ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရွေးကောက်ပွဲကို လူထုစိတ်ဝင်စားမှုနည်းပါးနေပြီး မဲစာရင်းတွင် ပါဝင်သူများကိုယ်တိုင် မဲရုံများထံသို့ လာရောက် မဲမပေးကြသည့် အခြေအနေ ဖြစ်နေကြောင်း ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှု အဖွဲ့ (PACE) က သတင်းထုတ်ပြန်သည်။
ရန်ကုန်စည်ပင်သာယာ ရွေးကောက်ပွဲကျင်းပသည့် မြို့နယ် ၃၃ မြို့နယ်လုံးသို့ PACE အဖွဲ့က ရွေးကောက်ပွဲ စောင့်ကြည့်ရေး ကိုယ်စားလှယ် ၃၄၈ ဦး လွှတ်ပြီး စောင့်ကြည့် လေ့လာရာလျှက်ရှိသည်။
PACE အဖွဲ့၏ လေ့လာရရှိထားသည့် မှတ်တမ်းများအရ မဲရုံများသို့ နံနက် ၆ နာရီ မှ ၁၀ နာရီခွဲ အချိန်အထိ မဲလာပေးသူဦးရေမှာ မဲစာရင်းပါ အရေအတွက်၏ ၁၀ ရာခိုင်နှုန်းအောက်သို့ ရောက်ရှိနေသည်ဟု PACE အဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့် က ပြောသည်။
ဦးစိုင်းရဲကျော်စွာမြင့် က “ဒီနေ့မနက်ပိုင်း ၁၀ နာရီခွဲအချိန်အထိ စောင့်ကြည့်လေ့လာမှုရဲ့ တွေ့ရှိချက်အရ မဲလာပေးသူဦးရေ ၁၀ ရာခိုင်နှုန်း အောက်ပဲ ရှိတာကို တွေ့ရှိရပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လသာမြို့နယ် ၆ ရပ်ကွက်ရှိ မဲရုံ (၁) နှင့် မဲရုံ (၂) တွင် မဲပေးပိုင်ခွင့်ရှိသည့် လူဦးရေ ၁၈၀၀ ကျော်ရှိသော်လည်း နေ့လည်းပိုင်းထိ လာရောက် မဲပေးသူ ဦးရေ ၂၀၀ ကျော်သာ ရှိသေးကြောင်း လသာမြို့နယ် အမှတ် (၆) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးကျော်ကလည်း ပြောသည်။
ဦးအောင်မိုးကျော် က “လာပြီးတော့ ပေးတဲ့ မဲအရေအတွက်က ၂၀၀ လောက်ပဲ ရှိသေးတဲ့အတွက် ၁၀ ရာခိုင်နှုန်းကျော်ကျော်လေးပဲ လာပေးတဲ့ ဆိုတဲ့ အဓိပ္ပာယ်ထွက်နေတာပေါ့။ တော်တော်ကို စိတ်ပျက်စရာကောင်းတယ်။ လာတော့ပေးကြပါတယ်။ ဒါပေမယ့် ဒီထက်ပိုပြီးတော့ များသင့်တာ။ မဲစာရင်းပြုစုတဲ့ အပိုင်းမှာ အားနည်းချက်ရှိတဲ့ အတွက် တချို့ပြန်သွားရတာလည်း ရှိတယ်” ဟု ပြောသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း က “ပြည်သူလူထုအနေနဲ့ ရန်ကုန်စည်ပင်ကော်မတီရဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ ယုံကြည်မှု ပိုပြီးကျဆင်းလာတယ်လို့ သုံးသပ်လို့ရတယ်။ နောက် အခုရွေးကောက်တင် မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေကရော တကယ်ပြည်သူ လူထုကို မျက်နှာမူပြီးတော့ ရဲရဲဝံ့ဝံ့နဲ့ ဖောက်ထွက်အလုပ် လုပ်နိုင်ပါ့မလားလို့ သံသယဖြစ်တာတွေလည်း ရှိကောင်း ရှိနိုင်တယ်။ တနည်းအားဖြင့်တော့ မဲလာမပေးကြဘူးဆိုတာ မဲပေးလည်း ဘာမှမထူးပါဘူးဆိုတဲ့ သုံးသပ်ချက်အပေါ်မှာလည်း အခြေခံနိုင်တယ်” ဟု ပြောသည်။
ထို့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲဆန္ဒရှင်များကို စည်းရုံးလှုံးဆော်ခြင်း၊ အသိပညာပေးခြင်းမျိုးကို ရွေးကောက်ပွဲ အကြိုကာလတွင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သည်ကို မတွေ့ရကြောင်း ဒေါက်တာ ရန်မျိုးသိန်း က ထောက်ပြသည်။
၂၀၁၈ တွင် စည်ပင်ဥဒေထွက်ရှိခဲ့သော်လည်း ထိုဥပဒေနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ပြည်သူလူထုကို ချပြမှု အားနည်းခဲ့သဖြင့် ထိုဥပဒေတွင် ပါဝင်သည့် အချက်အလက်များကို ပြည်သူလူထုက မသိခဲ့သဖြင့် လိုက်နာရန် ခက်ခဲကြောင်း စည်ပင်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ဦးခင်လှိုင် က ဧရာဝတီသို့ ပြောသည်။
ဦးခင်လှိုင် က “စည်ပင်ဥပဒေမှာ ပါတဲ့ အချက်အလက်တွေ အကုန်လုံး ပြည်သူတွေ မသိကြဘူး။ မသိကြတော့ လိုက်နာဖို့ ခက်ခဲသလို စည်ပင်ဟာ ဘယ်လောက် အရေးကြီးလဲဆိုတာကို မသိပြန်ဘူး။ တခါ စည်ပင်ရွေးကောက်ပွဲ နည်းဥပဒေ ထွက်လာပြန်တယ်။ နည်းဥပဒေ ထွက်လာပြန်တော့လည်း ချက်ချင်း နည်းဥပဒေထုတ်ပြီးတော့ ချက်ချင်း ရွေးကောက်ပွဲ လုပ်လိုက်ပြန်တယ်။ ပြည်သူလူထုက ချတော့ ချပြတယ် ပွင့်လင်းမြင်သာတယ် ပြောပေမယ့် အသိပေးမှု အားနည်းတာဖြစ်တဲ့ အတွက် ပါသင့် ပါထိုက်တဲ့ ကိုယ်စားလှယ်တွေ ထွက်မလာကြဘူး” ဟု ပြောသည်။
ရန်ကုန် စည်ပင်ရွေးကောက်ပွဲတွင် မဲရုံနေရာမှားယွင်းမှုများ၊ မဲစာရင်းမပါဝင်မှုများ ရှိနေပြီး ရန်ကုန်တမြို့လုံးရှိ မဲရုံများ၏ ၂ ရာခိုင်နှုန်းတွင် မဲဆန္ဒရှင်စာရင်းကို မတွေ့ရှိရကြောင်း PACE အဖွဲ့ထံမှ သိရသည်။
ရန်ကုန်စည်ပင်သာယာ ရွေးကောက်ပွဲတွင် မဲလာပေးကြသော်လည်း မဲစာရင်းတွင် မပါ၍ ပေးခွင့်မရဘဲ လှည့်ပြန် သွားရသူ ရာနှင့်ချီ၍ ရှိနေပြီး စမ်းချောင်းမြို့နယ်ရှိ လင်းလွန်းမြောက်ရပ်ကွက် တခုတည်းတွင်ပင် လူဦးရေ ၁၀၀ ကျော် မဲစာရင်းတွင် မပါဟုဆိုကာ မဲပေးခွင့် မရဘဲ ပြန်လာခဲ့ရကြောင်း စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦက ပြောသည်။
ဦးဘိုဦးက “မဲဆန္ဒရှင်တွေက ကျနော့်ကို Complain လုပ်ကြပါတယ်။ သူတို့ မဲစာရင်းထဲမပါလို့ မဲပေးခွင့်မရဘူးပေါ့ဗျာ။ နှစ် ၃၀၊ ၄၀ မွေးကတည်းက နေတဲ့သူတွေပါတယ်။ ဒီမှာ အခြေချတာ နှစ် ၂၀၊ ၃ ရှိတဲ့သူတွေ ပါတယ်။ လင်းမြောက်ရပ်ကွက်က အဆိုးဆုံး ဖြစ်နေပါတယ်” ဟု ပြောသည်။
စည်ပင်သာယာရွေးကောက်ပွဲကို မြို့နယ် ၃၃ မြို့နယ်တွင် ပြုလုပ်လျက်ရှိပြီး ရန်ကုန်မြို့၌ မဲပေးခွင့်ရှိသူ လူဦးရေ ၃ သန်းကျော်ရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။
ယနေ့ကျင်းပသည့်ရွေးကောက်ပွဲမှ ဗဟို ကော်မတီဝင် ၆ ဦး၊ မြို့နယ် တမြို့နယ်၌ ကော်မတီဝင် ၃ ဦးဖြင့် မြို့နယ် ၃၃ မြို့ နယ် အတွက် ၉၉ ဦးနှင့် စုပေါင်း ၁၀၅ ဦးကို ရွေးချယ်သွားမည် ဖြစ်သည်။