ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) မှ ၉၁ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ၉၀ ဦး အနိုင်ရရှိခဲ့ကြောင်း NLD ပါတီ ရန်ကုန်တိုင်း ပြန်ကြားရေးကော်မတီ က ထုတ်ပြန်ထားသည်။
စည်ပင်သာယာရွေးကောက်ပွဲတွင် ဆိပ်ကမ်းမြို့နယ်ကော်မတီ ဥက္ကဋ္ဌ နေရာမှအပ မြို့တော်အဆင့်ကော်မတီဝင် ၆ ဦးနှင့် မြို့နယ်ကော်မတီဝင် ၈၄ ဦး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
NLD ရန်ကုန်တိုင်း ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ စိုးဝင်းဦး (Dr Bio) က “မဲပေးတဲ့ပြည်သူတွေရဲ့ ရွေးချယ်မှုပါပဲ မဲဆန္ဒရှင် ပြည်သူတွေကြိုက်တဲ့သူ အနိုင်ရသွားတဲ့ သဘောပါပဲ။ ပါတီ ဝင်ခွင့်က ၉၇ ပါတီရှိတယ် အားလုံးကို ဝင်ခွင့် ပေးထားတာပဲ။ ကြံ့ခိုင်ရေးပါတီလည်း မနိုင်တာ ပြည်သူက မကြိုက်လို့ပေါ့။ ပြည်သူလူထုက ဘာလုပ်ရမယ်ဆိုတာကို ပြတ်ပြတ်သားသား သိတယ်” ဟု ဆိုသည်။
စည်ပင်သာယာ ရွေးကောက်ပွဲကို မြို့နယ် ၃၃ မြို့နယ်တွင် ပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့၌ မဲပေးခွင့်ရှိသူ လူဦးရေ ၃ သန်းကျော်ရှိကြောင်း ထိုအနက်မှ ၁၀ ရာခိုင်နှုန်းအောက်သာ ပါဝင်မဲပေးခဲ့ကြောင်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု အဖွဲ့ (PACE) က သတင်းထုတ်ပြန်ထားသည်။
မတ်လ ၃၁ ရက်နေ့က ကျင်းပခဲ့သည့် စည်ပင်သာယာ ရွေးကောက်ပွဲမှ ဗဟို ကော်မတီဝင် ၆ ဦး၊ မြို့နယ် တမြို့နယ်၌ ကော်မတီဝင် ၃ ဦးဖြင့် မြို့နယ် ၃၃ မြို့ နယ် အတွက် ၉၉ ဦးနှင့် စုပေါင်း ၁၀၅ ဦးကို ရွေးချယ်သွားမည် ဖြစ်သည်။
အဆိုပါမဲရလဒ်များကိုလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပေးနေလျက် ရှိသည်။