ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့ရှိ ဗိုလ်မှူးကြီး ဗထူး ကျောက်တိုင် ဖြိုဖျက်ခံ ရသည့် ပုံများ လူမှုကွန် ရက် စာ မျက်နှာပေါ်သို့ တက်လာချိန်တွင် သမ္မတရုံး အနေဖြင့် စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့ရသည်ဟု သိရသည်။
နိုင်ငံတော် သမ္မတရုံးမှ ပြောရေး ဆိုခွင့် ရှိသူ ဦးဇော်ဌေးက “ ဖေ့ဘွတ်ခ်ပေါ်မှာ တက်လာတာကတော့ ဒီကျောက်တိုင်ကို ကရိန်းတွေနဲ့ ဖြိုနေတာတွေပဲ ကွက်ပြီးတော့ တက်လာတဲ့ အပေါ်မှာလည်း ကျနော် တို့လည်း စိုးရိမ်ပါတယ်” ဟုပြောသည်။
မတ်လ ၂၉ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် မကြာခဏ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက် တဦး၏ မေးမြန်းမှု ကိုဦဇော်ဌေးမှ အထက် ပါ အတိုင်း ဖြေကြားခဲ့ ခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီးဗထူး ကျောက်တိုင်နေရာအနီးတွင် ပြည်ထောင်စုလမ်းမကြီး AC ကတ္တရာ ၄ လမ်းသွား အဖြစ် ပေ ၄၀ တိုးချဲ့ ဖောက်လုပ် ရာတွင် မလွတ် သဖြင့် မတ်လ ၂၈ ရက်နေ့က ကတိန်းများဖြင့် ဖြိုချခဲ့ပြီး ၊ ဗိုလ်မှူး ဗထူး ကြေးရုပ်ရှိသည့် ဗထူး ပန်းခြံ အတွင်းသို့ ပြောင်း ရွေ့သွားမည် ဖြစ်ကြောင်း သိရသည်။
ကျောက်တိုင်ကို ဖြိုဖျက်နေသည့် ပုံများသာ ကွင်း၍ တက်လာသဖြင့် နိုင်ငံတော်သမ္မတရုံး၏ ပြောရေး ဆိုခွင့် ရှိသည့် ဦးဇော်ဌေးမှ ရှမ်းပြည်နယ် ဝန်ကြီး ချုပ်ကို ဖုန်းဆက်၍ အကျိုးအကြောင်း မေးမြန်းခဲ့ ရာ ပြည်သူ့ သဘောထားနှင့် ဖြိုဖျက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဒီဟာတွေက သမိုင်းမှတ်တမ်း မော်ကွန်း ဥပဒေ ဆိုတာ ရှိတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ သမိုင်း ဝင် ထင်ရှားတဲ့ နိုင်ငံတော် အတွက် ကောင်းကျိုးတွေ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ ပတ်သက်ရင်တော့ အထူး သတိထားပြီးတော့ ဆောင်ရွက်ဖို့တော့ လိုတယ်ဆိုတာ ကျနော်တို့က ပြည်နယ် အစိုးရကိုလည်း ပြောပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။
ရှမ်းပြည်နယ်အစိုးရ အနေဖြင့် လေးလမ်းသွားဖောက်လုပ်နိုင်ရန် အတွက် ဗိုလ်မှူကြီး ဗထူးကျောက် တိုင်တင် မကပဲ ၊ နှစ်တရာ နာရီ စင် နှင့် လူနေအိမ်များပါ ဖယ်ရှားရမည် ဖြစ်သည့် အတွက် ပြည်သူ များနှင့် ညှိနှိုင်းဆွေးနွေးမှုများ အကြိမ်ကြိမ် ပြု လုပ်ခဲ့ကြောင်း၊ ပြည်သူ လူထု၏ သဘောတူ ညီချက် ရရှိခဲ့သဖြင့် လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ပြည်နယ် အစိုးရမှ နိုင်ငံတော် သမ္မတ ရုံးသို့ ရှင်းပြခဲ့ ကြောင်း သိရသည်။
