တနင်္သာရီ အပတ်စဉ် ဂျာနယ်တွင် “မဲဆွယ်အပြုံး” အမည်ရ သရော်စာ ဖော်ပြခဲ့မှုနှင့် ပတ်သက်၍ အပြစ်ရှိကြောင်း ထားဝယ် မြို့နယ် တရားရုံးက ပြစ်ဒဏ် ချမှတ်ခဲ့သည့်အပေါ် ဂျာနယ်ဘက်မှ ခရိုင်တရားရုံးသို့ အယူခံဝင်မှုအပေါ် လက်ခံလိုက်ကြောင်း သတင်းရရှိသည်။
ထားဝယ်မြို့နယ် တရားရုံး၏ ပြစ်ဒဏ်ချမှတ်မှုသည် မျှတခြင်းမရှိဟုဆိုကာ တနင်္သာရီဂျာနယ်ဘက်မှ ထားဝယ် ခရိုင်တရား ရုံးသို့ ပြီးခဲ့သည့် မတ် ၁၃ ရက်က အယူခံ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
ယင်း လျှောက်ထားမှုကို ယနေ့မနက်ပိုင်းတွင် ထားဝယ်ခရိုင် တရားရုံးက လက်ခံလိုက်ပြီး လာမည့် ဧပြီ ၁၉ ရက်တွင် နှစ်ဖက်အပြီးသတ် လျှောက်လဲချက် တင်ရမည်ဖြစ်ကြောင်း ဂျာနယ်ဘက်မှ အမှုလိုက်ပါ ဆောင်ရွက်ပေးသူ တရားလွှတ်တော် ရှေ့နေ ဦးအောင်ဇာနည်စိုးက ဧရာဝတီကို ပြောသည်။
ဦးအောင်ဇာနည်စိုး က “မူလ အမှုမှာ procedure (နည်းလမ်း) လွဲနေတာလေးတွေ ရှိတယ်။ လက်ခံသင့်တဲ့ အမှုကို လက်ခံပေးတဲ့ဟာ ကောင်းတယ်။ ဒါမှ လည်း နှစ်ဖက် ကျယ်ကျယ်ပြန့်ပြန့် တင်ပြခွင့်ရမှာ” ဟု ပြောသည်။
တနင်္သာရီ ဂျာနယ်ကို အပြစ်ရှိသည်ဟု ဆိုကာ သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) အရ ဒဏ်ငွေ ကျပ် ၅ သိန်း ပေးဆောင်ရန် ထားဝယ်မြို့နယ် တရားရုံးက ၂၀၁၉ ဖေဖော်ဝါရီ ၁၈ ရက်တွင် အမိန့် ချခဲ့ခြင်း ဖြစ်သည်။
သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) သည် သတင်း မီဒီယာ ဥပဒေ ပုဒ်မ (၉) ကို ရည်ညွှန်းသည်။
သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၉ (ဆ) တွင် အများပြည်သူ၏ အကျိုးစီးပွားနှင့် ဆက်စပ်သည့် သတင်း ရေးသားခြင်းမျိုး မဟုတ်လျှင် ပုဂ္ဂိုလ် တဦး၊ အဖွဲ့အစည်း တခု၏ ဂုဏ်သိက္ခာကို တမင် ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့် အရေး ကို ထိခိုက်စေသော အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်းဟု ပြဋ္ဌာန်းထားသည်။
အဆိုပါ သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၉(ဆ)ကို ဖောက်ဖျက်ပါက ပုဒ်မ၂၅(ခ) အရ ဒဏ်ငွေ အနည်းဆုံး ကျပ် ၃ သိန်း မှ ကျပ် ၁၀ သိန်း အထိ ချမှတ်ခံရမည် ဖြစ်မည်။
မြို့နယ်တရားရုံး၏ ဆုံးဖြတ်ချက် အမိန့်သည် မျှတမှု၊ မှန်ကန်မှု မရှိဘူးဟု ယူဆသည့်အတွက် အယူခံတက်ရခြင်းဖြစ် ကြောင်း တနင်္သာရီ အပတ်စဉ် ဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင်က ပြောဆိုထားသည်။
အဆိုပါ အမှု၏ တရားရုံး စီရင်ချက်ပါ သုံးသပ်ချက်များ မမှန်ကန်ခြင်းကြောင့် အမိန့်ချသည့်နေရာတွင်လည်း လွဲသွားခြင်း ဖြစ်ကြောင်း၊ ထို့အတွက် ဂျာနယ်ဘက်မှ အကြောင်းပြချက် ၇ ချက်ဖြင့် အယူခံဝင်ခဲ့ခြင်းဖြစ်ကြောင်း ဦးအောင် ဇာနည်စိုးက ရှင်းပြသည်။
