မတ် ၂၅ ရက် နေပြည်တော်၌ ကျင်းပသည့် တပ်မတော်၏ သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်တွင်း AA စစ်သားများမှာ အားကစားဝတ်စုံများ ဝတ်ကာ လှုပ်ရှားပြီး တပ်မတော်ကို တိုက်ခိုက်နေကြောင်း ပြောဆိုလိုက်ခြင်းသည် တပ်မတော်က အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းအား တရားဝင်စေရေး ကြိုးပမ်းမှုအဖြစ် ရခိုင်လူမျိုး အသိုင်းအဝိုင်းကြား ဝေဖန်မှုများ မြင့်တက်လာစေသည်။
နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက AA စစ်သားများ အရပ်သားယောင်ဆောင်ပြီး လှုပ်ရှားမှုများ ရှိနေသည်ဟု ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “အားကစားအကျီ ၊ အားကစားဘောင်းဘီအနက် အရှည်တွေ ဖြစ်လာတယ်။ ရွာထဲမှာ တွေ့ရင် အဲ့ပုံစံမျိုးတွေပဲ ။ အဲ့ပုံစံမျိုးနဲ့ပဲ ထပစ်တယ်။ အဲ့ပုံစံမျိုးနဲ့ပဲ မိုင်းထောင်တယ်။ လမ်းပေါ်မှာ မိတဲ့ မိုင်းထောင်တဲ့ လူမှန်သမျှသည် အဲ့ပုံစံမျိုးတွေပဲ ဖြစ်လာတယ်။ ရွာနားလေးမှာ မိတာတွေလည်း အားကစား ဘောင်းဘီ၊ အားကစားအကျီပုံစံမျိုးတွေနဲ့ ဖြစ်လာတာရှိတယ်”ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ဧရာဝတီမှ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်မှာ အရပ်သား ၂၅ ဦးကို ဆက်သွယ် မေးမြန်းရာ တပ်မတော်၏ ပြောဆိုချက်ကို လက်မခံနိုင်ပါဟု ပြောဆိုကြသည်။
မြောက်ဦးမြို့တွင် နေထိုင်သည့် ဦးခိုင်ကျော်သန်းက “တပ်မတော်ဘက်က ပြောတာကို သတင်းဌာနတွေက Live လွှင့်တာမှာ ကျနော်တို့ ကြည့်ရပါတယ်။ အဲ့မှာ အားကစားဝတ်စုံဝတ်ရင် AA လို့ ပြောတဲ့ အပေါ် တော်တော် တုန်လှုပ်ပါတယ်။ ဒါဟာ အရပ်သားတွေကိုပါ ပစ်မှတ်ထားနေတာလို့ ကျနော်တို့ ခံစားရပါတယ်” ဟု ပြောသည်။
တပ်မတော်သတင်းစာရှင်းလင်းပွဲ ကျင်းပနေချိန် မတ် ၂၅ ရက် နေ့လည်ပိုင်းတွင် ရသေ့တောင်မြို့နယ် အမျက်တောင် ကျေးရွာအနီး ကူးတို့လှေသမား ရခိုင်လူငယ်တဦး လှေပေါ်တွင် ပစ်သတ်ခံခဲ့ရသည်။ သေဆုံး သွားသည့် ကူးတို့လှေသမားမှာ အဝါရောင် အားကစားအင်္ကျီ ဝတ်ဆင်ထားသည်။
ကျောက်တော်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်က ရခိုင်ပြည်နယ်တွင်း ကျေးရွာ များရှိ အရပ်သားများမှာ တောတောင်ချောင်းမြောင်းများကို မှီခိုကာ အသက်မွေးဝမ်းကျောင်း ပြုနေကြသူ ပိုများ ပြီး ၎င်းတို့မှာ အလုပ်လုပ်ကိုင်ရာတွင် ပေါ့ပါးစေရန် အားကစားဘောင်းဘီများ၊ အကျီများ ဝတ်ဆင်ကြသည်မှာ ပုံမှန် ဖြစ်သောကြောင့် တပ်မတော်၏ ကောက်ယူချက်မှာ တုန်လှုပ်ထိတ်လန့်ဖွယ် ဖြစ်ကြောင်း ဆိုသည်။
“သီးသန့်မမြင်ပဲ ရောမြင်တာ တဖက်က မှားတယ်ပေါ့နော်။ နောက် စက်လှေနဲ့ ပစ်သတ်လိုက်တဲ့ ဟာကလည်း အင်မတန်မှ ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ အဲ့ပုဂ္ဂိုလ်က ရိုးရိုးသားသား လုပ်ကိုင်စားသောက်ပြီး ကိုယ့်ဒေသ ကိုယ် ပြန်ဖို့ လုပ်နေတာ အပြစ်မရှိပဲ ပစ်သွားတာက ပြည်သူဘက်က ကျနော်တို့ ခံစားရပါတယ်” ဟု ပြော သည်။
AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ရခိုင်ပြည်နယ်အတွင်း အားကစားဝတ်စုံ ဝတ်ဆင်တိုင်း AA စစ်သားဟု စွပ်စွဲခြင်းမှာ အရပ်သားများကို ပစ်မှတ်ဖြစ်လာနိုင်သဖြင့် လက်မခံနိုင်ပါဟု ပြောဆိုသည်။