ကလောမြို့ မဲဆန္ဒနယ် အမှတ် ၂ မှ၊ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးသန်းထိုက်က “ မနက်ပိုင်းက ကျောက်တိုင်ဖျက်တယ်။ နေ့လည်ပိုင်းက နာရီစင် ဖျက်တယ်ဆိုတော့၊ အစည်းအဝေး သွားတက်လိုက်တော့ ဒီလို သတင်းတွေ တက်လာတာ မသိ ဘူး။ ဝန်ကြီးချုပ်ကနေ ဖုန်းလှမ်းဆက်လာမှ ဦးဇော်ဌေးက ဖုန်းလှမ်းဆက်တယ်ဆိုတော့ ကိုယ်တောင်မှ ကြောင်သွားတယ်။ ဘယ်လိုဖြစ် တာလဲ ဆိုတာ” ဟု ဧရာဝတီ သို့ ပြောသည်။
ဆက်လက်၍ ဦးသန်းထိုက်က “ ဒီလို ပုံ တက်လာတော့ သူတို့ အနေနဲ့ လည်း ဒီလို လက်လွတ် စပယ် လုပ်ရလား ဆိုပြီး စိုးရိမ်သွား တာပေါ့နော်။ အဲ့လို ဖြစ်တာပါ။ အခု ပြည်သူတွေကလည်း အေးအေး ဆေးဆေးပါဘဲ။ အမှန်က ဖြေးဖြေးချင်း ခွါချဖို့ပါ။ နဲ့သွာတော့ ပြိုမှာ စိုးလို့ ထောက်ထားတာ။ အဲ့တာကို ပုံရိုက်လိုက်တော့ အဲ့လို ဖြစ်တာပါ” ဟု ပြောသည်။
ယခု ပြောင်းရွှေ့ခဲ့သော ဗိုလ်မှူးကြီးး ဗထူးကျောက်တိုင်မှာ အထိမ်းမှတ် ကျောက်တိုင်သာ ဖြစ်ပြီး အဆိုပါ ပုဂ္ဂိုလ် ကျဆုံးခဲ့သည့် နေရာ ရွာငံတွင်လည်း သမိုင်းမှတ်တမ်း ကျောက်တိုင် ရှိနေကြောင်းလည်း ဦးဇော်ဌေးက ဆက်ပြောသည်။
၎င်းက “တကယ့် ဗိုလ်မှူးကြီး ဗထူး ကျောက်တိုင်က ရွာငံမှာရှိတာ၊ တကယ်ကျဆုံးသွားတဲ့ နေရာပေါ့။ အဲမှာလည်း ကျောက်တိုင်ရှိပါ တယ်။ ဒီဟာကတော့ အထိမ်းမှတ်အနေနဲ့ ဘယ်တုန်းက လုပ်လဲဆို တော့ ၁၉၄၅ ဇွန် ၁၅ရက်မှာ ကျောက်တိုင်စိုက်တူပွဲလုပ်ခဲ့ပါတယ် ” ဟု ပြောသည်။
ကျောက်တိုင်၏မူလကမ္ဗည်းစာသားတွင် “ဗမာနိုင်ငံတော် ရှမ်းပြည်တောင်ပိုင်း၊ ဖက်ဆစ်ဂျပန်တော် လှန်တိုက်ခိုက်ရေးတွင် ဦးစီး ခဲ့၍ ၁၃၀၇ ခုနှစ်၊ နယုန်လဆုတ် ၈ ရက်၊ ည ၈ နာရီ ၁၀ မိနစ် အချိန် တယ်လူးစခန်းတွင် ကျဆုံးရှာသော ဗိုလ်မှူးကြီး ကာနယ်၊ ဗိုလ်မှူး ဗထူးနှင့် အထက်ဗမာပြည် တိုက်ပွဲများတွင်ကျဆုံးသောသူရဲကောင်းရဲဘော်နှစ်ဆယ့်ခြောက်ယောက်”ဟု ဖော်ပြပါရှိသည်။
ဗိုလ်မှူးကြီး ဗထူးမှာ ထားဝယ်ခရိုင် လောင်းလုံဇာတိ ဖြစ်ပြီး ဟိန္ဒား သတ္တုတွင်း မန်နေဂျာအဖြစ် လုပ်ကိုင်နေရာမှာ ၁၉၃၈ ခုနှစ် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်သည့်အခါ ဂျပန်တို့နှင့် အတူ ချီတက်လာ သည့် ဗိုလ်လင်္ကျာ ဦးစီးသည့် ဗမာ့လွတ်လပ်ရေး တပ်မတော်(BIA)သို့ ဝင်ရောက်ခဲ့ ပြီး၊ BIA မှ ဗမာ့ကာကွယ်ရေး တပ်မတော် (BDA) သို့ ပြောင်းသည့်အခါတွင်လည်း ဆက်လက် တာဝန် ထမ်းဆောင်ခဲ့ပြီး ဗိုလ်မှူးအဖြစ် ရာထူးတိုးကာ မန္တလေး စစ်တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။
