ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အောက်သားကန်ရွာ အတွင်းသို့ မတ်လ ၂၉ ရက်နေ့ နံနက် ၇ နာရီ အချိန်ခန့်က တပ်မတော်စစ်ကြောင်းက ပစ်ခတ်ခဲ့သည့်အတွက် အသက် ၆၀ အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး တို့ သေဆုံးခဲ့ကြောင်း မြောက်ဦး ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။
ပစ်ခတ်မှုကြောင့် သေဆုံးသွာသူမှာ အောက်သားကန် ရွာသား အသက် ၆၀ အရွယ် ဦးဖိုးခင်နှင့် ရွာထိပ်လမ်း မတွင် ဈေးဆိုင် ရောင်းနေသည့် မစံပယ်တို့ ဖြစ်ကြောင်း သိရသည်။
ဦးထွန်းသာစိန်က “အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးတယ်၊ ဒဏ်ရာ ရတဲ့ ရွာသားတွေ လည်း ရှိတယ်။ ကျနော်ကို ရွာသားတွေ ပြောပြချက် အရတော့ တိုက်ပွဲဖြစ်တာ မရှိဘူး ။ ဒီအတိုင်း တပ်က ပစ်တာလို့ ပြောပါတယ်” ဟု ဧရာဝတီ သို့ ပြောသည်။
သေဆုံသူ မစံပယ် သည် ကချင်တိုင်းရင်းသူ တဦးဖြစ်ပြီး မြောက်ဦးမြို့မှ မပေါက်စမ နှင့် အတူ အောက်သား ကန်ကျေး ရွာသို့ သွားသည့် လမ်းမပေါ်တွင် ဈေးဆိုင်ခန်းဖွင့်ကာ ရောင်းချနေသူများ ဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။
ဈေးဆိုင်ခန်းအတွင် သေဆုံးသူ မစံပယ်နှင့်အတူ အပစ်ခံရသည့် အသက် ၃၀ အရွယ် မပေါက်စမ မှာလည်း ဦးခေါင်း ကျည်ထိမှန်၍ လက်ရှိအချိန်၌ မြောက်ဦး ဆေးရုံမှနေ စစ်တွေပြည် သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး အတွင်း လူနာ အဖြစ်ကုသနေရသည်။
ပစ်ခတ်မှုကြောင့် လက်မောင်းဒဏ်ရာဖြင့် တိမ်ညို တိုက်နယ်ဆေးရုံတွင် ကုသနေရသူ ဒေါ်ယဉ်ချေက “ဒီနေ့ ၇ နာရီ လောက်မှာ ကျမ အိမ်ရှေ့ကို လက်နက်ကြီး လာကျတော့ ကျမ ဗုံးတွင်းထဲကို ပြေးတဲ့ အချိန်မှာ လက်ကို လက်မှန်တာပါ။ ဘယ်နေရာက ပစ်မှန်းတော့ မသိဘူး၊ ခဏနေ စစ်သားတွေ ရွာထဲကို ဝင်လာပြီး ရွာသားတွေကို ဖမ်း အိမ်ပေါ်ကို တက်မွှေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို ပစ်ခတ်မှုကြောင့် ရွာသား ၅ ဦးအထိ ဒဏ်ရာရရှိကာ ရွာသား ၇ ဦးကိုလည်း တပ်မတော်စစ် ကြောင်း က ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းလည်း ကျေးရွာသားများက ပြောသည်။

ဖမ်းဆီးရိုက်နှက်ခြင်း ခံရသူ အောက်သားကန်ရွာသား ကိုလှမောင်သန်းကလည်း ဆိုင်ကယ်ဖြင့် ရှင်ပြုပွဲသွားရန် ပြင်ဆင်နေစဉ် တပ်မတော်သားများက ရွာထဲသို့ ဝင်ရောက် ပစ်ခတ်သည့်အတွက် ဗုံးကျင်းထဲသို့ ဝင်ပုန်းစဉ် ဖမ်းဆီး ရိုက်နက်ခံရခြင်း ဖြစ်ကြောင်း ဆိုသည်။