ဦးအောင်ဇာနည်စိုး က “အဓိကကျတာက မဲဆွယ်အပြုံး သရော်စာက လူပုဂ္ဂိုလ် တယောက်ကို ပုတ်ခတ် စော်ကားတာ မဟုတ်ဘဲ ဝေဖန်ထောက် ပြတဲ့ အဆင့်ပဲရှိတယ်။ ဒါဟာ မီဒီယာ ဥပဒေအရ ဖောက်ဖျက်တယ်လို့ မယူဆနိုင်ဘူး။ နောက် လျှပ်စစ်မီးလို ကိစ္စ လက်ရှိ ဖြစ်သွားတဲ့ ဝန်ကြီးချုပ် အရေးယူခံရတဲ့ဟာလည်း လျှပ်စစ်မီးကိစ္စ ပါတာဖြစ်လို့ မဲဆွယ်အပြုံး သရော်စာမှာ ထောက်ပြထား တဲ့ အချက်ကလည်း မှားတယ်လို့ မဆိုနိုင်ဘူးဆိုတဲ့ အချက်တွေ့ရတယ်” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက တရားရုံး သုံးသပ်ချက်တွင် တရားလိုဘက်မှ တင်ပြသည့် သက်သေထွက်ချက်၊ အထောက်အထား များကိုသာ အသုံးပြုပြီး စွပ်စွဲခံရသူဘက်မှ တင်ပြသည့် သက်သေ ထွက်ချက်များကို အသုံးမပြုခြင်းသည်လည်း ဥပဒေ အကြောင်းအရ ပြန်လည် တည့်မတ်ပေးရန် လိုသည့် အကြောင်းပြချက်လည်း ပါဝင်ကြောင်း ပြောဆိုသည်။
“မူလရုံးရဲ့ စီရင်ချက်ကို သုံးသပ်တဲ့အခါ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက်တယ်ပေါ့နော်။ ၃၅၄ မှာ လွတ်လပ်စွာ ရေးသားခွင့်တွေ ဘာတွေ ပါတာကိုး။ ဒါကို ဆန့်ကျင်တယ်။ လိုတာထက် ပိုသုံးတယ်ဆိုတဲ့ သုံးသပ်ချက် ကလည်း legal ဘက်ကနေ မရှင်းဘူးပေါ့။ အဲဒီ တချက်ကိုလည်း ပြန်ပြီး တည့်မတ်ဖို့ လိုတယ်” ဟု ဦးအောင်ဇာနည်စိုး က ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄(က)တွင် မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် ရှိသည်ဟု ဖော်ပြထားသော်လည်း နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရား ဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး (သို့) ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများ နှင့် မဆန့်ကျင်လျှင်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။
ထားဝယ် မြို့နယ် တရားရုံး၏ အမိန့်သည် တနင်္သာရီ ဂျာနယ်သာမက မြန်မာ့ သတင်းမီဒီယာ တခုလုံး၏ ရပိုင်ခွင့်နှင့် သတင်း လွတ်လပ်ခွင့်ကို မျက်ကွယ်ပြုသော စီရင်ချက်ဖြစ်၍ ကန့်ကွက် ရှုတ်ချကြောင်း သတင်း မီဒီယာ အဖွဲ့အစည်းများက သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။
၂၀၁၇ နိုဝင်ဘာ ၂၀ ရက်ထုတ် တနင်္သာရီ ဂျာနယ်တွင် ဖော်ပြခဲ့သော ကလောင်ရှင် မူးဆေးအိုး၏ ‘မဲဆွယ်အပြုံး’ ခေါင်း စဉ်ဖြင့် ရေးသားသည့် သရော်စာသည် ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဂုဏ်သိက္ခာ ကို ထိခိုက်သည်ဟုဆိုကာ အရေးယူပေး ရန် နိုဝင်ဘာ ၂၃ ရက်တွင် တိုင်းအစိုးရ အဖွဲ့ရုံး ဒု ညွှန်ကြားရေးမှူးက ထားဝယ်မြို့နယ် တရားရုံးကို ဦးတိုက်လျှောက်ထား ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၇ ဒီဇင်ဘာလ အတွင်းတွင် သတင်း မီဒီယာ ဥပဒေပုဒ်မ ၂၅(ခ) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန် – တနင်္သာရီ ဂျာနယ် ပြစ်ဒဏ် ချခံရမှု အယူခံဝင်