြိမ်းချမ်းရေး ဆောင်ရွက်ပေးမယ် ဆိုလို့ ကျနော်တို့လည်း မျှော်လင့်နေပါတယ်။ ကျနော်တို့ ကြေညာချက် အတိုင်းပေါ့ ၂ ဖက် စလုံးက စောင့်ထိန်းကြရမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။
မတ်၂၁ ရက်က ထုတ်ပြန်သည့် RCSS ၏ ထုတ်ပြန်ချက်ထဲတွင် ညီညွတ်ရေး ဆွေးနွေးနေသည့် ကာလ အတွင်း RCSS တပ်ဖွဲ့ဝင်များသည် ရောက်ရှိသည့် နေရာ ဒေသများ၌ တပ်ချထားမည်ဟု ဆိုထားသည်။
SSPP မှ ဗိုလ်မှူး စိုင်းဖုန်းဟန်က RCSS သည် ကြေညာချက်ပါ အတိုင်း လိုက်နာခြင်း မရှိဘဲ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ် နေဆဲဖြစ်သည့် အတွက် ယုံကြည်မှု တည်ဆောက်ရန် အခက်အခဲ နည်းနည်း ရှိနေကြောင်း ပြောကြားသည်။
၎င်းက ဆက်လက်၍ “ကျနော်တို့ RCSS ဘက်က ထုတ်ပြန်ကြေညာချက်ကို လေ့လာကြည့် မိသလောက် သူတို့က အပစ် ရပ် တာက သူတို့ ရောက်ရှိမယ့်နေရာကို ခဏ အပစ်ရပ်မယ်ပေါ့။ ဒါပေမယ့် လက်တွေ့ အရတော့ အဲဒီလို မဟုတ်ဘူး။ စစ်ရေး လှုပ်ရှားမှုကျတော့ မရပ်ပါဘူး။ သူတို့ ရှိတဲ့ အင်အားတွေ အကုန်လုံး မြောက်ပိုင်းကို အင်အား ဖြည့်နေတယ်။ တိုက်ပွဲလည်း ဖော်နေတယ်၊ ဒါကို ကျနော်တို့က ဘယ်လိုပြောမလဲ ဆွေးနွေးရေးက တပိုင်း၊ တိုက်ခိုက်ရေးက တပိုင်း ပြောမလား မသိဘူး။ ဒါက ကျနော်တို့ လက်တွေ့ အခြေအနေပါ၊ အပစ်ရပ် ကြေညာချက်က စာရွက်ပေါ်မှာပဲ ရှိတယ်”ဟု ပြောသည်။
တိုက်ပွဲရှောင်များကို ကယ်ဆယ်ရေး လုပ်ပေးနေသည့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့မှ နယ်စည်းမခြား ပရဟိတ အဖွဲ့မှ ကိုမျိုးက မတ် ၂၅ ရက်နှင့် ၂၆ ရက်တွင် သီပေါမြို့နယ်နှင့် နမ္မတူမြို့နယ်ထဲမှာ RCSS နှင့် SSPP ကြား တိုက်ပွဲ ဖြစ်ပွားမှုကို မကြားမိကြောင်း၊ တိုက်ပွဲရှောင်လာသူလည်း မရှိကြောင်း ဧရာဝတီသို့ ပြောသည်။
RCSS သည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA)ကို အစိုးရ၊ တပ်မတော်တို့နှင့် လက်မှတ် ရေးထိုးထားသည့် ရှမ်း လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး SSPP ကမူ NCA ထိုးနိုင်ရေး အစိုးရ၊ တပ်မတော်တို့နှင့် တွေ့ဆုံ ဆွေး နွေး နေဆဲ ရှမ်းလက်နက်ကိုင် အဖွဲ့ ဖြစ်သည်။
ဆက်စပ် ဖတ်ရှုရန် –
တပ်မတော်၊ RCSS နှင့် SSPP သုံးပွင့်ဆိုင် တွေ့ဆုံရန် ရက် မသတ်မှတ်နိုင်သေ
ရှမ်း လက်နက်ကိုင် ၂ ဖွဲ့ ဘယ်လို စကားပြောကြမလဲ