ထောက်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရသည့် Reuters သတင်းထောက်၂ ဦး ဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ အတွက် အမှု ပြင်ဆင်ပေးရန် ယနေ့ နေပြည်တော်ရှိ ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရုံးသို့ အပြီးသတ် လျှောက် လဲချက်ကို ၎င်းတို့၏ ရှေ့နေများ က တင်သွင်းကြသည်။
Reuters သတင်းထောက်များ ဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ၂ ဦးကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃(၁) (ဂ) ဖြင့် ရန်ကုန် မြောက်ပိုင်း ခရိုင် တရားရုံးက ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃ ရက်တွင် ထောင်ဒဏ် ၇ နှစ်စီ အမိန့် ချမှတ်ခဲ့သည်။
ယင်းပြစ်ဒဏ်ကို ဥပဒေကြောင်း အရ ပြင်ဆင်နိုင်ရန် မျှော်လင့်ချက် ရှိသေးကြောင်း Reuters သတင်းထောက် ၂ ဦး၏ ရှေ့နေ ဦးခင်မောင်ဇော်က ယနေ့ နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
ရှေ့နေ ဦးခင်မောင်ဇော်က“မျှော်လင့်တယ် ဆိုတာက ဥပဒေနဲ့အညီ လူ့ လွတ်လပ်ခွင့်နဲ့ သတင်း လွတ်လပ်ခွင့်တို့ရဲ့ အမြင်အရ ဆိုရင်တော့ တော်တော်ကြီးကို မျှော်လင့်တာပေါ့ဗျာ။ အရင်တုန်းကလည်း ကျနော်တို့က အဆုံးစွန် မျှော် လင့် တာပေါ့။ အရာရာ ဘယ်လိုမှ မခန့်မှန်းနိုင်သေးတဲ့ အချိန်မှာ မျှော်လင့်ချက် ရှိတယ်ပဲ ပြောရမှာပေါ့”ဟု ပြော သည်။
ယနေ့တွင် ရှေ့နေများက ၂၆ မျက်နှာ ရှိသည့် ပြင်ဆင်ချက် အကြောင်းပြချက် ၁၃ ချက် တင်ပြခဲ့ပြီး စီရင်ထုံးများကို လည်း ပြည်တွင်းရှိ စီရင်ထုံးများသာမက စင်ကာပူနှင့် အိန္ဒိယနိုင်ငံတို့ရှိ စီရင်ထုံးများကိုပါ ကိုးကား တင်ပြခဲ့ရာ တရား ရုံးချုပ်က လက်ခံခဲ့ကြောင်း၊ နိုင်ငံတကာ ပုံစံအရ ၎င်းတို့ နိုင်ငံတွင် မည်သို့ စီရင်ခဲ့သည်ကို သိရှိစေလို၍ ဖြစ်ကြောင်း သိရသည်။
ဦးခင်မောင်ဇော်က“စင်ကာပူ စီရင်ထုံးနဲ့ အိန္ဒိယ စီရင်ထုံးတွေရဲ့ အနှစ်သာရက ဘာလဲဆိုတော့ အစိုးရ လျှို့ဝှက်ချက် ဥပဒေဟာ သတင်းထောက်တွေရဲ့ သတင်း ရယူခွင့်နဲ့ ပဋိပက္ခ ဖြစ်လာရင် သတင်းထောက်တွေရဲ့ သတင်း ရယူခွင့် က လွှမ်းမိုးတယ် ဆိုတာ အဲဒီလို ဆုံးဖြတ်တယ်။ အောက်ရုံးက အပြစ်ပေးထားတာတွေ အကုန်လုံးကိုလည်း ပယ်ချ ပစ် တဲ့ စီရင်ထုံးတွေ။ အဲဒါကို တင်ပြတာ လက်ခံပါတယ်”ဟု ဆိုသည်။
ယနေ့ နေပြည်တော်ရှိ တရား လွှတ်တော်ချုပ်ရုံးသို့ Reuters သတင်းထောက်၂ ဦး၏ ဇနီးနှင့် ကလေးငယ်များပါ လာရောက်ကြပြီး ယနေ့အမှု ကိစ္စမှာ ဥပဒေကြောင်း အရ ရှုပ်ထွေးသဖြင့် နားမလည်သော်လည်း မိသားစု ပြန်လည် ပေါင်းဆုံလိုကြောင်း ကိုဝလုံး၏ ဇနီးဖြစ်သူ မပန်းအိက သတင်းထောက်များကို ပြောသည်။