မတ်လတွင်း အရပ်သားများ နေထိုင်သည့် မြို့၊ရွာများကို တိုက်ပွဲမရှိဘဲ တပ်မတော်မှ အရပ်သားများကို ပစ်မှတ် ထားကာ ပစ်ခတ်နေခြင်းများကို ဖုံးကွယ်ချင်သဖြင့် ယခုကဲ့သို့ စွပ်စွဲနေခြင်းဖြစ်သည်ဟုလည်း ဦးခိုင်သုခက ဆိုသည်။
ဆက်လက်၍ ဦးခိုင်သုခက “သူတို့ သတ်ဖြတ်ထားတဲ့ အရပ်သားတွေကို ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ချင်လို့ အခုလို ပြောနေတာ။ ကျနော်တို့က အရပ်သားတွေကို အကာအကွယ်ယူပြီး လုပ်တာ လုံးဝကို မရှိဘူး။ ကျနော်တို့ ပြည်သူကို ဗမာစစ်တပ်ထက် ပိုချစ်တယ်။ ကျနော်တို့ ပြည်သူ ထိခိုက်မယ့် အလုပ်ကို ကျနော်တို့ မလုပ်ဘူး”ဟုလည်း ဆိုသည်။
ရခိုင်ပြည်နယ်တွင်း ရခိုင်လူမျိုးများမှာ စားဝတ်နေရေး၊ လူ့အခွင့်အရေး အဘက်ဘက်မှာ အခွင့်အရေးများ ဆုံးရှုံးနေပြီး လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားရာတွင်လည်း အရပ်သားများ လုံခြုံရေးပိုင်း ကာကွယ်ပေးမည့်သူ မရှိဟု ဦးမောင်သန်းစိန်က ပြောသည်။
မတ် ၂၁ ရက်၊ ဘူးသီးတောင်မြို့နယ်၊ စည်တောင်ကျေးရွာတွင် ဗုံးခိုကျင်းအတွင်း ဝင်ပုန်းနေသည့် အရပ်သား ၅ ဦး သေဆုံးမှုမှာလည်း ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးခြင်း မဖြစ်နိုင်ကြောင်း ဦးမောင်သိန်းစိန်က ဆိုသည်။
“ကျင်းတကျင်းထဲမှာ လူ ၅ ယောက်လုံး သေတာ ကွက်ကွက်ကွင်းကွင်းကို စဉ်းစားလို့ ရပါတယ်။ ကျနော်တို့ ကလေးတွေ မဟုတ်ပါဘူး။ ဘယ်သူတွေ ဖြစ်နိုင်လဲ။ ဘယ်သူတွေ ပစ်သတ်သွားတယ်ဆိုတာ ရှင်းရှင်း လင်းလင်း မြင်ရမှာ ဖြစ်ပါတယ်။ လုံခြုံရေးနဲ့ ပတ်သတ်လို့ အရင်ကလည်း မရှိဘူး။ အခုလည်း မရှိဘူး အခုပိုဆိုးတယ်” ဟု ဦးမောင်သန်းစိန်က ပြောသည်။
မတ်၁၈ ရက် ၊ မြောက်ဦးမြို့တွင်း ညပိုင်းပစ်ခတ်မှုကြောင့် အရပ်သား ၇ ဦး ကျည်ထိ၊ ဒဏ်ရာရပြီး လက်နက်ကြီးကျည် ကျသဖြင့် အိမ်တလုံးမီးလောင်သွားသည်။
ထိုပစ်ခတ်မှုမှာ မျက်မြင်တွေ့ခဲ့ရသည့် အရပ်သားများက တပ်မတော်က လူနေအိမ်များကို ကားပေါ်မှ ပစ်ခတ်သွားခြင်းဖြစ်ပြီး AA က မြောက်ဦးမြို့တွင်း တိုက်ပွဲလုံးဝ မရှိပါဟု ငြင်းဆိုသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးက မြောက်ဦးမြို့တွင်း ပစ်ခတ်မှုမှာ AA ဘက်မှ စတင်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ရခြင်း ဖြစ်သည်ဟု ပြောဆိုထားသည်။
ဘူးသီးတောင်မြို့နယ်၊ စည်တောင်ရွာတွင်လည်း တဖက်သတ်ပစ်ခတ်မှု မဟုတ်ပဲ တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည် ဟု မတ် ၂၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
စည်တောင်ရွာသို့ ကွင်းဆင်းခဲ့သည့် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်းရွှေကမူ ရွာကို တပ်မတော်မှ ဝိုင်းဝန်းပစ်ခတ်ခြင်း ဖြစ်ပြီး ၎င်းတို့ သွားရောက်စဉ် ကိုယ်တိုင်မြင်တွေ့ခဲ့ရပါသည်ဟု ဧရာဝတီကို ပြောဆို ထားသည်။
အစိုးရ၊ တပ်မတော်နှင့် AA သည် အပစ်အခတ်ရပ်စဲရေးစာချုပ် တခုချုပ်ဆိုနိုင်ရေးအတွက် ညှိနှိုင်းမှုများ ရှိသော်လည်း ပြေလည်ခြင်း မရှိသေးပါ။
တပ်မတော်က AA ကို အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဟု သတ်မှတ်ထားဆဲ ဖြစ်သည်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်မှ စတင်ခဲ့သည့် တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း အရပ်သား တသောင်းကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး စစ်ဘေးရှောင် ဒုက္ခသည်များ ဖြစ်နေသည်။