ထိုင်း ပြည်ပြေး ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ထောင်ဒဏ် ချမှတ်ခံရဖူးသဖြင့် သူ၏ ကျောင်း တွင်း ဆုတံဆိပ် များကို ရုတ်သိမ်းရန် လက်နက်ကိုင်တပ်ဖွဲ့များ ပညာရေး ကြိုတင်ပြင်ဆင်မှုကျောင်း ကျောင်းသား ဟောင်များ ဘုတ်အဖွဲ့က မတ်လ ၂၇ ရက်နေ့က ဆုံးဖြတ်လိုက်သည်။
ထိုဆုံးဖြတ်ချက်သည် ဗဟိုတရားရုံး၏ နိုင်ငံရေးရာထူး ရှိသူများ ဆိုင်ရာ ဌာနခွဲ၏ ၂၀၀၈ ခုနှစ် စီရင်ချက်ကို အခြေခံ ကြောင်း စစ်တပ် သတင်းရင်းမြစ်တခုကပြောသည်။
ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ် အတွင်း အာဏာအလွဲသုံးစားလုပ်သည်ဟု ထိုတရားရုံးက ဆုံးဖြတ်ပြီး သူ့ကို မျက်ကွယ်တွင် ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က ထောင် ၂ နှစ်ချခဲ့ သည်။
ထိုစီရင်ချက်သည် ၂၀၀၃ ခုနှစ်က ဘန်ကောက်ရှိ နိုင်ငံပိုင် မြေနေရာတခုကို ထိုစဉ်က သက်ဆင်၏ ဇနီးဖြစ်သော ခွန်ယင်း ပေါ့ဂျမင် န ပွန်ဘီဂျာက ဝယ်ယူခဲ့ခြင်းနှင့် ပတ်သက်နေသည်။
ထောင်ဒဏ်ချမှတ် ခံရပြီးနောက် အာမခံဖြင့် ပြင်ပတွင် ရှိနေသော သက်ဆင်သည် ထိုစီရင်ချက်ကို ဗဟိုတရားရုံးက အတည်မပြုမီအချိန်အနည်းငယ်အလိုတွင် နိုင်ငံမှ ထွက်သွားခဲ့သည်။
ထိုင်းတော်ဝင် ရဲတပ်ဖွဲ့ကလည်း သက်ဆင်၏ ဒုရဲမှူးကြီး ရာထူးကို ရုတ်သိမ်းရန် အဆိုပြုခဲ့ပြီး ၂၀၁၅ ခုနှ်စ စက်တင်ဘာလ ၅ ရက်နေ့တွင် ရုတ်သိမ်းခဲ့သည်။
ချက်ဒေါင် ဆု အမည်ရှိ ထူးချွန် ကျောင်းသားဟောင်း ဆုရရှိသူသည် ပုဂ္ဂိုလ်ဘ၀ နှင့် လုပ်ငန်းခွင်တွင် ကောင်းမွန်သော အပြုအမူ၊ စာရိတ္တနှင့် ရိုးသားမှု ပြသရန်လိုပြီး နိုင်ငံနှင့် တော်ဝင်အသိုင်းအဝန်းကို သစ္စာခံရန်လိုအပ်သည်၊ အပြစ်မကင်း သည့် သမိုင်းနောက်ခံနှင့် လူ့အဖွဲအစည်းကို ထိခိုက်အောင် လုပ်ဆောင်မှုမရှိရဟု အထက်ပါ သတင်းရင်းမြစ်ကပြော သည်။
ကျောင်းသားဟောင်းများအသင်းဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်ကို တညီတညွတ်တည်းထောက်ခံကြသည် ဟု လည်းဆိုသည်။
ထိ ုကြိုတင် ပြင်ဆင်ရေးကျောင်းတွင် သက်ဆင်သည် သင်တန်း အမှတ် ၁၀ တွင်တက်ရောက်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် ဘွဲ့ ရခဲ့သည်။
စီးပွားရေးတိုးတက်အောင်လုပ်ဆောင်နိုင်သောကြောင့် ချက်ဒေါင်ဆုကို ၁၉၉၁ ခုနှစ်ရရှိသည်။ စီမံခန့်ခွဲမှုကောင်းခြင်း ကြောင့် အလားတူဆုတဆုကို ၂၀၁၁ ခုနှစ်တွင် ရရှိခဲ့သေးသည်။
စစ်ဘက် ထိပ်တန်း အရာရှိများသည် ထို ဆုံးဖြတ်ချက်ကို မတ်လ ၂၈ ရက်နေ့တွင်ကျင်းပမည့် ဘန်ကောက်ရှိ အမှတ် ၁၁ ခြေလျှင်တပ်ရင်းတွင် ကြေညာမည်ဖြစ်သည်။
ထိုနေ့တွင် ရွေးကောက်ပွဲအပြီး ၎င်းတို့၏ ရပ်တည်ချက်ကို ရှင်းပြရန် အခွင့်အလမ်းကိုလည်း စစ်တပ်အရာရှိများက ရရှိမည် ဖြစ်သည်။