မပန်းအိက“သူတို့ ၂ ယောက်လည်း ဒီနေ့ တရားလွှတ်တော်ချုပ်မှာ အမှု ရင်ဆိုင်ရမယ် ဆိုတာကို သိပါတယ်။ သူတို့ ၂ ယောက် စလုံးကလည်း အကောင်းဆုံး ဖြစ်လိ့မ်မယ်လို့ မျှော်လင့်ပါတယ်။ ၂ ယောက်လုံးလည်း ကျန်းမာရေး ကောင်း ပါတယ်”ဟု ပြောဆိုသည်။
ကိုကျော်စိုးဦး၏ ဇနီးဖြစ်သူ မချစ်စုကလည်း“အခြေအနေကတော့ အမြန်ဆုံး ပြန်ဆုံနိုင်လိမ့်မယ်လို့ မျှော်လင့်ထား တယ်။ ဘာပဲဖြစ်ဖြစ် စိတ်ကူးတွေ ယဉ်ထားတာပေါ့။ အမြန်ဆုံး ပြန်တွေ့ရလိ့မ်မယ်လို့။ ဒီအယူခံလည်း နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
မြောက်ပိုင်း ခရိုင် တရားရုံး၏ ပြစ်ဒဏ်ကို မကျေနပ်သဖြင့် အယူခံကို ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်ရုံးသို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၅ ရက်က တင်ပြခဲ့သော်လည်း ပယ်ချခံခဲ့ရသဖြင့် ယခုအခါ ဗဟိုအထိ လာရောက် ကြိုးပမ်း ခဲ့ ခြင်း ဖြစ်သည်။
ရှေ့နေ ဦးခင်မောင်ဇော်က“ဥပဒေ အချက်အလက်နဲ့ အတိအကျ ပြောရရင် တခါတလေ ကျတော့လည်း ဒီအမှုက ဒါက ပြင်ဆင်မှု။ ပြင်ဆင်မှု ဖြစ်တဲ့အတွက် သက်သေခံ အထောက်အထား ဆိုတာထက် ဥပဒေ အထောက်အထားနဲ့ ပြောတာ။ ပြင်ဆင်မှု ဆိုတာက အောက်ရုံးမှာ ဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့ အဲဒီ တချက်တည်းနဲ့ နိုင်နိုင်တာတွေ ရှိပါတယ်”ဟု ပြောသည်။
ယခု အယူခံသည် အနည်းဆုံး ၃ လခန့် ကြာမြင့်နိုင်ပြီး စီရင်ချက်ကို တရားလွှတ်တော်ချုပ် Website တွင် ဖော်ပြ လေ့ ရှိကြောင်း၊ တရားရုံးတွင် ဥပဒေ အကြံပေး ရှိပြီး ရာဇဝတ် ညွှန်မှူးတို့နှင့် တရားသူကြီးက တိုင်ပင်ပြီး တရားသူကြီး ကိုယ်တိုင် ပလပ်မည်လား၊ လက်ခံမည်လား ဆိုသည်ကို ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရသည်။
Reuters သတင်းထောက် ၂ ဦးကို လွှတ်ပေးရန် ကမ္ဘာတဝန်းရှိ လူ့အခွင့်အရေး အဖွဲ့ ၅၀ ကျော်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့ ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာ တစောင် လည်း ပေးပို့ထားသည်။
Reuters သတင်းထောက် ၂ ဦးသည် ရဲတပ်ဖွဲ့ ဘက်မှ ချိန်းဆိုမှုကြောင့် သွားရောက် တွေ့ဆုံခဲ့စဉ် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ဖြစ်စဉ်များနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ လက်ဝယ် တွေ့ရှိမှုဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် ညက ရန်ကုန်တိုင်း ထောက်ကြန့် နယ်မြေ ရဲစခန်း၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။