သတင်း

ဖြိုးကိုကိုတင့်ဆန်း အမှု စွဲချက် အမိန့် ပြင်ဆင် လျှောက်ထားချက် ပယ်ချခံရ

Want create site? Find Free WordPress Themes and plugins.

လက်နက်များနှင့် ဖမ်းဆီးရမိသော ဟိုတယ် ACE ပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်း အမှုနှင့် ပတ်သက်ပြီး စွဲချက်တင် အမိန့်ကို မကျေနပ်၍ ပြင်ဆင်ရန် မန္တလေးတိုင်း တရားလွှတ်တော်သို့ တင်ထားသည့် လျှောက်ထားချက် ပယ်ချခံရကြောင်း သတင်း ရရှိသည်။

ဖြိုးကိုကိုတင့်ဆန်းကို နေပြည်တော် ဒက္ခိဏ ခရိုင် တရားရုံးက ပုဒ်မ ၁၄ ခုနှင့် စွဲချက်တင်ထားကာ ယင်း ပုဒ်မများမှာ မူးယစ် ဥပဒေ ပုဒ်မ၊ လက်နက် ဥပဒေ ပုဒ်မ၊ ၁၉၂၃ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် ဥပဒေ၊ ပို့ကုန် သွင်းကုန် ဥပဒေ၊ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်၊ ဆက်သွယ်ရေး ပုဒ်မနှင့် တရားခံပြေး ပုဒ်မတို့ ပါဝင်ကြောင်း သိရသည်။

ဖြိုးကိုကိုတင့်ဆန်း၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်က“မန္တလေးတိုင်း ဒေသကြီး တရား လွှတ်တော် မှာ မူလ ခရိုင် တရားရုံးက စွဲချက် တင်ထားတဲ့ အမိန့်ကို ပြင်ဆင် ပယ်ဖျက်ပေးဖို့ အတွက် လျှောက်လဲချက် တင်ခဲ့တယ်။ အဲဒီ ညနေ ၃ နာရီ ခွဲလောက်မှာပဲ တရားခံ လျှောက်လဲချက်ကို ပယ်ကြောင်း အမိန့် ချတယ်”ဟု ပြောသည်။

ဖေဖော်ဝါရီ ၄ ရက်က စစ်ဆေးသည့် ရုံးချိန်း၌ ဒက္ခိဏ ခရိုင် တရားသူကြီးက ဖြိုးကိုကိုတင့်ဆန်း အပါအဝင် ရန်ကုန်နှင့် နေ ပြည်တော်တွင် ဖမ်းဆီးရမိသည့် စွပ်စွဲခံရသူ ၁၂ ဦးလုံးကိုလည်း သက်ဆိုင်ရာ ပုဒ်မများနှင့် စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စွဲချက်တင်ခံရသည့် အပေါ် အမှုရင်ဆိုင် ဖြေရှင်းနေရသူ ဖြိုးကိုကိုတင့်ဆန်း က မကျေနပ်သည့် အတွက် ပြီးခဲ့သည့် မတ်လ ၂၉ ရက်တွင် မန္တလေးတိုင်း တရားလွှတ်တော်သို့ လျှောက်လဲချက် တင်သွင်းခဲ့ခြင်း ဖြစ်သည်ဟု ဦးမြင့်အောင်က ပြောသည်။

ဖြိုးကိုကိုတင့်ဆန်း၏ ရှေ့နေက“အခု မန္တလေးတိုင်းက အမိန့်ကို ကာယကံရှင်တွေဘက်က မကျေနပ်ရင်တော့ ပြည် ထောင်စု တရား လွှတ်တော်ချုပ်ကို တင်လို့ ရပါတယ်။ ဒါပေမယ့် ကာယကံရှင်ဘက်က သဘောထား အတိုင်း ဆက်ပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟုလည်း ပြောပြသည်။

ယင်းသို့ စွဲချက်တင်ပြီး အမှုကို ပြန်လည် စစ်ဆေးရာ ဥပဒေ လမ်းကြောင်း အရ ပြန်ခေါ် သက်သေများ ကို ဖေဖော်ဝါရီ လ အတွင်းမှ စတင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ပြန်ခေါ်သက်သေ ၆၀ ကျော်မှ ၅ ဦးသာ ကျန်ရှိပြီး အဆိုပါ ၅ ဦးမှ ဒုရဲအုပ် ဖြိုးဝေအောင်ကို ဧပြီ ၁ ရက်တွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ပျဉ်းမနားမြို့မှ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က“စွဲချက် အမိန့်ကို မိတ္တူကူးပြီး အပေါ်ရုံးကို တက်လေ့ ရှိ တယ်။ အခုလည်း အဲဒီလို တက်တာ အပေါ်ရုံး ရောက်တော့ သူ့ရဲ့ ပြင်ဆင်မှု စွဲချက်ကို မတင်ဘဲနဲ့ လွှတ်ပေးဖို့ သူ့ရဲ့ လျှောက်ထားချက်ကို မန္တလေးတိုင်း တရားလွှတ်တော် ကနေပြီးတော့ ပယ်လိုက်တာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

