ယခုနှစ် သင်္ကြန် ရေကစားမဏ္ဍပ် လျှောက်ထားမှု ပြီးခဲ့သည့်နှစ်ထက် လျော့နည်းနေသည့် အပြင် လျာထား အရေအတွက် ထက်လည်း လျော့နည်းနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) က သိရသည်။
ရန်ကုန်မြို့တလျောက် ၃၅ နေရာ လျာထားသော်လည်း မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်လွှာ ၂၈ ခုသာ လာရောက် လျှောက်ထားကြောင်း၊ ယခုနှစ် မဏ္ဍပ် လျှောက်ထားရက် နောက်ဆုံးမှာ မတ်လ ၂၅ ရက် ဖြစ်ကြောင်း YCDC တွဲဖက် အတွင်းရေးမှူး ဦးသန်းက ပြောသည်။
ထို့ပြင် ပြီးခဲ့သည့်နှစ် သြင်္ကန် ရန်ကုန်တွင် မဏ္ဍပ် အကြီး၂၃ ခုနှင့် မဏ္ဍပ် အလတ် ၁၃ ခု ဆောက်လုပ်ခဲ့ကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီက သိရသည်။
ဦးသန်းက“အရင်နှစ်က အားလုံးမှ ၃၅ ခု။ အခုချိန်ထိကတော့ မနှစ်ကထက် နည်းနည်း နည်းသွားတာပေါ့”ဟု ပြောသည်။
ယခုနှစ် သြင်္ကန်တွင် ဆောက်လုပ်ရန် အတွက် မဏ္ဍပ်အကြီး ၁၈ ခုနှင့် မဏ္ဍပ်အလတ် ၁၀ ခု အပြင် လမ်းလျှောက် သြင်္ကန် ၄ ခုလည်း လျှောက်ထားကြောင်း YCDC က သိရသည်။
“လျှောက်လွှာ တင်သွင်းတာက ၃၂ စောင်၊ မဏ္ဍပ်အကြီးက ၁၈ စောင် မဏ္ဍပ် အလတ်က ၁၀ စောင် လမ်းလျှောက် သြင်္ကန် က ၄ စောင် စုစုပေါင်း ၃၂ စောင် ရှိတယ်။ လမ်းလျှောက်သြင်္ကန် ၅ ခုမြောက်က YCDC က လုပ်မယ့်ဟာ။ အပြင်က လျှောက်လွှာက ၄ ခု။ ရခိုင်သြင်္ကန် အပါအဝင် ဆိုရင်တော့ ၃၃ ပေါ့”ဟု ဦးသန်းက ဆိုသည်။
မဏ္ဍပ် အကြီး ဆောက်လုပ်ရန် လျှောက်ထားပါက စပေါ်ငွေ ကျပ်သိန်း၂၀၀ နှင့် အလတ်များ အတွက် စပေါ်ငွေ ကျပ်သိန်း ၁၀၀ ပေးသွင်းထားရမည် ဖြစ်ပြီး မဏ္ဍပ် အကြီးများ အတွက် မြေ အသုံးပြုခ ၇၀၀၀၀ ကျပ်၊ အလတ်များ အတွက် ၅၀၀၀၀ ကျပ်နှင့် သန့်ရှင်းရေး ဆောင်ရွက်ခ အနေဖြင့် မဏ္ဍပ် အကြီးများ အတွက် ၁ သိန်း၊ အလတ်များ အတွက် ၄၀၀၀၀ ၊ အသေး များ အတွက်၂၀၀၀၀ သတ်မှတ်ထားကြောင်း စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။
နှစ်စဉ် မဏ္ဍပ် လုပ်ကိုင်နေသည့် Barrack မဏ္ဍပ် စီစဉ်သူ တဦးက“မဏ္ဍပ် လျှောက်တော့ လျှောက်ထားတယ်။ ပြန်တော့ မကျ သေးဘူး။ ဆောက်တာကတော့ နှစ်တိုင်း ဒီအချိန်ပဲ လုပ်နေတာ ဆိုတော့ အဆင်ပြေပါတယ်။ ဒီလိုပဲ ကြိုးစားပြီး လုပ်နေ ရတာပါပဲ။ လက်မှတ်တွေလည်း ရောင်းတော့ ရောင်းနေရပါတယ် ပုံမှန်ပါပဲ”ဟု ဆိုသည်။
သြင်္ကန်တွင်းကာလ အတွက် မဏ္ဍပ်များတွင် ကော်မတီပိုင် ရေပိုက်မှ ရေသွယ်ယူပါက ၁ လက်မ ပိုက် အတွက် ကျပ် ၂ သိန်း၊ ၁ လက်မခွဲပိုက်ကို ၃ သိန်း၊၂ လက်မ ပိုက် ၄ သိန်းကျော် ပေးသွင်းရမည် ဖြစ်ပြီး ကန်တော်ကြီး နှင့် အင်းလျားကန်မှ ရေများ ကို သွယ်ယူ အသုံးပြုမည် ဆိုလျှင် ၃ လက်မ ပိုက် အတွက် ၄ သိန်း၊ ၄ လက်မ ပိုက် အတွက် ၆ သိန်းခွဲ၊ ၆ လက်မ ပိုက် အတွက် ကျပ် ၁၀ သိန်း ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။