ရခိုင် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များရှိရာ မြောက်ဦးမြို့နယ်အတွင်း စစ်ရေးတင်းမာမှုများ ရှိနေသော်လည်း ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မတ်လ ၂၈-၂၉ ရက် ရန်ကုန်မြို့ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ရန်ကုန် ဌာနခွဲရုံး၌ ပြုလုပ် သည့် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ် ဒေသအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်း တင်သွင်းရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးအပြီး ယင်းသို့ ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်သည်။
“သတ်မှတ်ထားတဲ့ Target ကို မီအောင် ကျမတို့ ကြိုးစားဆောင်ရွက်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဆောင် ရွက်ဆဲ လုပ်ငန်းတွေ ကို ဆက်လက် ဆောင်ရွက်မယ်။ အလုပ်ကို လုံးဝ မရပ်နားဘဲ ဆက်တိုက် ဆက်တိုက် လုပ်နေမှာပါ” ဟု မြောက်ဦး ယဉ် ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ဧရာဝတီကို ပြောသည်။
လာမည့် ၂၀၁၉ စက်တင်ဘာလတွင် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) သို့ မူကြမ်း တင် သွင်းနိုင်ရေး ဆောင်ရွက်ရန်လည်း ဆုံးဖြတ်ချက် ချခဲ့သည်ဟု ၎င်းက ဆိုသည်။
၂၀၁၈ စက်တင်ဘာတွင် မူကြမ်းတင်သွင်းနိုင်ရန် ရည်မှန်းခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နောက်ကျခဲ့ရာ ၂၀၁၉ စက်တင်ဘာသို့ ရွှေ့လိုက်ရကြောင်း၊ သို့သော် ၂၀၂၀ တွင် ကျင်းပပြုလုပ်မည့် UNESCO ညီလာခံအမီ မြောက်ဦးဒေသ အား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရရေး ကြိုးစားနေကြောင်း သိရသည်။
ရန်ကုန်တွင် ပြုလုပ်သည့် ၂ ရက်တာ အစည်းအဝေးတွင် မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်းရေး အ တွက် လိုအပ်သည့် နယ်နိမိတ် သတ်မှတ်ရေး ဆွေးနွေးညှိနှိုင်းခြင်း၊ မြောက်ဦးဒေသ အတွင်း စီမံခန့်ခွဲရေး အစီအစဉ်များ ရေးဆွဲခြင်းနှင့် အမွေအနှစ် ဒေသအတွင်း စောင့်ကြည့် အကဲခတ် ရေး ဆောင်ရွက်ရမည့် အစီအစဉ်များကိုလည်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ် ၁၅ ရက်က မြောက်ဦး ရှေးဟောင်းနယ်မြေထဲသို့ လက်နက်ကြီးကျည်များ ကျရောက် ရာ သမိုင်းဝင် မြေထဲ ရှေးဟောင်းဘုရားနှင့် ထုက္ကန်သိမ် ဘုရားအနီးရှိ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး ဂိတ်တဲတခု ပျက်စီးသွားခဲ့ ကြောင်း မြောက်ဦးမြို့ ရှေးဟောင်း သုတေသန ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ပြောဆိုထားသည်။
မြောက်ဦးမြို့နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ၊ မြောက်ဦးမြို့ တွင်း ပစ်ခတ်မှုများက UNESCO တင်သွင်းရေးဆိုင်ရာ လုပ်ငန်းစဉ် များကို အနှောင့်အယှက်ဖြစ်စေသည်ဟု ဒေါ်ခင်သန်းက ပြောသည်။
“အနှောင့်အယှက် ဖြစ်ပါတယ်။ ကျမတို့ လုပ်ငန်း ဆောင်ရွက်တဲ့ နေရာမှာ တချို့ လုပ်ငန်းခွင်ထဲကို ဆင်းလို့မရတော့ဘူး။ နောက်တခုက အခု လက်နက်ကြီးပစ်ခတ်မှုကြောင့် လက်နက်ကြီးရဲ့ တုန်ခါမှု ဒဏ်ကြောင့် ဘာပစ္စည်းတွေ ပျက်သွားလဲ ဆိုတာ စာရင်းလုပ်ဖို့ လိုလာပြီ။ စစ်ပွဲကြောင့် လုပ်ငန်းစဉ် တခု တိုးလာတာပေါ့” ဟု ၎င်းက ရှင်းပြသည်။
လက်ရှိ ဖြစ်ရပ်များနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ အပါအဝင် သက်ဆိုင်ရာဌာနနှင့် တာဝန်ရှိသူ များထံ စာပို့ထားပြီး UNESCO အဖွဲ့သို့လည်း တင်ပြထားကြောင်း၊ နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့ များကိုလည်း စစ်ပွဲများ ရပ်တန့်ပေးရန်နှင့် ယဉ် ကျေးမှု အမွေအနှစ်ဇုန်ကို ရှောင်ရှားပေးရန် ဒေါ်ခင်သန်းက မေတ္တာရပ်ခံလိုက်သည်။
ဒေါ်ခင်သန်းက “စစ်ပွဲကို မလိုလားပါဘူး။ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဇုန်အတွင်းမှာ စစ်ပွဲကို ရှောင်ရှားသင့်ပါ တယ်။ ကျမတို့ရဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ကို ချန်လှပ်ပါ။ စစ်ပွဲတွေကို ရပ်ပေးပါ။ ဇုန်အတွင်းမှာ စစ်ပွဲတွေကို မလုပ်ကြပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်။ ကျမတို့ရဲ့ လုပ်ငန်း ဆောင်ရွက်တာကိုလည်းပဲ အချိန်မီပြီးအောင် ဆောင်ရွက်နေ ပါတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၈ ဇန်နဝါရီ ၁၆ ရက် တုန်းကလည်း မြောက်ဦးမြို့ နန်းတော်ရာကုန်းတွင် ပြုလုပ်မည့် “ရခိုင်နိုင်ငံတော် အ ချုပ်အခြာ ကျဆုံးခြင်း အထိမ်းအမှတ်” စာပေဟောပြောပွဲနှင့် ပတ်သက်၍ အာဏာပိုင်များက ပွဲစဉ်ကို ပိတ်ပင်တားဆီးခဲ့ရာ မှ ဖြစ်ပွားခဲ့သော အဓိကရုဏ်းကြောင့် ရခိုင်လူငယ် ၇ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့သည့် ဖြစ်စဉ်ကြောင့် ပုံမှန် အ စည်းအဝေးတခုကို ရွှေ့ဆိုင်းခဲ့ရသလို မြောက်ဦးပုံရိပ်ကိုလည်း ထိခိုက်စေခဲ့သည်။
လက်နက်ကိုင် ပဋိပက္ခများကြားတွင် ယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ် စောင့်ရှောက်နိုင်ရန် ရည်ရွယ်သည့် ၁၉၅၄ Hague နိုင်ငံတကာ သဘောတူညီချက် (Convention for the Protection of Cultural Property in the event of Armed Conflict) ကို မြန်မာနိုင်ငံသည် ၁၉၅၆ ဖေဖော်ဝါရီ ၁၀ ရက်တွင် သဘောတူညီ လက်မှတ် ရေးထိုးထားသည်။
ထို့ကြောင့် ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ဆုံး မပျက်စီးရေး ရှေးရှု၍ ယင်း နိုင်ငံတကာ သဘောတူညီချက်ပါ ပြ ဋ္ဌာန်းချက်များကို နှစ်ဖက် အဖွဲ့အစည်းများ လေးစားလိုက်နာပေးရန်၊ ကမ္ဘာ့အမွေအနှစ် တင်သွင်းခြင်းဆိုင်ရာ လုပ်ငန်းများ နှောင့်နှေး ကြန့်ကြာမှု မရှိစေရန်နှင့် အချိန်မီ တင်သွင်းနိုင်ရန်အတွက် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို စစ်မဲ့ဇုန် အဖြစ် နှစ်ဖက်အဖွဲ့အစည်းများမှ သဘောတူညီချက် ထားရှိပေးရန် မြန်မာ ရှေးဟောင်းသုတေသန ပညာအသင်းကလည်း မေတ္တာရပ်ခံထားသည်။
ဆက်စပ်ဖတ်ရှု့ရန် – လက်နက်ကြီးကျည် ကျ၍ မြောက်ဦး ရှေးဟောင်းဘုရားတချို့ ပျက်စီး