သတင်း

အောင်ပန်းရှိ ဗိုလ်မှူး ဗထူး ကျောက်တိုင် လမ်းချဲ့ရန် ဖြိုခြင်းဖြစ်ဟု ဆို

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့တွင်း အာရှလမ်းမကြီး၏ လမ်းအစိတ်အပိုင်းများကို ချဲ့ထွင် ပြုပြင် နေသဖြင့် လမ်းဧရိယာအတွင်း ပါဝင်နေသည့် ဗိုလ်မှူးကြီး ဗထူးနှင့် အာဇာနည် ရဲဘော်များ အထိမ်းအမှတ် ကျောက်တိုင်ကို ဖြိုဖျက်လိုက်သည်ဟု သတင်း ရရှိသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲတစ်လုံက နိုင်ငံ၏ နယ်စပ် ကုန်သွယ်ရေး နှင့် စီးပွားရေး ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အာရှလမ်းမကြီး၏ လမ်းပိုင်းများကို ပြန်လည် ပြင်ဆင်ခြင်း၊ လမ်းချဲ့ခြင်းများ ဆောင်ရွက် နေရာ အောင်ပန်းမြို့တွင်းရှိ ဗိုလ်မှူးကြီး ဗထူး၏ ကျောက်တိုင်သည် လမ်းပိုင်း ပြုပြင်ရေး ဧရိယာတွင် ပါနေ သဖြင့် နေရာပြောင်းရွှေ့ လိုက်ရခြင်း ဖြစ်သည်ဟု ဧရာဝတီကို ပြောသည်။

ဦးစိုင်းရှဲတစ်လုံက”ကျနော်တို့က ဖျက်ဆီးတာ မဟုတ်ဘူး။ ခေတ်နဲ့အညီ ဖွံ့ဖြိုးရေးကို သွားတော့ လိုအပ်တဲ့ ကိစ္စရပ် လေး တွေကလည်း အနည်းအကျဉ်းတော့ ထိခိုက်မှုတော့ ရှိပါတယ်။ ထိခိုက်မှုရှိတော့လည်း အများစု လက်ခံနိုင်တဲ့ အနေ အထား ကနေ အောက်ခြေက တင်ပြလာတာတွေကို ကျနော်တို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က အတည်ပြုပြီး ဆက်လက် ဆောင်ရွက်သွားတာပါ”ဟု ပြောသည်။

အောင်ပန်းမြို့တွင်းရှိ အာရှလမ်းမကြီး၏ အစိတ်အပိုင်းတခုဖြစ်သည့် လမ်းဟောင်းကို လေးလမ်းသွား ကတ္တရာ လမ်းခင်း အဖြစ် ပြုပြင်ပြီး လမ်းဧရိယာ ချဲ့ထွင်နေခြင်း ဖြစ်ကြောင်း သိရသည်။

အောင်ပန်းမြို့တွင် ဗိုလ်မှူးကြီးဗထူးကျောက်တိုင် တခုတည်း အဖြိုခံရခြင်း မဟုတ်ဘဲ ဒေသခံများပိုင် နေအိမ်များ၊ ဘဏ် အဆောက်အအုံများလည်း လမ်းဧရိယာအတွင်း ပါသဖြင့် ဖယ်ရှားရန် ညှိနှိုင်းရသည်များ ရှိသည်ဟု ဦးစိုင်းရှဲတစ်လုံ က ပြောသည်။

ဗိုလ်မှူးကြီးဗထူးနှင့် အာဇာနည်ရဲဘော်များသည် မြန်မာနိုင်ငံလွတ်လပ်ရေး ရရန်အတွက် ဖက်ဆစ် ဂျပန်များကို တော်လှန် တိုက်ခိုက်ခဲ့ကြသည့် ဗမာ့ လွတ်လပ်ရေး တပ်မတော် (BIA)မှ ဖြစ်ပြီး တိုက်ပွဲဝင်ရင်း ၁၉၄၅ ခုနှစ်က အောင်ပန်းမြို့ အနီး ကျဆုံးသွားသဖြင့် အထိမ်းအမှတ် ကျောက်တိုင် စိုက်ထူထားခြင်း ဖြစ်ကြောင်း သိရသည်။