၁၉၄၅ ခုနှစ် မေလတွင် ဗိုလ်ချုပ်အောင်ဆန်းက မန္တလေး တိုင်းတပ်မှူး ဗိုလ်မှူးဗထူးကို ဗိုလ်မှူးကြီး ရာထူးတိုးပေးခဲ့သည်၊ သို့သော် ထိုသို့ ရာထူးတိုးမြှင့်ခံရမှုကိုပင် မသိလိုက်ရဘဲ ၁၉၄၅ ခု၊ ဇွန်လ ၂ ရက်နေ့ ညဉ့် ၈ နာရီ ၁ဝ မိနစ် ရှမ်းပြည် တောင်ပိုင်း အောင်ပန်းမြို့နယ်၊မြင်းကြာဒိုးရွာအနီး ‘တယ်လူးစခန်း’ ၌ အသက်(၂၉)နှစ်အရွယ် ကွယ်လွန်သွားသည်။
ဗိုလ်မှူးကြီး ဗထူး၏ တပ်မှူးတဦးဖြစ်သည့် ဗိုလ်အာဠာဝကမှာမူ ဗမာပြည် ကွန်မြူနစ်ပါတီနှင့် အတူ တောခိုသွားရာ ဖမ်းမိပြီးနောက် သတ်ဖြတ်ခြင်းခံခဲ့ရသည်။
အောင်ပန်းမြို့နယ်တွင်း လမ်းပြုပြင်ပြီး ကတ္တရာခင်း ချဲ့ထွင်နေသည့် လမ်းပိုင်းသည် တာချီလိတ် – ကျိုင်းတုံ- တောင်ကြီး – မိထ္ထီလာ တလျှောက်ရှိ အာရှလမ်းမကြီး အပိုင်း (၃) ၏ လမ်းအစိတ်အပိုင်း တခု ဖြစ်သည်။
မိထ္ထီလာမြို့မှ မန္တလေးမြို့ဘက်သို့ ဆက်စပ်ထားသည့် လမ်းသည် အာရှလမ်းမကြီး အပိုင်း(၁) ဖြစ်ပြီး မြန်မာ- အိန္ဒိယ နယ်စပ် တမူးမြို့ထိ ဆက်စပ်ထားပြီး မြန်မာ- အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးအတွက် အချက်အခြာ ကျသည့် လမ်းပိုင်း တခုဖြစ်သည်။
အာရှလမ်းမကြီး အပိုင်း (၃) ဖြစ်သည့် ကျိုင်းတုံမြို့တွင်းပါ လမ်းအစိတ်အပိုင်းသည် မြန်မာ- တရုတ် နယ်စပ် မိုင်းလား မြို့ အထိ ဆက်သွယ်ထားသည့် လမ်းဖြစ်ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး အပြင် ထိုင်းနိုင်ငံနှင့်လည်း ဆက်သွယ် သွားလာနိုင်သည့် လမ်းကြောင်း ဖြစ်သည်။
အောင်ပန်းမြို့တွင်း အာရှလမ်းမကြီး ပြုပြင်ချဲ့ထွင်ခြင်းကို ၂၀၁၈ ခုနှစ်က စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဧပြီလ တွင် အပြီးသတ်ကာ လမ်းဖွင့်ပွဲ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ကျောက်တိုင်ပြိုဖျက်သည့် ဓာတ်ပုံများ လူမှုကွန်ယက်တွင် တက်လာချိန်တွင် လူမှုကွန်ရက်ပေါ်တင် ကာ ဝေဖန်မှုများ ပြုလုပ်လာကြသည်ကို တွေ့ရသည်။
၎င်း ကျောက်တိုင်အား မြို့သူမြို့သားများ၏သဘောဆန္ဒအရ ပြောင်းရွှေ့ခြင်းဖြစ်ပြီး တာဝန်ယူထား သည့် ကုမ္ပဏီမှ တပတ်အတွင်း ယင်းကျောက်တိုင်အား ပြန်လည် တည်ဆောက်ပေးသွားမ ည်ဖြစ်ကြောင်းသိရသည်။
ဆက်စပ်ဖတ်ရှု့ရန် – အောင်ပန်းရှိ ဗိုလ်မှူး ဗထူး ကျောက်တိုင် လမ်းချဲ့ရန် ဖြိုခြင်းဖြစ်ဟု ဆို