“ကျနော်က ဆိုင်ကယ်နဲ့ ရှင်ပြုပွဲ သွားဖို့ လုပ်နေတာ ။ သေနတ်သံကြားလို့ ဗုံးတွင်းထဲကို ဝင်ပုန်းပါ တယ်။ အဲဒီ အချိန်မှာ တပ်သား ၂ ဦးက ကျနော့်ကို ဆွဲထုတ်ယူပြီး တပ်ကြပ်ကြီး တယောက်က ကျနော့် ရင်ဘတ်ကို ခြေနဲ့ ဖြတ်ကန်တယ်။ သူတို့ ပြောတာက မင်းတို့ ရွာက ဘယ်သူ ပစ်တာလည်း ကျည်ခွံတွေရတယ်လို့ ပြောတယ်၊ ရွာသားတွေလည်း ဘာမှ မသိကြဘူး။ ဒီအတိုင်း ပြောပြီး ရိုက်တာပဲ ” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ဖမ်းဆီးရိုက်နှက်သော်လည်း ကိုလှမောင်သန်းမှာ ဖမ်းဆီးခေါ်ဆောင်ခြင်းကို မခံရဘဲ ပြန်လွတ် ပေးခဲ့ကြောင်း ၊ ရွာသား ၇ ဦးကိုတော့ တပ်မတော်သားများက ဖမ်း ဆီးသွားကြောင်း ၎င်းက ဆိုသည်။
အောက်သားကန်ကျေးရွာသို့ ဝင်ရောက် ပစ်ခတ်သည့် တပ်မတော်သားများမှာ တပ်မ ၅၅ မှ ဖြစ် ကြောင်း၊ ၎င်းတို့နှင့် အတူ ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ဝင်တချို့လည်း ပါကြောင်း ၊ ရွာထဲတွင် ပစ်ခတ် သည့် ကျည်ခွံတွေ့သည်ဆိုသော်လည်း ထုတ်ပြခြင်း မရှိကြောင်း ၊ အိမ်များပေါ် တက်ရှာသည့် အခါ တွင် AA ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဓာတ်ပုံ တပုံတွေ့သည့် နေအိမ်မှ ရွာသားကိုမှာ သေနတ်ဒင်များဖြင့် အများဆုံး ဝိုင်းရိုက်နှက်ခြင်းကို ခံရကြောင်း ကို လှမောင်သန်း က ဆက်လက်ပြောကြားသည်။
တပ်မတော် သတင်းထုတ်ပြန်ရေး အဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ လုံခြုံရေးဆောင်ရွက်နေ သော တပ်မတော် သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို AA အဖွဲ့က ပစ်ခတ်ပြီး ရွာထဲကို ဝင်ပြေးသည့် အတွက် အပြန်အလှန် ပစ်ခတ်ခဲ့ ခြင်း ဖြစ်ကြောင်း ပြောသည်။
“ကျနော်တို့ တိမ်ညိုရဲစခန်းက ရဲအဖွဲ့ရယ်၊ တပ်ရယ်၊ အောက်သားကန်ရွာ မြောက်ဘက်မှာ လုံခြုံရေး ဆောင်ရွက်တယ်။ အဲဒီအခါမှာ ရွာမြောက်ဘက် ထိပ်က AA အဖွဲ့က ပစ်တယ်။ ကျနော်တို့ ပြန်ပစ်တဲ့ အခါမှာ ရွာထဲကို ဝင်ပြေးပြီး၊ ရွာထဲကို ရွာအဝင် လောက်မှာ မိုင်းဆွဲပြီး တိုက်ခိုက်တဲ့အတွက် ကျနော့် ဆီက ရွာထဲမှာ လုံခြုံရေး ဆက်ပြီး ဆောက်ရွက်တယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
