တပ်မတော်က အသရေဖျက်မှုဖြင့် တရားစွဲမှုကြောင့် ထောင်ဒဏ် ၆ လနှင့် ဒဏ်ငွေ ၅သိန်းကျခံထား ရသည့် ကချင် လူငယ်ခေါင်းဆောင် ၃ဦးအနက် အမျိုးသမီး ခေါင်းဆောင် ဒေါ်နန်ပူကို ထောင်ဒဏ် ၂လ လျော့ပေး ကြောင်း ပြည်နယ် တရားလွှတ်တော်က ယနေ့ အမိန့်ချသည်။
ဒေါ်နန်ပူ၏ ရှေ့နေ ဒေါ်ဒွဲဘူက “၂လ လျော့ပေးလိုက်တယ်။ အောက်ရုံးမှာ ထောင်ဒဏ် ၆လနဲ့ ဒဏ်ငွေချတာ မှာ ဒဏ်ငွေက ဆောင်လိုက်ပြီ ဆိုတော့ ၆လပဲ ကျန်တယ်။ သူက အမျိုးသမီးဖြစ်တယ်။ကျန်းမာရေး မကောင်း တာ တွေ တင်ပြတော့ အခုသူ့ကို ၂လ လျော့ပေးတာပါ” ဟု ပြောသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၇ ရက်က ကချင်လူငယ် ခေါင်းဆောင် ၃ဦးဖြစ်သည့် ထွယ်ဂျန်ဒါ ဖောင်ဒေး ရှင်း ၏ ဒါရိုက်တာ ဒေါ်နန်ပူ၊ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး အသင်းမှ ဦးဇော်ဂျတ်နှင့် တရား လွှတ်တော် ရှေ့နေ ဦးလွမ်းဇောင်းတို့ သည် မြစ်ကြီးနားမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ခြင်းဖြစ်သည်။
၎င်းတို့ ၃ဦးအတွက် ပြစ်ဒဏ် လျော့ပေါ့ပေးရန် အယူခံဝင်ထားရာ ပြည်နယ်တရားလွှတ်တော်က ဒေါ်နန်ပူ ကိုသာ ပြစ်ဒဏ် ပေါ့လျော့ခွင့် ပေးခဲ့ခြင်း ဖြစ်သည်။
ဒေါ်နန်ပူ၏ ရှေ့နေ ဒေါ်ဒွဲဘူက “ဒေါ်နန်ပူက နံပါတ် ၁ ကျန်းမာရေး မကောင်းတာ၊ ကျမတို့ ဆေးစာ တွေ အကုန် တင်ပြနိုင်တယ်။ အရင်တည်းက ကုတာတွေရောပေါ့။ နံပါတ် ၂က ငယ်ရွယ်သူအမျိုးသမီး ဖြစ်ခြင်း။ အဲ့ ၂ချက်နဲ့ပါ”ဟု ပြောသည်။
ဒေါ်နန်ပူသည် ဆီးချိုရောဂါ၊ အဆုတ်ရောဂါတို့ရှိသဖြင့် အကျဉ်းထောင်တွင်း ကျန်းမာရေးချို့တဲ့ကာ ဆေးကုသ မှု ခံယူနေရသူဖြစ်သည်။
ထိုပြစ်ဒဏ်လျော့ပေါ့မှုကြောင့် ဒေါ်နန်ပူသည် လာမည့် ဧပြီ ၇ ရက်တွင် အကျဉ်းကျခံရမည့်ရက်စေ့၍ လွတ်မြောက်မည်ဖြစ်သည်။
ဦးလွမ်းဇောင်းနှင့် ဦးဇော်ဂျတ်တို့၏ ရှေ့နေ ဦးမုန်ဆိုင်းတူးက ၎င်း၏ အမှုသည် ၂ဦး အတွက် ပြည်နယ်တရား လွှတ်တော်၏ ဆုံးဖြတ်ချက်ကို မကျေနပ်သဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ထံ ထပ်မံတင်ပြကာ အယူခံဝင် သွားမည်ဟု ပြောသည်။
ဦးမုန်ဆိုင်းတူးက “နေထိုင်ရတဲ့ အခြေအနေကတော့ ကိုလွမ်းဇောင်းနဲ့ ကိုဇော်ဂျတ်တို့က ကျန်းမာပါ တယ်။ ဒေါ်နန်ပူကတော့ အစာအိမ်၊ အဆုတ်နဲ့ ပတ်သက်တဲ့ ဝေဒနာ နည်းနည်းခံစားနေရတယ်။ ကိုလွမ်းဇောင်းနဲ့ ကိုဇော်ဂျတ်တို့ကတော့ မချူချာပါဘူး”ဟု ပြောသည်။
၎င်း၏ အမှုသည် ဦးလွမ်းဇောင်းကို တရားစွဲဆိုသည့် အမှုတွင် နှုတ်သက်သေ မခိုင်လုံ သဖြင့် သက်သေခံ ဥပဒေ ပုဒ်မ ၆၀ အရ တရားစွဲဆို အပြစ်ပေးခွင့် မရှိဘဲ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးရန် အယူခံတင်ထားခြင်း ဖြစ်ကြောင်း ဦးမုန်ဆိုင်းတူက ဆိုသည်။
ဒေါ်နန်ပူနှင့် ဦးဇော်ဂျတ်တို့ အတွက်လည်း ပြည်သူများ ကြုံတွေ့နေရသည့် အဖြစ်မှန်ကို ပြောဆိုခြင်း ဖြစ်သဖြင့် ပြစ်ဒဏ်မှ ဥပဒေနှင့်အညီ ကင်းလွတ်ခွင့် ရှိသည်ဟု လျောက်ထားခဲ့ကြောင်း ဦးမုန်ဆိုင်းတူး က ဆိုသည်။