ယခု ဖြိုဖျက်ခံရသည့် ကျောက်တိုင်သည် လွတ်လပ်ရေးမတိုင်ခင်ကာလက စိုက်ထူထားသည့် သမိုင်းဝင် ကျောက်တိုင် ဟောင်း ကို ငုံပြီး ပြန်လည်မွမ်းမံ တည်ဆောက်ထားသည့် ကျောက်တိုင်ဟု ဒေသခံများက ပြောသည်။

ပြည်ထောင်စု လမ်းမကြီး (အာရှလမ်းမကြီး)၊ ဗထူး ကျောက်တိုင် အနီး၊ ရပ်ကွက် ၄ တွင် နေထိုင်သည့် ဒေါ်နီလာက “ကျောက်တိုင်က သမိုင်းအမွေအနှစ်ဆိုတော့ နှမြောစရာတော့ ကောင်းပါတယ်။ ဒါပေမယ့် ကျမတို့ ဒေသခံ အိမ်တွေ လည်း လမ်းချဲ့တဲ့အထဲ ပါပါတယ်။ ကျောက်တိုင်မဖယ်ရင် ဒီနားတဝိုက်က ဒေသခံပိုင်မြေတွေ ပိုပါမှာ။ ဒီလိုပဲ မြို့မိမြို့ဖ တွေ သဘောတူညီမှုနဲ့ ဖယ်ကြတာပါ”ဟု ပြောပြသည်။

အောင်ပန်းမြို့တွင် နေထိုင်သည့် ဦးစိုင်းမောင်တင့်ကလည်း သမိုင်း အမွေအနှစ်ဖြစ်သည့် ကျောက်တိုင် ဖြိုဖျက်လိုက် သည် ကို နှမြောမိသည်ဟု ပြောသည်။

ဦးစိုင်းမောင်တင့်က”ကျောက်တိုင်တခုတည်း မဟုတ်ဘူး။ နှစ် ၁၀၀ နာရီစင်လည်း အဖြိုခံရတဲ့အထဲ ပါတယ်။ နှမြော စရာ ကောင်းပါတယ်။ ကျနော်တို့က အစက မသိဘူး။ ဒီနေ့ ဖြိုမှ သိတာပါ”ဟု ပြောဆိုသည်။

အောင်ပန်းမြို့ ဒေသခံတချို့ကလည်း ဗိုလ်မှူးကြီး ဗထူး ကျောက်တိုင်အား ဘတ်ဟိုးများဖြင့် ဖြိုဖျက်နေသည်ကို ဓာတ်ပုံ ရိုက်ယူပြီး လူမှုကွန်ရက်ပေါ်တင်ကာ ဝေဖန်မှုများ ပြုလုပ်နေသည်တို့ကို တွေ့ရသည်။

ကလောမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးသန်းထိုက်က ၂၀၁၈ ခုနှစ်တွင် ရှမ်းပြည်နယ် အစိုးရ ဌာနဆိုင်ရာ အဖွဲ့ ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ အောင်ပန်းမြို့ ရပ်မိရပ်ဖများ ပါဝင်သည့် အောင်ပန်း မြို့တွင်း ပြည်ထောင်စု လမ်းမကြီး ကတ္တရာလမ်းခင်းခြင်း အထောက်အကူပြု ကော်မတီ တရပ်ကို ဖွဲ့၍ လမ်း ကိစ္စရပ်များကို သဘောတူ ဆွေးနွေးခဲ့ကြသည်ဟု ပြောပြသည်။

ကော်မတီက ပြည်ထောင်စုလမ်းမကြီး၊ ကတ္တရာခင်းခြင်း၊ လမ်းချဲ့ထွင်ခြင်းဆိုင်ရာ လုပ်ငန်းများကို ဆွေးနွေးပြီး အများ သဘောတူညီမှုဖြင့် ဗိုလ်မှူးကြီးဗထူး ကျောက်တိုင်ကို ဖြို၍ ကျောက်တိုင်တွင်းရှိ အရိုးအိုးကို ယူကာ ဗထူးပန်းခြံတွင် ထားပြီး ကျောက်တိုင်တခု ပြန်တည်ရန် စီစဉ်ခြင်း ဖြစ်သည်ဟုလည်း ဦးသန်းထိုက်က ပြောဆိုသည်။