ယင်း အပြန်အလှန်တိုက်ခိုက်မှုတွင် တပ်မတော်ဘက်က ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိသလို AA အဖွဲ့မှလည်း ကျဆုံးသူ မရှိကြောင်း ၊ သို့သော်လည်း ရွာထဲတွင် လုံခြုံရေး ဆောင်ရွက်စဉ် မသင်္ကာ ဖွယ်ရာ တွေ့ရှိသည့် ရွာသား ၅ ဦးကိုတော့ တိမ်ညို ရဲစခန်းတွင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆက်လက် ပြောကြား သည်။
ရက္ကိုင့်တပ်မတော် ( AA ) သတင်းပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကတော့မြောက်ဦးမြို့နယ် ၊ အောက်သားကန်ကျေးရွာအနီးတွင် တပ်မတော်နှင့် မည်သည့် ထိတွေ့ ပစ်ခတ်မှုပွားသည့် ဖြစ်စဉ်များ မရှိကြောင်း ပြောသည်။
ဦးခိုင်သုခက “အဲဒီ နေရာမှာ ကျနော်တို့နဲ့ ဘာထိတွေ့ တိုက်ခိုက်မှု ဖြစ်ပွားတာမှ မရှိဘူး။ မြောက်ဦး ဖြစ်စဉ်လို ရွာထဲကို ဝင်ပြေးလို့ အပြန်အလှန် ပစ်ရတယ်ဆိုတဲ့ လုပ်ကြံ ဖန်တီးတဲ့ ဟာတွေပဲ ဖြစ် တယ်။ တနည်းအားဖြင့် ပြောရရင် AA အပေါ် လူထု ထောက်ခံမှု ကျဆင်းအောင် ရွာသားတွေကို ရက်ရက် စက်စက် သတ်ပြ တာဖြစ်တယ် ” ဟု ဧရာဝတီသို့ ပြောသည်။
မြောက်ဦးမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကတော့ တိုက်ပွဲ အတွင်းက အရပ်သား နစ်နာမှုများနှင့် ပတ်သက်ပြီး လွှတ်တော်သို့ အစီရင်ခံ တင်ပြသွားမည် ဖြစ်ကြောင်း ဆိုသည်။
“ကျနော်တို့ကတော့ ဒီလို အရပ်သား နစ်နာမှုတွေကို လွှတ်တော်သို့ အစီရင်ခံတင်ပြသွားမယ်။ နောက် တချက်က ပြီးခဲ့တဲ့ လွှတ်တော် နဝမ ပုံမှန် အစည်းအဝေးတုန်း ကလည်း နှစ်ဘက် ပစ်ခတ်မှုများကို ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးကြပါ ဆိုတဲ့ အဆိုကို တင်သွင်းခဲ့တာ လွတ်တော်က အတည်ပြု ပြီးပြီ၊ ကန့်ကွက်သူလည်း မရှိခဲ့ဘူး၊ ကျန်တာကတော့ အစိုးရ အပိုင်းမှာပဲ တာဝန်ရှိပါတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် ဒဏ်ရာ ရရှိသွားသည့် မပေါက်စမ မှာ စစ်တွေဆေးရုံတွင် ကုသမှု ခံယူနေရပြီး တိမ်ညိုတိုက်နယ် ဆေးရုံနှင့် မြောက်ဦးဆေးရုံ တို့တွင်လည်း ရွာသားတချို့ အတွင်းလူနာ အဖြစ် ဆေးကုသမှုကို ခံယူနေရကြောင်း သိရသည်။
ယင်းအပြင် အောက်သားကန်ရွာနှင့် အနီးအနား ရှိ တိမ်ညိုကျေးရွာ ၊ လက္ကာ ကျေးရွာသားများမှာ ပစ်ခတ်မှုများ ထပ် မံဖြစ်ပွား လာမည်ကို စိုးရိမ်၍ နီးစပ်ရာ တောင်မြင့် ကျေးရွာများသို့ စစ်ဘေးရှောင် ဒုက္ခသည်များ အဖြစ် ထွက်ပြေး ကာ ဝင်ရောက် ခိုလှုံလျက် ရှိကြောင်း သိရသည်။