ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် စစ်တိုင်းဒေသ ၅ခုတွင် တပ်မတော်က အပစ်ရပ်ကာလ ၄လအဖြစ် သတ်မှတ် ခဲ့ပြီးနောက် ဆက်လက်၍ သက်တမ်းကာလထပ်မံ မတိုးမြင့်တော့သည့်အပေါ် အစိုးရအနေဖြင့် ဝင်ရောက်ပြောဆိုရန် မရှိကြောင်း နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
နေပြည်တော် နိုင်ငံတော်သမ္မတရုံးတွင် မတ်လ ၂၉ရက်ညနေက ပြုလုပ်သော လတ်တလောနိုင်ငံရေး၊ ငြိမ်းချမ်းရေး ကိစ္စများနှင့်ပတ်သက်ရှင်းလင်းသည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ပြောကြားခဲ့ခြင်းဖြစ်သည်။
စစ်တိုင်းဒေသ ၅ ခု၌ စစ်ရေးဆောင်ရွက်မှုများကို ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၂၁ရက်မှ ဧပြီလအထိ လေးတာတာ ရပ်ဆိုင်းကြောင်း တပ်မတော်က ကြေညာထားပြီး၊ အဆိုပါ အပစ်ရပ်ကာလသည် ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက် ရန်အတွက် လုံလောက်ပြီဖြစ်ကြောင်း မတ်လ ၂၅ရက်က တပ်မတော်၏ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားထားသည်။
နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အပစ်ရပ်ကာလသည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူစာချုပ် NCA တွင် လက်မှတ်မထိုးရသေးသော လက်နက်ကိုင်တပ်ဖွဲ့များအတွက် ရည်ရွယ်သတ်မှတ်ပေးခြင်းဖြစ်ပြီး ယင်းကာလအတွင်း အစိုးရ၊ တပ်မတော်နှင့် ယင်းလက်နက်ကိုင် တပ်ဖွဲ့များ အလွတ်သဘောနှင့် တရားဝင် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး တိုးတက်မှုများရရှိခဲ့ ကြောင်း ပြောကြားသည်။
“ဒီတိုးတက်မှုတွေအပေါ်မှာ မူတည်ပြီး တပ်မတော်က အပစ်ရပ်ကာလကို ကြည့်ပါလိမ့်မယ်။ ကြည့်ပြီး မှဘဲ ဒီအပေါ်မှာ ဆက်ပြီး တိုးသင့်မတိုးသင့်ကတော့ တပ်မတော်ရဲ့ သဘောထားပေါ့။ အစိုးရက တပ်မတော်ကို ဘယ်လိုလုပ်ပါလို့ သွားပြောလို့မရဘူး” ဟု ဦးဇော်ဌေးက ပြောသည်။
ဆက်လက်ပြီး “ ငြိမ်းချမ်းရေးကော်မရှင်နဲ့ NRPC နဲ့ ဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့နဲ့ ဒီလက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ ဆွေးနွေးမှုတွေမှာ သဘောတူညီချက်တွေ SSPP နဲ့ ဆိုလည်း ရတယ်။ KNPP နဲ့ဆိုလည်း ရတယ် အလားတူပဲ ဆွေးနွေးတဲ့အပိုင်းမှာ သဘော တူညီချက်တွေ ရဖို့ ကြိုးပမ်းနေတယ်။ ဒီလိုသဘော တူညီချက်တွေ ရပြီး တိုက်ပွဲတွေ လျှော့ချနိုင်တဲ့ တိုးတက်မှုတွေရလာပြီဆိုရင် တပ်မတော်ကလည်း စဉ်းစားကောင်း စဉ်းစားပါ လိမ့်မယ်။ ဒါကတော့ NRPC အနေနဲ့ ပြောဖို့မရှိဘူး။ တပ်မတော်ရဲ့ သဘောထားပဲ ဖြစ်ပါတယ်”ဟု ဦးဇော်ဌေးက ဆိုသည်။
လက်ရှိအချိန်တွင် တပ်မတော်သည် တိုက်စွမ်းအားအကောင်းဆုံးအချိန်ဖြစ်သော်လည်း တိုင်းရင်းသား ညီအကိုအချင်းချင်း မတိုက်ချင်၍ အပစ်အခတ်ရပ်စဲထားကာ ငြိမ်းချမ်းရေးဆောင်ရွက်ရန် ဖိတ်ခေါ် နေခြင်းဖြစ်ကြောင်းလည်း ဗိုလ်ချုပ်စိုးနိုင်ဦး က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