ဦးသန်းထိုက်က”ဝေဖန်တာကတော့ အနည်းအကျဉ်းတော့ ရှိမှာပေါ့။ ဒါက သမိုင်းဝင်ဖြစ်တော့ မရွှေ့ခင်ကတည်းက သက်ရှိ ထင်ရှားရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ မေးမြန်းတယ်။ ဆွေးနွေးတယ်။ ကျနော်တို့က ကျောက်တိုင်ကို အလွတ်ယူလိုက်ရင် ဒီဘက်အိမ်တွေ ထိခိုက်မှု ပိုများတယ်။ ဒါကို အဖက်ဖက်ကြည့်ရပါတယ်။ ကော်မတီ ဖွဲ့ပြီးမှ စနစ်တကျလုပ်တာပါ”ဟု ပြော သည်။

ယခုအခါ ကျောက်တိုင်ဖြိုပြီး အရိုးအိုး မတွေ့သဖြင့် အောင်ပန်းမြို့တွင်း ပြည်ထောင်စု လမ်းမကြီး ကတ္တရာ လမ်းခင်း ခြင်း အထောက်အကူပြု ကော်မတီတွင်း အစည်းအဝေး ပြန်ထိုင်ပြီးမှ ကျောက်တိုင်အသစ် ပြန်ထူရေး ကိစ္စကို ဆွေးနွေး ရမည်ဟုလည်း ဦးသန်းထိုက်က ဆိုသည်။

ဦးသန်းထိုက်က”အရိုးပြာတွေ့ရင် ဘုန်းကြီးကျောင်းမှာထားပြီး မူလကျောက်တိုင်ထဲကို ရှေ့မီနောက်မီ လူကြီးတွေ ပြပြီး အခမ်းအနားနဲ့ ဗထူးပန်းခြံမှာ ရွှေ့မှာ။အခုက အရိုးပြာအိုးက မတွေ့ဘူး”ဟုလည်း ပြောသည်။

အောင်ပန်းမြို့နယ်တွင်း လမ်းပြုပြင်ပြီး ကတ္တရာခင်း ချဲ့ထွင်နေသည့် လမ်းပိုင်းသည် တာချီလိတ် – ကျိုင်းတုံ- တောင်ကြီး – မိထ္ထီလာ တလျှောက်ရှိ အာရှလမ်းမကြီး အပိုင်း (၃) ၏ လမ်းအစိတ်အပိုင်းတခု ဖြစ်သည်။

မိထ္ထီလာမြို့မှ မန္တလေးမြို့ဘက်သို့ ဆက်စပ်ထားသည့် လမ်းသည် အာရှလမ်းမကြီး အပိုင်း(၁) ဖြစ်ပြီး မြန်မာ- အိန္ဒိယ နယ်စပ် တမူးမြို့ထိ ဆက်စပ်ထားပြီး မြန်မာ- အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးအတွက် အချက်အခြာ ကျသည့် လမ်းပိုင်း တခုဖြစ်သည်။

အာရှလမ်းမကြီး အပိုင်း (၃) ဖြစ်သည့် ကျိုင်းတုံမြို့တွင်းပါ လမ်းအစိတ်အပိုင်းသည် မြန်မာ- တရုတ်နယ်စပ် မိုင်းလား မြို့ အထိ ဆက်သွယ်ထားသည့် လမ်းဖြစ်ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးအပြင် ထိုင်းနိုင်ငံနှင့်လည်း ဆက်သွယ် သွားလာနိုင်သည့် လမ်းကြောင်း ဖြစ်သည်။

အောင်ပန်းမြို့တွင်း အာရှလမ်းမကြီး ပြုပြင်ချဲ့ထွင်ခြင်းကို ၂၀၁၈ ခုနှစ်က စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဧပြီလ တွင် အပြီးသတ်ကာ လမ်းဖွင့်ပွဲ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading