ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီးအား ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ အရာရှိတဦးက တရားလိုပြုလုပ်ကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့်အမှုဖွင့်ထားကြောင်း အင်းစိန်မြို့မရဲစခန်း တာဝန်ကျအရာရှိက ဧရာဝတီသို့ပြောသည်။
ထိုသို့အမှုဖွင့်ထားခြင်းအား သက်ဆိုင်ရာရဲတပ်ဖွဲ့မှ တရားဝင်အကြောင်းကြားမှု မရှိသေးသည့်အပြင် မည်သည့်အတွက် အမှုဖွင့်တရားစွဲ ဆိုရခြင်းဖြစ်ကြောင်းလည်း မသိသေးကြောင်း ဦးမင်းထင်ကိုကိုကြီးက ပြောသည်။
ဦးမင်းထင်ကိုကိုကြီး က “အမှုဖွင့်ထားတယ်ဆိုတာနဲ့ ပတ်သက်လို့ အခုထိ ဘာမှကိုမသိရသေးပါဘူး။ အဲ့အတွက် ခုချိန်မှာ ဘာမှတော့ မပြောနိုင်သေးပါဘူး၊ သေသေချာချာ သိရမှပဲ ပြောလို့ရနိုင်မှာပါ၊ ရဲစခန်းကလဲ ဘာမှအကြောင်းကြားတာ မရှိသေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အမှုဖွင့်ထားခြင်းပတ်သက်ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်ထံ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း တယ်လီဖုန်း လက်ခံဖြေကြား ခြင်းမရှိသဖြင့် တပ်မတော်ဘက်မှ အမှုဖွင့်ရခြင်း အကြောင်းအရင်းအတည်ပြုချက် ဖော်ပြနိုင်ခြင်းမရှိပါ။
လက်ရှိတွင် ဦးမင်းထင်ကိုကိုကြီးမှာ နေပြည်တော်တွင်ကျင်းပပြုလုပ်မည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးထောက်ခံပွဲသို့ တက်ရောက်ရန် သွားရောက်လျှက်ရှိကြောင်းသိရသည်။
၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နှင့် ပတ်သက်ပြီး ပြင်ဆင်မှု ပြုလုပ်ခဲ့ပြီးနောက် တပ်မတော်မှ ၆၆ (ဃ) ဖြင့် တရားလိုပြုလုပ်စွဲဆိုမှုမှာ ပထမဆုံးအကြိမ်းဟု ပြောနိုင်ကြောင်း အသံအဖွဲ့တည် ထောင်သူ မောင်ဆောင်းခက ပြောသည်။
မောင်ဆောင်းခ က “ ဥပဒေပြင်ပြီးတဲ့နောက်ပိုင်း ၆၆(ဃ)နဲ့ တရားစွဲတာ အားလုံး ၇၇ မှုရှိတယ်၊ တပ်ကနေစွဲတာကတော့ ဒါက ပထမဆုံး အကြိမ်လို့ပြောလို့ရတယ်၊ ဥပဒေမပြင်ခင်က စွဲခဲ့တာတွေတော့ရှိတာပေါ့” ဟု ပြောသည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ရပ်တည်ကာ လုပ်ဆောင်လျှက်ရှိသည့် အသံအဖွဲ့အနေဖြင့်လည်း ဦးမင်းထင်ကိုကိုကြီးအား တပ်မတော်အနေဖြင့် မည်သည့်အတွက်ကြောင့် အမှုဖွင့်ရသည်ကို သေချာစွာမသိရသေးကြောင်း ပြောဆိုသည်။
အသံအဖွဲ့မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့အထိ ကောက်ယူခဲ့သော စစ်တမ်းများအရ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုမှုမှာ စုစုပေါင်း ၁၇၉ မှုရှိပြီဖြစ်ကြောင်း သိရသည်။
လက်ရှိအစိုးရလက်ထက် ပုဒ်မ ၆၆(ဃ)အား ပြင်ဆင်ခဲ့သည့် ၂၀၁၇ ခုနှစ် သြဂုတ်လနောက်ပိုင်း ၆၆ (ဃ)ဖြင့် တရားစွဲဆိုသည့် ၇၇ မှု တွင်လည်း အစိုးရဌာနဆိုင်ရာဝန်ထမ်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တရားစွဲဆိုမှုမှာ ၂၄ မှုအထိရှိနေကြောင်း သိရသည်။