သတင်း

တာချီလိတ် မီးခိုးမြူ ယခင်နှစ်များထက် ပိုမိုဆိုးရွားနေ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ တာချီလိတ်မြို့တွင် ဖြစ်ပေါ်နေသော မီးခိုမြူများသည် ယခင်နှစ်များထက် အခြေအနေ ဆိုးရွား နေကြောင်း ဒေသခံများထံမှ သိရသည်။

နှစ်စဉ် နှစ်တိုင်း နွေဦး ကာလများတွင် တောင်ယာ မီးရှို့မှုကြောင့် မီးခိုးငွေ့များ ဖြစ်ပေါ်သော်လည်း ယခုနှစ်တွင် လေထု အရည်အသွေး အညွှန်းကိန်း ပိုမို မြင့်ခြင်းနှင့် ရက်ရှည် ကြာမြင့်ခြင်းများကြောင့် ယခု နှစ်သည် အဆိုးရွားဆုံး ဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။

တာချီလိတ် ဒေသခံ ဦးဇော်မြင့်က“၂၀၁၀ နောက်ပိုင်းမှာတော့ မီးခိုးငွေ့တွေ ပိုးဆိုးလာတယ်။ နှစ်စဉ်နှစ်တိုင်း တောင်ယာ တွေ မီးရှို့တဲ့ အတွက် ဖေဖော်ဝါရီနဲ့ မတ်လတွေမှာ ဖြစ်တယ်။ ဒီ ၃ လပိုင်းမှာ ကတော့ နှစ်စဉ် အဆိုးဆုံး လတွေပါပဲ”ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ဦးဇော်မြင့်က“ဒီနှစ်ကျတော့ လေထု အရည်အသွေး အပေါ်မှာ တိုင်းတာတဲ့ အခါ ပိုပြီး ညစ်ညမ်းတယ် ဆို တာ အတိအကျ ထွက်လာတာပေါ့။ အရင်နှစ်တွေက ဆိုးတဲ့ရက်တွေ ရှိပေမယ့် ဖြစ်တဲ့ရက်က တိုတယ်။ အခုဆို ရက် လည်း ရှည်တယ်၊ အညွှန်းကိန်းလည်း မြင့်တယ်”ဟုလည်း ဆိုသည်။

လေထု အရည်အသွေး အညွှန်းကိန်းသည် မတ် ၁၆ ရက်တွင် မြင့်တက်ခဲ့သော်လည်း တဖြည်းဖြည်း ပြန်လည် ကျဆင်း လာကာ ၂၀ ရက် နောက်ပိုင်းတွင် ပြန်လည် မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် လေထုအတွင်း အလွန်သေးငယ်သည့် အမှုန်အမွှား (PM 10 ) ပါဝင်မှု လေထု အရည်အသွေး အညွှန်း ကိန်းသည် မတ် ၁၆ ရက်တွင် ၃၀၂၊ မတ် ၁၇ ရက်တွင် ၂၇၆ နှင့် မတ် ၁၈ ရက်တွင် ၁၄၃ စသဖြင့် တဖြည်းဖြည်း ကျဆင်း လာကြောင်းနှင့် ယနေ့ မယ်ဆိုင်တွင် တိုင်းတာချက်အရ ၂၀၁ ရှိကြောင်း တာချီလိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနက သိရသည်။

တာချီလိတ် ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနက ဦးရဲထူးက“ဒီနေ့တော့ မယ်ဆိုင်ဘက်က တိုင်းတာ၊ မယ်ဆိုင်က တော့ ကျနော်တို့နဲ့ သိပ်မဝေးဘူးပေါ့။ အဲဒီက တိုင်းတာ ၂၀၁ လို့တော့ ပြောတယ်။ မနေ့ကတော့ ဆိုးတယ်၊ နေတွေ ဘာတွေ မမြင်ရဘူး”ဟု ဆိုသည်။

ယခင်နှစ်များတွင် ထိုင်းနယ်စပ်မှ မီးခိုးမြူ ပျံ့လွင့်မှုသည် ယခုလောက် အခြေအနေ မဆိုးရွားကြောင်း တာချီလိတ်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့် ကလည်း ပြောသည်။

ဦးခင်မောင်တင့်က“အရင်နှစ်တွေ ထက်စာရင် ဒီနှစ်က ၂ ဆလောက် ပိုဖြစ်တယ်။ အရင်က လေထု အရည်သွေး အညွှန်း ကိန်းက  ၁၃၀ ၊ ၁၄၀ ဝန်းကျင်မှာ ရှိတယ်။ အခုက တာချီလိတ် တခရိုင်လုံး နီးပါး ခံစားနေရတာ၊ အရင်နှစ်တွေက တခရိုင် လုံးကို မရောက်ဘူး”ဟု ပြောသည်။

လေထု အရည်အသွေး အညွှန်းကိန်း မြင့်နေသဖြင့် မီးခိုးငွေ့နှင့် သက်ဆိုင်သည့် ရောဂါဖြစ်၍ ဆေးရုံဆေးခန်း သွားရ ခြင်း မျိုး မရှိသော်လည်း မျက်လုံးကျိန်းစပ်ခြင်းနှင့် အနံ့အသက် ဆိုးရွားခြင်းများကို ခံစားနေရကြောင်း ဒေသခံများက ဆိုသည်။

လေထု ညစ်ညမ်းမှု လျော့နည်းစေရန် အတွက် တာချီလိတ်မြို့ပေါ်တွင် နေ့စဉ် နံနက်၊ နေ့လယ်နှင့် ညနေပိုင်းတို့တွင်  မီးသတ် ယာဉ် ၆ စီးဖြင့် ရေဖြန်းသည့် လုပ်ငန်းများကို လုပ်ကိုင်နေကြောင်းနှင့် ကျန်းမာရေး အသိပညာ ပေးမှုများကိုလည်း ပြုလုပ် လျက် ရှိကြောင်း တာချီလိတ် ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading