နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ္ပလန် (NSCN-K)မှ ခေါင်းဆောင် ၅ ဦးကို စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ရဲစခန်းတွင် ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အနောက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်း ဦးစီးမှူး ဗိုလ်မှူးကြီး သန်းနိုင်က ဧရာဝတီသို့ ပြောသည်။
အနောက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခန္တီးဗျူဟာက NSCN-K ၏ ဌာနချုပ် တကား စခန်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က အာသံနှင့် ကသည်း အိန္ဒိယ သူပုန်များကို ခိုလှုံခွင့်ပေးသည်ဟု ဆိုကာ နယ်မြေရှင်းလင်း ရေး လုပ်ကာ ထိန်းချုပ်လိုက်သည်။
ထိုသို့ ထိန်းချုပ်ပြီး နောက်ပိုင်း NSCN-K ခေါင်းဆောင် ၅ ဦးကို ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။
NSCN-K ခေါင်းဆောင် ၅ ဦးကို မတရားသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့် အရေးယူ ခိုင်းလိုက်ရခြင်း သည် တိုင်းဒေသကြီး အဆင့် ချုပ်ဆို ထားသည့် စာချုပ်ကို ဖောက်ဖျက်ခြင်းနှင့် အိန္ဒိယကို ဆန့်ကျင်နေသည့် အာသံ နှင့် ကသည်း သူပုန်များအား ခိုလှုံခွင့် ပေးခြင်းကြောင့် ဖြစ်သည်ဟု ဗိုလ်မှူးကြီး သန်းနိုင်က ပြောသည်။
“ဟုတ်ပါတယ်။ ကျနော်တို့ကတော့ သူတို့ တိုင်းဒေသကြီးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ တခြား သောင်းကျန်းသူတွေနဲ့ ပတ်သက်မှု မရှိရဘူးပေါ့၊ နံပါတ် ၁ အချက်က။ နံပါတ် ၂ အချက်ကတော့ သူတို့ ကျနော်တို့ တိုင်းဒေသကြီးက သတ် မှတ် ပေးထားတဲ့ နယ်မြေမှာ အိန္ဒိယကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ အာသံ၊ ကသည်းတွေနဲ့ စစ်ရေးအရ ပေါင်းစပ် ညှိနှိုင်း မှုတွေ ရှိတာဖြစ်တဲ့ အတွက် ကျနော်တို့က ၁၇(၁)နဲ့ အရေးယူခိုင်း ထားတာပါ”ဟု ၎င်းက ပြောသည်။
နာဂ အရပ်ဘက် အဖွ့ဲအစည်းများ ပူးပေါင်း၍ တပ်မတော်နှင့် NSCN-K ကြား စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်ပေးရန် နာဂ ငြိမ်းချမ်းရေး အထောက်အကူပြု ကော်မတီ (NPSC)ကို ဖွဲ့စည်း၍ မတ် ၈ ရက်က ခန္တီးမြို့ရှိ နာဂရိုးရာ ယဉ်ကျေးမှု ကွင်း တွင် အစည်းအဝေးလုပ်စဉ် တပ်မတော်က တားဆီးခဲ့ပြီးနောက် မတ် ၉ ရက်နေ့၌ NSCN-K ခေါင်းဆောင် ၅ ဦး ကို တွေ့ဆုံလိုကြောင်း ခေါ်သွားခဲ့ပြီး ယနေ့ချိန်အထိ ပြန်လွှတ် မပေးခဲ့ကြောင်း NSCN-K နှင့် နီးစပ်သူ တဦးက ဧရာဝတီ သို့ ပြောသည်။
“မှန်ပါတယ် ပုဒ်မ ၁၇(၁)နဲ့ တရားစွဲဆိုတာ၊ တရားလို အမည်နာမကတော့ ဘယ်သူဖြစ်မယ် မသိဘူး၊ စစ်တပ်ဘက် က နေ တရားစွဲတယ်လို့ ခြုံပြောရမယ်၊ ထိပ်ပိုင်း ခေါင်းဆောင်တွေက ဦးကျော်ဝမ်းစိန် ပါတယ်၊ ဦးအန်ကန့်ပါတယ်၊ ဒုဗိုလ်မှူးကြီး အောင်စိုင်းပါတယ်၊ ဦးစောထိန်ပါတယ်၊ ဗိုလ်ချုပ် အောင်မိုင်းပါတယ်”ဟုလည်း ၎င်းက ပြောပြသည်။