“ဒီနေ့ တရားရုံးက အမိန့်ချတာ ကျနော်တို့ မျှော်လင့်သလို ဖြစ်မလာဘူး။ ကျနော်တို့ ပြည်ထောင်စု ရုံးချုပ်ကို တက်ဖို့ ပြန်စီစဉ်ဖို့ပဲ ရှိပါတယ်”ဟုလည်း ဦးမုန်ဆိုင်းတူးက ပြောသည်။
ဒေါ်နန်ပူ၊ ဦးဇော်ဂျတ်နှင့် ဦးလွမ်းဇောင်းတို့သည် ကချင်စစ်ဘေးရှောင်ဒုက္ခသည်များဘက်မှ ရပ်တည် ပေးခဲ့ကြသူများ ဖြစ်သဖြင့် နိုင်ငံတကာကချင်ကွန်ဂရက် (WKC) မှ ကချင်လူ့အခွင့်အရေးဆု (MUSHE- မူရှယ်) များ ချီးမြှင့် ခံထားရသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း ဒေါ်နန်ပူကို အပြောင်းအလဲအတွက် အမျိုးသမီးများဆု ( The Women Of Change Award ) ချီးမြှင့်ထားသည်။
၂၀၁၈ ခုနှစ်၊ ဧပြီလအတွင်းက တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ကြား တိုက်ပွဲများ ကြောင့် တနိုင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်တို့တွင် အရပ်သား ၂၀၀၀ ခန့် တောလမ်းတွင်း ပိတ်မိနေခဲ့ပြီး ထိုထဲမှ လိုင်နောင်ခူး ကျေးရွာမှ ဒေသခံ ၁၅၀ ကျော်မှာ ထွက်ပြေးလာသော်လည်း လမ်းတွင် တပ်မတော် စစ်ကြောင်း များနှင့်တွေ့ကာ ရွာမှ မထွက်ခိုင်းသဖြင့် ပိတ်မိနေခြင်း ဖြစ်သည်။
ပိတ်မိနေသူများကို ကယ်ထုတ်ပေးရန် ဒေါ်နန်ပူ၊ ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ်တို့ ပါဝင်သည့် ကချင်လူငယ်ခေါင်း ဆောင် များက လူငယ် ၃၀၀၀ ခန့်ကို ဦးဆောင်ပြီး မြစ်ကြီးနားမြို့တွင် ဆန္ဒထုတ်ခြင်းနှင့် ထိုင်သပိတ်စခန်းများ ဖွင့်ကာ ပြည်နယ်ဝန်ကြီးချုပ်ကို တောင်းဆိုခဲ့ကြသည်။
ဆန္ဒပြရာတွင် “လေယာဉ်ဖြင့် ပြည်သူများကို ပစ်မှတ်ထား ဗုံးကြဲခြင်းရပ်”၊ “ပြည်သူများအား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှု ချက်ချင်းရပ်”ဟူသည့် စကားများပြောဆိုခြင်း၊ တပ်မတော်က အရပ်သားများ ထွက်မပြေး နိုင်အောင် တားဆီးပိတ်ပင် ခြင်းနှင့် ပြည်သူများကို ဖမ်းဆီး သတ်ဖြတ် ခြိမ်းခြောက်နေ သည်ဟု ပြောဆိုချက်များ အပေါ် မကျေနပ်သဖြင့် ၂၀၁၈ ခုနှစ်၊ မေလတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး မျိုးမင်းဦးက တရားရုံးသို့ ဦးတိုက် လျှောက်ကာ အသရေဖျက်မှု ဖြင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
တပ်မတော်သည် တနိုင်းမြို့နယ်တွင်း KIA တူးဖော်နေသည့် ပယင်းနှင့် ရွှေတွင်းများကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်း မည်ဟုဆိုကာ တနိုင်းတွင် ၂၀၁၇ ခုနှစ်၊ ဇွန်လမှ စ၍ ၂၀၁၈ ခုနှစ်ထိ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
စတင်တိုက်ခိုက်စဉ် ၂၀၁၇ ခုနှစ်၊ ဇွန် ၃ ရက်က KIA ကို တိုက်မည်ဖြစ်သဖြင့် အရပ်သားများ ထွက်သွားရန် ရဟတ်ယာဉ် ပေါ်မှ အရပ်သား ၃၀၀၀ ကျော်နေထိုင်သည့် ကျေးရွာများကို စာကြဲချခဲ့သည်။