မုဒိမ်းမှုအပါအဝင် ပုဒ်မ ၃ခုဖြင့်တရားစွဲဆိုခံထားရတဲ့ အဆိုတော်အစ္စဏီရဲ့ အမှုကိုတော့ တရားလိုဖြစ်သူရဲ့ ရုံးပြောင်းလျှောက်ထားမှုကြောင့် အမှုတွဲမှာ တိုင်းဒေသကြီးတရားရုံး သို့ရောက်ရှိနေတာတဲ့အတွက် မစစ်ဆေးနိုင်သေးဘဲ ရပ်ထားခဲ့ရပါတယ်။
မတ်လ ၂၉ရက်နေ့မှာတော့ အဆိုပါ ရုံးပြောင်းလျှောက်ထားမှုကို တိုင်းဒေသကြီးလွှတ်တော်မှ ပယ်ချခဲ့ပြီး မူလမြို့နယ်တရားရုံးတွင် ဆက်လက်စစ်ဆေးရန်အမှုချမှတ်ခဲ့တယ်လို့ သိရပါတယ်။
“တရားလိုဘက်က ရုံးပြောင်းလျှောက်ထားတာကို တိုင်းရုံးကပယ်ချလိုက်ပါတယ်။ မူလမြို့နယ်တရားရုံးမှာပဲ ပြန်လည်စစ်ဆေးဖို့ခွင့်ပြုခဲ့ပါတယ်” လို့ အစ္စဏီရဲ့ရှေ့နေဖြစ်သူ ဦးကျော်ဇင်ဦးက ပြောပါတယ်။
အဆိုပါ ရုံးပြောင်းလျှောက်ထားမှုကိုတော့ တရားလိုဖြစ်သူဘက်မှ တာမွေမြို့နယ်တရားရုံးတွင် စစ်ဆေးရခြင်းမှာ အဆင်ပြေမှုမရှိတာကြောင့် အရှေ့ပိုင်းခရိုင်တရားရုံးကို ပြောင်းပေးရန်လျှောက်ထားခဲ့ပြီး ခရိုင်ရုံးမှလည်း မူလစစ်ဆေးရာ တာမွေမြို့နယ်တရားရုံးကိုသာ ပြန်လည် အမိန့်ချပေးခဲ့တာဖြစ်ပါတယ်။
တိုင်းဒေသကြီးတရားရုံးကို ရုံးပြောင်းလျှောက်ထားခဲ့တဲ့ အချိန်ကာလအတွင်းမှာတော့ အမှုကို စစ်ဆေးမှု ပြုလုပ်နိုင်ခြင်းမရှိဘဲ ပုံမှန်ရုံးထုတ်များသာ လုပ်ဆောင်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
“ဘာကြောင့်လဲဆိုတာကတော့ အရှေ့ပိုင်းခရိုင်တရားရုံးက ဆုံးဖြတ်ခဲ့တဲ့အတိုင်းပဲဖြစ်ပါတယ်။ ရုံးပြောင်းလျှောက်ထားတဲ့ ကိစ္စက ခန့်မှန်းခြေအနေနဲ့ကတော့ ၄လကျော် ၅လလောက်တော့ရှိသွားပါပြီ။ လက်ရှိအထိကတော့ တရားလိုကို စစ်ဆေးတဲ့အခြေအနေပဲ ရှိပါသေးတယ်” လို့ အစ္စဏီရဲ့ရှေ့နေဖြစ်သူ ဦးကျော်ဇင်ဦးကပြောပါတယ်။
လက်ရှိအချိန်ထိမှာတော့ တရားလိုဖြစ်သူ စူးရှထက်နဲ့ မှုခင်းဆရာဝန်တို့ကိုသာ စစ်ဆေးရသေးပြီး တရားလိုပြသက်သေများ စစ်ဆေးရန်အတွက် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
“အမှုနဲ့ပတ်သက်ပြီးတော့ တာမွေမြို့နယ်တရားရုံးကို ရောက်ရှိတဲ့အခါမှာ အမှုကို မြန်မြန်နဲ့မှန်မှန်ဆောင်ရွက်မယ်။ အမှန်တရားရှိတာကို ဆက်လက်ပြီးဖော်ထုတ်မှာပါ။ နောက်ရုံးချိန်းကိုတော့ မူလတာမွေမြို့နယ်တရားရုံးမှာ ဧပြီလ ၄ရက်နေ့ ချိန်းဆိုထားပါတယ်” လို့ ဦးကျော်ဇင်ဦးက ပြောပါတယ်။
အဆိုတော်အစ္စဏီကိုတော့ ရည်းစားဟောင်းဖြစ်သူ မော်ဒယ်စူးရှထက်မှ တာမွေမြို့နယ်တရားရုံးမှာ ဥပဒေပုဒ်မ ၃၇၆ ၊ ၃၂၄ ၊ ၃၂၃ တို့ဖြင့် ပြီးခဲ့တဲ့နှစ် ၂၀၁၈၊ ဧပြီလက တရားစွဲဆိုခဲ့တာကြောင့် မကြာခင်မှာလည်း တနှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။
ဆက်စပ်ဖတ်ရှုရန် သတင်းလင့်ခ်
တရားလိုဘက်မှ တရားရုံးပြောင်းပေးရန်လျှောက်ခဲ့တဲ့ အဆိုတော် အစ္စဏီအမှု
ဆက်လက် မစစ်ဆေးနိုင်ဘဲ ကြန့်ကြာနေတဲ့ အဆိုတော် အစ္စဏီအမှု