နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ – ကပ္ပလန် (NSCN-K) မှ ခေါင်းဆောင် ၅ ဦးကို တပ်မတော်မှ ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့် ထားသည့်အပေါ် နာဂတိုင်းရင်းသားများ၏ မေတ္တာရပ်ခံချက်အရ အစိုးရက ပြန်လည် စိစစ်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
နာဂ တိုင်းရင်းသား အဖွဲ့များက NSCN-K ခေါင်းဆောင်များ အဖမ်းခံရခြင်းကို သမ္မတ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ထံ စာများ ပေးပို့လာ သဖြင့် သမ္မတရုံးက ပြန်လည် စိစစ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) – ကက(ကြည်း)ထံ သို့ စာတစောင်ထွက် ထားကြောင်း သမ္မတရုံး၏ ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက မနေ့က ပြောသည်။
“ထွက်ထားတဲ့အပေါ်မှာ ကက(ကြည်း)က သမ္မတရုံးဘက်ကို ပြန်တင်ပြတယ်။ ခုနတုန်းက ၁၇(၁)နဲ့ ဆွဲတဲ့ကိစ္စပေါ့။ ၁၇ (၁)ကနေ မတရားအသင်း အက်ဥပဒေပေါ့။ မတရားအသင်း အက် ဥပဒေမှာ ဘယ်လို ရှိလဲဆိုတာကို ဥပဒေ ကြောင်းအရ ရှေ့နေ ချုပ်ရုံးကို မေး ထားတယ်။ ဒီဟာသည် ၁၇(၁)နဲ့ ငြိလား၊ မငြိဘူးလား ဆိုတာကတော့ တရားရုံး ရောက်သွားရင် တရားရုံးက ဆုံးဖြတ်ရမယ့် ကိစ္စ ဖြစ်တယ်”ဟု ဦးဇော်ဌေးက ပြောသည်။
၎င်းက ဆက်၍ “သို့သော် ကျနော်တို့က နာဂ တိုင်းရင်းသားတွေရဲ့ မေတ္တာရပ်ခံချက်အရ ပြန်ပြီးတော့ စိစစ်နေတယ် လို့ပဲ ဖြေပါရ စေ”ဟု ပြောသည်။
လက်ရှိ အချိန်အထိ နာဂခေါင်းဆောင်များကို စစ်ကိုင်းတိုင်း၊ ခန္ဓီးမြို့ အချုပ်ခန်းတွင် ဖမ်းဆီး ထိန်း သိမ်းထားပြီး လာ မည့် ဧပြီလ ၉ ရက်နေ့တွင် တရားရုံးထုတ် စစ်ဆေးမည်ဟု သိရကြောင်း၊ အစိုးရ သို့ ကူညီဆောင်ရွက်ပေးနိုင်ရန် တင်ပြထားသော်လည်း မျှော်လင့်ချက် သိပ်မရှိကြောင်း NSCN-K နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။
“အစိုးရအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်မှာ အလေးထား စဉ်းစားပေးနိုင်ရင်တော့ ကောင်း တယ်။ မဟုတ်ဘဲ ဥပဒေကြောင်း အရဘဲ ဆောင်ရွက်မယ်ဆိုရင်တော့ ကျနော်တို့မှာ မျှော်လင့်ချက် သိပ်မရှိတော့ဘူး”ဟု ၎င်းက ပြောသည်။
NSCN-K ခေါင်းဆောင် ၅ ဦးကို မတရားသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့် အရေး ယူ ခိုင်းလိုက် ရခြင်းသည် တိုင်းဒေသကြီးအဆင့် ချုပ်ဆိုထားသည့် စာချုပ်ကို ဖောက်ဖျက်ခြင်းနှင့် အိန္ဒိယကို ဆန့်ကျင်နေသည့် အာသံနှင့် ကသည်း သူပုန်များ အား ခိုလှုံခွင့် ပေးခြင်းကြောင့် ဖြစ် သည်ဟု အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး သန်းနိုင်က ဧရာဝတီ သို့ ပြောဆိုထားသည်။
လက်ရှိတွင် ခန္တီးခရိုင် ရဲတပ်ဖွဲ့ရုံးတွင် (NSCN-K ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ – ဒု ခေါင်းဆောင်)သာသနာရေး ဝန်ကြီး ဦးကျော်ဝမ်းစိန် ၊ သစ်တောရေးရာ ဝန်ကြီး ဦးအန်ကန့် (NSCN-K ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ – ခေါင်း ဆောင်)၊ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ် အောင်မိုင်း၊ NSCN-K ဗဟို ကော်မတီဝင်များ ဖြစ်သည့် ဦးစောထိန်၊ ဒုဗိုလ်မှူးကြီး အောင်စိုင်း တို့ကို ပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
၎င်းတို့သည် မတ်လ ၈ ရက်နေ့က ခန္တီးမြို့ရှိ နာဂရိုးရာ ယဉ်ကျေးမှုကွင်းတွင် အစည်းအဝေးလုပ်စဉ် တပ်မတော်က တားဆီးခဲ့ပြီး နောက် မတ် ၉ ရက်နေ့တွင် NSCN-K ခေါင်းဆောင် ၅ ဦး ကို လာရောက်ခေါ်ဆောင်သွားခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် ပုဒ်မ ၁၇ (၁)ဖြင့် အမှုဖွင့် ခံရခြင်း ဖြစ်သည်။
မြန်မာ အစိုးရ၊ တပ်မတော်တို့သည် အိန္ဒိယ အစိုးရနှင့် ဆက်ဆံရေးကောင်းအောင် ကြိုးစားနေချိန်တွင် နာဂများသည် အစိုးရနှင့် ယာယီ အပစ်ရပ်ထားသည့် အရိပ်ကိုယူ၍ အိန္ဒိယဘက်မှ မတရားအသင်း ကြေညာခံထားရသည့် အဖွဲ့ များကို ကူညီပေးနေသဖြင့် ယခုလို အရေးယူခံရခြင်း ဖြစ်နိုင်ကြောင်း ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ ချုပ်မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
“နာဂက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း မပါပါဘူး။ သူ့ဒေသအတွက်သူ သပ်သပ်ကလေး နေပြီး တော့ NCA လည်း မထိုးဘူး။ သူက အိန္ဒိယ နာဂ၊ ဗမာပြည် နာဂ ပေါင်းပြီး တော့ လွတ်လပ် သော Naga Land ထူထောင်ဖို့ နိုင်ငံရေး ရည်မှန်းချက်ရှိတော့ ကျနော်တို့ ဖက်ဒရယ်နိုင်ငံ တည်ဆောက် ရေး ရည်မှန်းချက်အောက်မှာလည်း မပါနိုင်ဘူး”ဟု ၎င်းက သုံးသပ်သည်။
NSCN-K သည် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ၂၀၁၂ ခုနှစ် ဧပြီ ၉ ရက်က တိုင်းဒေသကြီး အဆင့် အပစ် အခတ် ရပ်စဲရေး စာချုပ် လက်မှတ် ရေးထိုးထားသည့် နာဂ လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ရေးထိုးရန် အစိုးရနှင့် တပ်မတော်က ကမ်းလှမ်းထားသည်။
ဆက်စပ်ဖတ်ရှု့ရန် – နာဂ NSCN-K ခေါင်းဆောင် ၅ ဦးကို ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ထား
NSCN-K ခေါင်းဆောင် တချို့ ထိန်းသိမ်းခံထားရဟု နာဂဒေသ ဦးစီး အဖွဲ့ပြော