ဦးဇော်ဌေးက လက်ရှိတွင် တွေ့ဆုံဆွေးနွေးမှုများ၏ တိုးတက်မှုအဖြစ် ဧပြီလအတွင်း ကရင်နီအမျိုး သားတိုးတက်ရေးပါတီ KNPP နှင့် NRPC ၊ တပ်မတော်တို့ တရားတွေ့ဆုံဆွေးနွေးမှု ပြုလုပ်မည်ဖြစ် ကြောင်း၊ ဆွေးနွေးပြီးနောက် NCA လက်မှတ်ရေးထိုးရေးကို ဦးတည်ဆောင်ရွက်ရန် အကြမ်းဖျဉ်း သဘောတူညီမှုရရှိထားကြောင်း ဦးဇော်ဌေးက ဆိုသည်။
ထို့အတူ ဧပြီလအတွင်း၌ ကချင်လက်နက်ကိုင်အဖွဲ့ KIA KIO နှင့်လည်း အစိုးရ ၊တပ်မတော်တို့ သြင်္ကန်ကာလမတိုင်မီ တကြိမ်နှင့် သြင်္ကန်ကာလနောက်ပိုင်းတွင် တကြိမ် တွေ့ဆုံမည်ဖြစ်ကြောင်း လည်း ဦးဇော်ဌေးက ဆိုသည်။
“အဓိကအားဖြင့် ဗိုလ်ချုပ်ကြီးခင်ဇော်ဦးတို့ ငြိမ်းချမ်းရေးကော်မရှင် သွားခဲ့တဲ့အချိန်မှာ အဆိုပြုခဲ့တဲ့ Deed of Commitment အဲဒီအပေါ်မှာ Counter Proposal KIA ဘက်က ပြန်ပြီးပေးပို့မှာ ဖြစ်ပါတယ်။ ဒီလ ၃၀ ရက်နေ့ လောက်တော့ ကျနော်တို့ဆီ အကြမ်းဖျဉ်း အကြောင်းပြန်မယ်ပေါ့” ဟု ၎င်းက ပြောသည်။
ထို့အပြင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ကျောက်မဲ သီပေါဒေသမှ စစ်ဘေးရှောင်ဒုက္ခ သည်များ နေရပ် ပြန်နိုင်ရေး၊ တပ်နေရာချထားရေး တပ်မတော်နှင့် ရှမ်းပြည်ပြန်ထူထောင်ရေး ကောင်စီ၊ RCSS ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ ရှမ်းပြည်တပ်တော် SSA တို့တွေ့ဆုံဆွေး နွေးမှုပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အပစ်ရပ်ကာလသည် ငြိမ်းချမ်းရေးလုပ်ငန်းများဆောင်ရွက်ရန် လုံလောက်မှုရှိမရှိနှင့် ကာလထပ်တိုး ရန် သင့်မသင့်သည် ယင်းကာလအတွင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များတွေ့ဆုံ ဆွေးနွေးမှု ၏ ရလဒ်များအပေါ် မူတည် စဉ်စားရမည့်ကိစ္စဟု မြင်ကြောင်း PNLO မှာ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
“အခုအချိန်ထိ စစ်တိုင်းကြီး ငါးတိုင်းထဲမှာ တွေ့ဆုံမှုတွေက အလားအလာကောင်းတယ်လို့ ထင်ထင် ရှားရှားမပေါ်ဘူး။ ဈေးဆစ်နေတာ၊ အမြတ်ထုတ်နေတာ၊ သူ့ဘက်ကိုယ့်ဘက် အကျိုးစီးပွားရှာနေတာ တွေများနေတော့ ဘာမှ မရသေးသလို လေးလထက်ကျော်ရင်လည်း ထပ်ပြီး အလားအလာကောင်း မရှိဘူးဆိုရင်တော့ ကာလထပ်တိုးချဲ့မယ်ဆိုတာကလည်း အဓိပ္ပါယ်မရှိဘူး ဖြစ်နိုင်တာပေါ့” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲများမှ ရလဒ်ကောင်းများ ထွက်ပေါ်လာ မည်ဆို လျှင် တပ်မတော်အနေဖြင့် အပစ်ရပ်ကာလကို တိုးချဲ့ရန် စဉ်းစားမည်ဟု ယူဆပြီး လက်ရှိတွင် အပစ်ရပ်ကာလအတွင်း ငြိမ်းချမ်းရေးအတွက် အကျိုးရှိရှိ ထိထိရောက်ရောက် ဆွေးနွေးကြရန် သတိပေးသည့်သဘောဟု ထင်မြင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“အခုတော့ မတိုးသင့်တော့ဘူးလို့ တလလိုမှာ လေသံပေးတာက တလအတွင်းမှာ တက်သုက်ရိုက်ပြီး ကြိုးစားကြဖို့ သဘောမျိုး၊ ဖိအားပေးတဲ့သဘောမျိုးလည်း ပါတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
မိုင်းရယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းသီဟကျော်က အပစ်ရပ်လေးလကာလ အတွင်း အစိုးရနှင့် လက်နိုင်ကိုင်အဖွဲ့များ၏ ဆွေးနွေးမှုများမှ ထူးထူးခြားခြား တိုးတက်ပြောင်းလဲ လာ သည့် ရလဒ်ကောင်းကို မတွေ့ရဘဲ မြေပြင်တွင် ထိတွေ့မှုများဖြစ်နေသည့်အနေအထားကိုသာ တွေ့နေရကြောင်း ပြောကြားသည်။