စစ်ဆေးထားသည့် တရားလိုပြ သက်သေများထဲမှ ကနဦး သက်သေ ပေါ်ပေါက်သည်ဟု ယူဆပါက တရားသူကြီး အနေ ဖြင့် စွဲချက် တင်နိုင်ကြောင်း၊ ယင်းသို့ စွဲချက်တင်လိုက်ခြင်းသည် ကြန့်ကြာနေသည့် အမှုများကို ဖြေလျှော့စေမည် ဖြစ် ကြောင်း၊ အမှုတွဲများ ဆက်လက် စစ်ဆေးရာတွင်လည်း တရားမျှတမှု ရှိကြောင်း၊ ထိုသို့ လုပ်ပိုင်ခွင့်မှာ တရားသူကြီး၏ လုပ်ပိုင်ခွင့် ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

မတ်လ ၂၅ ရက်က စစ်ဆေးမည့် ပြန်ခေါ် သက်သေထဲမှ ရဲအရာရှိ ၂ ဦးနှင့် အရပ်သား ၂ ဦးကို ခေါ်ယူထားသော်လည်း တရားခွင် စစ်ဆေးမှု ပျက်ကွက်ရခြင်း ဖြစ်ကြောင်း တရားရုံးက သိရသည်။

ပြန်ခေါ် သက်သေများကို စစ်ဆေးရာ၌ တနင်္လာနေ့တွင် ရန်ကုန်မှ အမှုများ စစ်ဆေးပြီး အင်္ဂါနေ့တွင် နေပြည်တော်မှ အမှု များ စစ်ဆေးကြောင်း၊ ယခင် တပတ်ကို တကြိမ်နှုန်းဖြင့် စစ်ဆေးရာမှ အမှု စစ်ဆေးမှု မြန်ဆန်ရန် အတွက် တပတ် ၂ ကြိမ် နှုန်း စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ဦးမြင့်အောင်က ရှင်းပြသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က နေပြည်တော် လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်း၊ ရဲမင်းဆွေ၊ ဇော်ဝင်းထိုက် တို့ ထံမှ ပစ္စတို ၂ လက်၊ ကျည်ဆန်များ၊ စိတ်ကြွဆေးပြားများ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကွင်းဆက် အဖြစ် ACE ရုံးနှင့် နေ အိမ်၌ လက်နက်၊ စကား ပြောစက်၊ နိုင်ငံတော် လုံခြုံရေး ကဲ့သို့သော အဖွဲ့အစည်း တံဆိပ်စသည့် ပစ္စည်းများကို တွေ့ရှိ ခဲ့သဖြင့် ဖမ်းဆီးအရေးယူခဲ့ခြင်း ဖြစ်သည်။

ယင်းအမှုနှင့် ပတ်သက်၍ စစ်ဆေးမှု ပြုလုပ်ရာတွင် အချိန် ၁ နှစ်ကျော် ကြာမြင့်သည် အထိ တရားလိုပြသက်သေ ၄၀၀ ကျော် စစ်ဆေးရန် ရှိရာတွင် လက်ရှိ အချိန်ထိ သက်သေ ၂၀၀ ကျော် စစ်ဆေးပြီး ဖြစ်သည်။

ရုံးချိန်း သတ်မှတ်ရက်တွင် သက်သေများ၊ နှစ်ဘက် ရှေ့နေနှင့် တရားသူကြီး အားလုံး ဆုံမှ တရားခွင် အတွင်း စစ်ဆေးမှု ပြုလုပ်ရသောကြောင့် သက်သေများ ပျက်ကွက်ခြင်း ရှိနေသဖြင့် ရုံးချိန်း ပျက်ကွက်မှုများ ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တရားလိုပြ သက်သေများကို စစ်ဆေးရန် ကျန်ရှိနေသော်လည်း ဖေဖော်ဝါရီလ အတွင်းက ကြားဖြတ် စွဲချက်တင် လိုက်ခြင်း ဖြစ်သည်။

ဆက်စပ် ဖတ်ရှုရန်
ဖြိုးကိုကိုတင့်ဆန်း အမှု ပြန်ခေါ်သက်သေ စစ်ဆေးရန် ၅ ဦးသာ ကျန်
ဖြိုးကိုကိုတင့်ဆန်း အမှု စွဲချက် အမိန့် မကျေနပ်၍ တိုင်းတရားရုံးသို့ တက်မည် ဟုဆို

Did you find apk for android? You can find new Free Android Games and apps.
Loading