လက်ရှိတွင် ခန္တီးခရိုင် ရဲတပ်ဖွဲ့ရုံးတွင် သာသနာရေး ဝန်ကြီး ဦးကျော်ဝမ်းစိန် (NSCN-K ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ – ဒုခေါင်းဆောင်)၊ သစ်တောရေးရာ ဝန်ကြီး ဦးအန်ကန့် (NSCN-K ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ – ခေါင်း ဆောင်)၊ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ် အောင်မိုင်း၊ NSCN-K ဗဟို ကော်မတီဝင်များ ဖြစ်သည့် ဦးစောထိန်၊ ဒုဗိုလ် မှူးကြီး အောင်စိုင်း တို့ကို ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ခန္တီးခရိုင် ရဲတပ်ဖွဲ့သို့ ဧရာဝတီက သီးခြား ဆက်သွယ် မေးမြန်းရာ ဖုန်းကိုင် ဖြေဆို ခြင်းမရှိသည့် အတွက် တစုံတရာ အတည်ပြုချက် မရရှိပေ။
ထို့နောက် NSCN-K မှ မည်မဖော်လိုသူ အဖွဲ့ဝင် တဦးကို ဆက်သွယ် မေးမြန်းရာမှာတော့ ပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်ရင် ဖွင့်နိုင်ကြောင်း၊ လက်ရှိမှာ ခန္တီး အချုပ်ခန်းထဲတွင် ရှိပြီး ငြိမ်းချမ်းရေး ဆွေးနွေးနေကြောင်း၊ လွတ်လပ်စွာ နေထိုင်ခွင့် ရရှိ နေကြောင်း ပြောဆိုသည်။
အနောက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး သန်းနိုင်ကတော့ အနာဂတ် အစီအစဉ်နှင့် ပတ်သက် ပြီး လောလောဆယ် မိမိတို့အနေဖြင့် မသိရသေးကြောင်း ပြောသည်။
NSCN-K ဌာနချုပ် တကား စခန်းကို နယ်မြေရှင်းလင်းရေး လုပ်ခဲ့ရခြင်းနှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့၏ ဖေဖော်ဝါရီ ၃ ရက်က ထုတ်ပြန်ချက်တွင် NSCN-K အဖွဲ့အနေဖြင့် စစ်ကိုင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် သဘောတူ ချုပ်ဆိုခဲ့သည့် ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ပဏာမ သဘောတူညီချက် အပိုဒ် (၁)၊ အပိုဒ်ခွဲ (ဂ၊ဃ၊င) တို့အား ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိရ၍ NSCN-K အဖွဲ့အား လိုအပ်သလို ဆက်လက် အရေးယူ ဆောင်ရွက်သွားမည်ဟု ဆိုထားသည်။
ထို့နောက် NSCN-K မှ ခေါင်းဆောင်များကို ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းများ ထွက်ပေါ် လာဖြင်း ဖြစ်သည်။
NSCN-K သည် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ၂၀၁၂ ခုနှစ် ဧပြီ ၉ ရက်က တိုင်းဒေသကြီးအဆင့် အပစ် အခတ် ရပ်စဲရေး စာချုပ် လက်မှတ် ရေးထိုးထားသည့် နာဂ လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက် မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ရေးထိုးရန် အစိုးရနှင့် တပ်မတော်က ကမ်းလှမ်းထားသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသူ တဦးကတော့ NSCN-K မှ ခေါင်းဆောင်များကို တပ်မတော်က ယခုလို အမှု ဖွင့်လိုက်ခြင်းကြောင့် တခြားသော ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် အဖွဲ့အစည်းများကြား ယုံကြည်မှု လျှော့နည်း သွား မည် ကို စိုးရိမ်မိကြောင်း ဆိုသည်။