နေပြည်တော်ရှိ လမ်းမကျယ်ကြီးများတွင် ဖြတ်သန်း သွားလာနေသည့် ကျွဲ၊ နွားများကို ဖမ်းဆီး ထိန်းသိမ်းမည့် အချုပ် ထောင် တည်ဆောက်ရန် စီစဉ်နေကြောင်း တိရစ္ဆာန် ဆေးကုနှင့် သားသတ် ရုံများ ဌာနမှ ဌာနမှူး ဦးသိန်းနိုင်က ပြောသည်။
နေပြည်တော် စည်ပင် ဧည့်ရိပ်သာတွင် မတ်၂၆ ရက်က ပြုလုပ်သည့် ခွေးဂေဟာ တည်ဆောက်ရေးနှင့် ခွေးလေ ခွေးလွင့် တိုးပွားရေး မျိုးထိန်းစနစ် ဆောင်ရွက်မည့် တွေ့ဆုံ ဆွေးနွေးပွဲ ခတ္တ ရပ်နားချိန်တွင် မီဒီယာများကို ပြောခြင်းဖြစ်သည်။
၎င်းက “နေပြည်တော်ကို နိုင်ငံတကာက ပုဂ္ဂိုလ်တွေ လာနေတဲ့မြို့ ဖြစ်တဲ့ အတွက် ဒါက မဖြစ်မနေ လုပ်ရမယ့် ကိစ္စပါ” ဟု ပြောသည်။
လက်ရှိတွင် လမ်းဘေး တိရစ္ဆာန် ထိန်းသိမ်းရေး အဖွဲ့ ထားရှိသော်လည်း ကျွဲ၊ နွားများကို ဖမ်းဆီး ထိန်းသိမ်းနိုင်မည့် ဥပဒေ ရေးဆွဲ အတည်ပြုပြီး ဖြစ်၍ ယခင် ဖွဲ့စည်းထားသည့် အဖွဲ့ကို ဖျက်သိမ်းရန် စီစဉ်နေကြောင်း ဦးသိန်းနိုင် က ရှင်းပြသည်။
ကျွဲ၊ နွား တိရစ္ဆာန် အချုပ်ထောင် တည်ဆောက်ရန် ဘတ်ဂျက်ကို ၂၀၁၉- ၂၀၂၀ တွင် တင်ပြခဲ့သော် လည်း ဦးစားပေး အစီအစဉ်တွင် ပါရှိခြင်း မရှိ၍ အချုပ်ထောင် မတည်ဆောက်နိုင်သေးကြောင်း ၎င်းက ဆိုသည်။
ထိုသို့ မတည်ဆောက်နိုင်သေးသည့် ကာလ အတွင်း ကော်မတီပိုင် သားသတ်ရုံ အတွင်းရှိ မြေနေရာ အလွတ်၌ လမ်းဘေး ရောက် ကျွဲ၊ နွားများကို ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း၊ အချုပ်ထောင် တည်ဆောက်ရန် အတွက် ဘတ်ဂျက်ကို ဆက်လက် တောင်းခံသွားမည်ဟု ဦးသန်းနိုင်ဦးက ပြောသည်။
နေပြည်တော်သည် အစိုးရ ရုံးစိုက်ရာ မြို့တော် ဖြစ်သည်နှင့် အညီ နိုင်ငံတကာမှ အဆင့်မြင့် အရာရှိများ နှင့် နိုင်ငံခြား ဧည့်သည်များ မကြာခဏ လာရောက်ကြရာ ထိုသို့ လာရောက်စဉ် လမ်းမပေါ်နှင့် လမ်းဘေးများတွင် ကျွဲ၊ နွားများ သွား လာနေသည်ကို မကြာခဏ ကြုံတွေ့နေ သဖြင့် မြို့အင်္ဂါရပ်နှင့် ကိုက်ညီမှု ရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နေ ပြည်တော် စည်ပင် သာယာရေး ကော်မတီက သိရသည်။
ဦးသိန်းနိုင်က “ဟိုတလောက ဆိုရင် နေပြည်တော် လေဆိပ်က အထွက်မှာ ထိုင်းသံ အမတ်ကြီးရဲ့ကား နဲ့ ကျွဲ တိုက်မိတဲ့ ကိစ္စတွေရင် ကျနော်တို့ တိုင်းပြည် အနေနဲ့လည်း သိပ်ပြီးတော့ မကောင်းဘူးပေါ့” ဟု ပြောသည်။
ထို့ကြောင့် နေပြည်တော် စည်ပင်သာယာရေး အက် ဥပဒေ ပုဒ်မ ၂၆ နှင့် လမ်းမကြီးများ အပေါ် ဖြတ် သန်း သွားလာသည့် ကျွဲ၊ နွားများကို ၁၄ ရက် အထိ ဖမ်းဆီး ထိန်းသိမ်းသွားမည် ဖြစ်ကာ ၁၄ ရက် အကြာ (၂ပတ်) အတွင်း လေလံဆွဲသည့် စနစ်ကို ပြုလုပ်၍ အဆိုပါ ၂၈ ရက် အတွင်း ပိုင်ရှင်က လာ မရွေးပါက ရောင်း၍ အဖွဲ့ပိုင် ရန်ပုံငွေ အဖြစ် ထားရှိသွားမည် ဖြစ်ကြောင်း နေပြည်တော် စည်ပင် သာယာရေး ကော်မတီက ပြောဆိုသည်။
နေပြည်တော်ရှိ ကျန်းမာရေး ဝန်ကြီးဌာနမှ အရာရှိ တဦးကလည်း “ညနေဘက်တွေ မောင်းရင် အရမ်း ဂရုစိုက်ရတယ်။ လမ်းဘေးမှာ ကျွဲတွေ နွားတွေ သွင်းချိန်ဆို တခါတလေ ကားဖြတ်တဲ့အခါကျမှ ကားလမ်းပေါ် ပြေးလာပြီး ဖြတ်တာမျိုး တွေ ရှိတယ်။ အဲဒီလိုမျိုးတွေ မကြခဏ ကြုံရတယ်”ဟု ဧရာတီသို့ ပြောသည်။
ထို့ပြင် နေပြည်တော် လမ်းမကြီးများ အပေါ်၌ ကျွဲ၊ နွားများ ဖြတ်သန်းသွားလာမှုကြောင့် ခရီသွား ပြည်သူများ အတွက် အနှောင့်အယှက်များ ဖြစ်ပေါ်မှုများနှင့် ယာဉ်မတော်တဆမှုများလည်း မကြာ ခဏ ဖြစ်ပွားလျက် ရှိကြောင်း အမြန်လမ်း အသုံးပြုသူများ ဆိုသည်။
နေပြည်တော် စည်ပင် သာယာရေး ကော်မတီ အနေဖြင့် ကျွဲ၊ နွားများ လမ်းမပေါ်တွင် မဖြတ်သန်းရန် သတိပေးမှုများ ပြု လုပ်ခဲ့သော်လည်း နေပြည်တော် စတင် တည်ဆောက်ကတည်းက ကျေးရွာနှင့် လယ်ယာ ကိုင်းကျွန်းမြေများ ဖြစ်ခြင်းနှင့် လက်ရှိတွင်လည်း မြို့၏ ပတ်ဝန်းကျင်၌ ကျေးရွာများ တည်ရှိနေကာ ယင်းရွာများမှ မွေးမြူထားသည့် ကျွဲ၊ နွားများ လမ်းမ အနီး တဝိုက်သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။