တိုက်ပွဲများဖြစ်ပွားလျှင် ဒေသခံပြည်သူလူထု ဒုက္ခရောက်ရသည့်အတွက် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများ လုပ်ဆောင်နေသည့် ကာလတလျှောက်တွင် တိုက်ပွဲများ မရှိစေလိုကြောင်းလည်း ၎င်းက ဆိုသည်။
“တကယ်လည်း မြေပြင်အခြေအနေမှာ မပစ်ကြမခတ်ကြဘဲ ဖြစ်နိုင်တဲ့ အနေအထားမျိုးဖြစ်အောင် ကြိုးစားစေချင်ပါတယ်။ လူထုတွေ ဒုက္ခရောက်နေတာကို လည်း မျက်ကွယ်မပြုကြစေချင်ပါဘူး။ အပစ်ရပ်နေဆဲကာလမှာလည်း နိုင်ငံရေးတွေ့ ဆုံဆွေးနွေးမှုတွေကို ဒီထက်ပိုကြိုးစားကြပြီးမှ နှစ်ဘက်ညှိနှိုင်းအဆင်ပြေနိုင်မယ့် အနေအထားကို ဖော်ဆောင်သင့်တယ် လို့ ပြောချင်ပါတယ်” ဟု ဦးစိုင်းသီဟကျော်က ဆိုသည်။
ပဏာမ အပစ်ရပ်စာချုပ် ( Bilateral Agreement )နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နှင့် တြိဂံ တိုင်းစစ်ဌာနချုပ်နယ်မြေများကို ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၂၁ရက်မှ ၂၀၁၉ခုနှစ် ဧပြီလ ၃၀ရက်အထိ ရပ်ဆိုင်းထားမည်ဟု တပ်မတော်က ကြေငြာထားခြင်းဖြစ်သည်။
တပ်မတော် ဘက်မှ အပစ်ရပ်ကြောင်း ထုတ်ပြန်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်များ စည်းကမ်း ဖောက်ဖျက်မှုများကို တလ တကြိမ် ရှင်းလင်း တင်ပြမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယခု လတွင် ဖေဖော်ဝါရီ ၂၃ ရက်မှ မတ်လ ၂၃ ရက်နေ့ အထိ တတိယ အကြိမ်တွင် တပ်မတော်နှင့် ထိတွေ့ တိုက်ခိုက်မှု ၂၄ ကြိမ်၊ လက်နက်ကိုင် အချင်းချင်း ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားမှု ၁၅ ကြိမ်၊ နယ်မြေ ကျော်လွန် လှုပ်ရှားမှု စုစုပေါင်း ၉၄ ကြိမ်၊ ဆက်ကြေး ကောက်ခံမှု ၁၀ ကြိမ်၊ လူသစ် စုဆောင်း မှု ၈ ကြိမ် အထိ ဖြစ်ပွားခဲ့ကြောင်း ဗိုလ်ချုပ် စိုးနိုင်ဦး က ရှင်းပြသည်။
တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲ ဖြစ်ပွားမှုမှာ ပထမ လတွင် ၁၂ ကြိမ်၊ ဒုတိယ မြောက်တွင် ၁၃ ကြိမ် ၊ တတိယ မြောက်လတွင် ၁၅ ကြိမ်၊ ဖြစ်ပွားခဲ့ပြီး နယ်မြေ ကျော်လွန် လှုပ်ရှားမှု အနေဖြင့် ပထမ လတွင် ၁၀၆ ကြိမ်၊ ဒုတိယ လတွင် ၁၂၆ ကြိမ်၊ တတိယလတွင် ၃၄ ကြိမ် ဖြစ်ခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ခဲ့သည်။
သုံးလအတွင်း စုစုပေါင်း စည်းကမ်း ဖောက်ဖျက်မှုများမှာ တပ်မတော်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု အကြိမ် ၃၀၊ လက်နက် ကိုင် အချင်းချင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု အကြိမ် ၄၀၊ နယ်မြေ ကျော်လွန် လှုပ်ရှားမှု ၃၈၀ ကျော် ရှိကြောင်း၊ ဆက်ကြေး ကောက်ခံမှု ၃၂ ကြိမ်၊ လူသစ် စုဆောင်းမှု ၃၈ ကြိမ် ဖြစ်ခဲ့ကြောင်း ဒီဇင်ဘာ ၂၁ ရက်မှ မတ်လ ၂၃ ရက်နေ့ အထိ ၃ လ အတွင်း ဖြစ်ပွားခဲ့ကြောင်း၊ တပ်မတော်နှင့် အများဆုံး ထိတွေ့ တိုက်ပွဲ ဖြစ်ပွားမှုမှာ SSPP နှင့် အများဆုံး ဖြစ်ပွား ခဲ့ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဆက်စပ်ဖတ်ရှု့ရန် – အပစ်ရပ် ကာလ လုံလောက်ပြီဟု တပ်မတော် ပြော