ကော့သောင်းမြို့နယ်တွင် ဖမ်းမိသည့် ကျပ် ၃၄ ဘီလီယံကျော်ဖိုး ICE မူးယစ်ဆေးများ တင်ဆောင် လာသည့် လှေပိုင်ရှင် အား ဖမ်းမိထားသော်လည်း အဓိကပို့ဆောင်ခိုင်းခဲ့သည့် တင်ဆန်းဦး ဆိုသူကိုမူ ဖမ်းမမိသေးကြောင်း ကော့သောင်းမူးယစ် တပ်ဖွဲ့စုထံမှ သိရသည်။
မတ်လ ၂၄ ရက်နေ့က တပ်မတော်(ရေ)မှ ကော့သောင်းမြို့နယ် မြောက်တော်ဝင်ကျွန်း အနောက်ဘက် ရေမိုင် ၂၀ ခန့်တွင် လှေပေါ်ပါသူ ၇ ဦးနှင့်အတူ ကျပ်သန်းပေါင်း ၃၄၇၄၀ သန်းတန်ဖိုးရှိ ICE မူးယစ် ဆေး ၁၇၃၇ ထုပ်(၁၇၃၇ ကီလိုဂရမ်ခန့်) အား တင်ဆောင်ထားသည့် စက်လှေတစင်အား ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
ကော့သောင်းမြို့နယ်ရှိ မူးယစ်တပ်ဖွဲ့စု(၃၄)မှ ရဲအုပ်အောင်လင်းဦးက “စက်လှေပိုင်ရှင်ဆိုတဲ့ ဒေါ်မိုးမိုး ကိုတော့ သူနေတဲ့ နေရာမှာပဲ ဖမ်းမိသွားပြီ။ ချုပ်ရမန်ကိုတော့ ဂွမှာပဲယူလိုက်တယ်၊ ကျန်တဲ့ တင်ဆန်းဦးကိုတော့ မမိသေးဘူး။ မူးယစ်ဗဟို ကတော့ နယ်မြေမှာ ရှိတဲ့ အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး လုပ်နေပါပြီ” ဟု ဧရာဝတီသို့ပြောသည်။
မူးယစ်ဆေးများ တင်ဆောင်ထားသည့် စက်လှေပေါ်ပါ ၇ ဦးမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီး ကျွန်း မြို့နယ်မှ ရေလုပ် သားများ ဖြစ်သည့် ဦးမင်းသိန်း၊ ဦးချစ်လွင်၊ ဦးမင်းဇော်၊ ဦးအောင်စိုး၊ ငပုတောမြို့နယ်နေ ဦးဇော်ဝင်း၊ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဆတ်သွားကျေးရွာနေ ဦးစိန်ဝင်းမောင်နှင့် ကျော်သူဇင်တို့ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးထားသူများအား စစ်ဆေးချက်အရ စက်လှေမှာ ရခိုင်ပြည်နယ် ဂွမြို့နယ်၊ ဆတ်သွားကျေးရွာ တွင်နေထိုင်သည့် ဒေါ်မိုးမိုးလွင်(ခ) မိုးမိုးက ပိုင်ဆိုင်ပြီး မူးယစ်ဆေးဝါးများအား ၎င်းနှင့်ကွဲနေသည့် ခင်ပွန်းဖြစ်သူ တင်ဆန်းဦးဆိုသူက မတ်လ ၂၀ ရက်နေ့တွင် တင်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ လက်ကိုင်ဖုန်းတွင် အမှတ်အသားပြထားသည့် မလေးရှားနိုင်ငံ နှင့် အင်းဒိုနီးရှာနိုင်ငံတို့အကြား ရေပြင် နေရာအား ပို့ဆောင်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ကော့သောင်းရဲတပ်ဖွဲ့ထံကသိရသည်။
ထိုသို့ မူးယစ်ဆေးဝါးများအား ပို့ဆောင်ခအနေဖြင့်လည်း တဦးလျှင် ကျပ် ၁၀ သိန်းရရှိကြောင်း လည်း ၎င်းတို့က ထွက်ဆိုထားကြောင်း သိရသည်။
စုံစမ်းဆဲ ဖြစ်သည့် တင်ဆန်းဦးဆိုသူသည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်၊ ကံသာဇေယျုံ ကျောင်းလမ်း တွင် လည်း နေထိုင်သူ တဦးဖြစ်ကြောင်း၊ ၎င်းအား ဖမ်၍ မိမမိကို မသိရသေးကြောင်း ကော့သောင်းမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်မိုးက ယနေ့မွန်းလွဲပိုင်းတွင် ပြောသည်။
ကော့သောင်းရဲစခန်းမှူး ဒုရဲမှူး အောင်မိုးက “ ကျန်တဲ့တရားခံတွေ ဖမ်းမိ မမိ ကျနော်လည်း မသိ သေးဘူး၊ မူးယစ်ဘက် ကတော့ ဘာမှမပြောသေးပါဘူး”ဟု ယနေ့မွန်းလွဲပိုင်းက ရှင်းပြသည်။
တင်ဆန်းဦးဆိုသူနှင့် ပတ်သက်၍ မရမ်းကုန်းမြို့မရဲစခန်းသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင် ယနေ့မွန်းလွဲပိုင်း အထိ ကော့သောင်း မူးယစ်အမှုမှ ကွင်းဆက်တရားခံအား ဖမ်းဆီးထားခြင်း မရှိ သေးကြောင်းနှင့် လက်ရှိတွင် မူးယစ်အမှု ဖြင့် ဖမ်းဆီးထားသူများတွင် တင်ဆန်းဦးဆိုသူ မပါဝင် ကြောင်း စခန်းတာဝန်ရှိသူတဦးက ပြန်လည်ရှင်းလင်းထားသည်။
ဂွမြို့နယ် ဆတ်သွားကျေးရွာတွင် နေထိုင်သူ တဦးက ဖမ်းဆီးထားသည့် ဒေါ်မိုးမိုးဆိုသူသည် ဆတ်သွားကျေးရွာတွင် နေထိုင်ပြီး ငါးအရောင်းအဝယ်ဒိုင် ဖွင့်လှစ်လုပ်ကိုင်နေသူတဦးဖြစ်ကာ ယနေ့မတ်လ ၂၆ ရက်နေ့ မနက်အစောပိုင်းက လာရောက် ဖမ်းဆီးသွားသည်ကို တွေ့ရကြောင်း ဧရာဝတီသို့ပြောသည်။
မူးယစ်ဆေးများနှင့်အတူ ဖမ်းမိခဲ့သည့် ၇ ဦးကိုလည်း မူးယစ်တပ်ဖွဲ့မှ ကော့သောင်းမြို့မရဲစခန်းသို့ ယနေ့မနက်ပိုင်းတွင် လွှဲပြောင်းခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင် ရာဥပဒေ ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်ကာ ချုပ်ရမန်ရယူခဲ့ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှု့ရန်
ကော့သောင်းတွင် ICE မူးယစ်ဆေး ကျပ် ၃၄ ဘီလီယံကျော်ဖိုး ဖမ်းမိ