မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့အနောက်ပိုင်း ဘောလုံးကြီး ကျေးရွာ၌ ကျောက်ကုမ္ပဏီ တခုနှင့် ကျောက်ရှာသူများ ကြား ပဋိပက္ခ ဖြစ်ပွားကာ မီးရှို့ရာမှ ကာလ တန်ဖိုး ငွေကျပ် သိန်းနှစ်ရာကျော် ဆုံးရှုံးသွားကြောင်း သတင်း ရရှိသည်။
မတ်လ ၃၁ ရက်ညပိုင်းက မီးလောင်မှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း မိုးကုတ်မြို့ မီးသတ် ဦးစီးမှူး ဦးနန္ဒထွန်းနိုင်က ဧရာဝတီသို့ ပြောသည်။
ဦးနန္ဒထွန်းနိုင်က “မနေ့က မီးလောင်မှု တန်ဖိုးက ၂၁၂၃၀၀၀၀(နှစ်ရာ တဆယ့် နှစ်သိန်း သုံးသောင်း) ဆုံးရှုံးခဲ့တယ်၊ လက်ရှိမှာတော့ အထွေထွေ အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့တို့နဲ့ ကျနော်တို့ ညှိနှိုင်း ဆောင် ရွက်ပြီး စုံစမ်း စစ်ဆေးနေတုန်း ဖြစ်တယ်၊ မီးရှို့သူ ဘယ်သူဘယ်ဝါ ဆိုတာလည်း မသိရသေးပါဘူး” ဟု ဆိုသည်။
အဆိုပါ ဌေးပိုင် ကျောက် ကုမ္ပဏီသည် ၂၀၁၄၊ ၂၀၁၅ခုနှစ်မှ စတင်ပြီး ကျောက်တူးနေသည့် တရုတ် ကုမ္ပဏီ ဖြစ်ပြီး၊ လက်ရှိ ကုမ္ပဏီ သက်တမ်းကုန်နေပြီ ဖြစ်သည့် အတွက် ကျောက်တူးခြင်း မရှိတော့ ဘဲ အစောင့်များသာ ထားရှိကြောင်း သိရသည်။
ဘောလုံးကြီး ကျေးရွာမှ ကျောက်ရှာသူ ဦးအောင်ပြည့်က “သူတို့က ညမှာ ခဲ (ပတ္တမြားကျောက်) လာရွေးတယ်။ ခဲ က ညမှ မြင်ရတာ။ စောင့်တဲ့ မန်နေဂျာ၊ တာဝန်ခံတွေက အော်တယ်။ မင်းတို့ အဲဒီ အပေါ်ကနေ ဆင်း၊ ၁၀ မိနစ်မှ မဆင်းရင် တော့ ငါတို့ အကြောင်း သိမယ် ပြောတော့ အော်ရင်းနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့ ဘောလုံးကြီး တရွာတည်း မဟုတ် ဘူး၊ တခြား ဒေသက ရွာသားတွေ လည်း ပါတော့ လူပေါင်း ငါးရာ၊၁ ထောင်လောက် ရှိတယ်။ အဲဒါနဲ့ ဘယ်သူ စရှို့တာလဲ မသိဘူး။ မီးလောင်မှု ဖြစ်သွားတယ်” ဟု ပြောပြသည်။
မိုးကုတ်တွင် ပတ္တမြားကျောက် ရှာသည့် အလုပ်ကို ဒေသခံ ရွာသားများ အပြင် တခြား ဒေသမှ ကျောက်ရှာလာကြသည့် လုပ်သားများလည်း ရှိနေကာ ညပိုင်း၌ သက်တမ်း ကုန်နေပြီ ဖြစ်သော လုပ်ကွက်များသို့လည်း ဝင်ရောက် ရှာလေ့ ရှိကြ ကြောင်း သိရသည်။
ကျောက်ရှာသူတချို့က ကျောက်တူးထားသည့် တွင်းဟောင်းများ အတွင်း ဝင်ရောက် ရှာဖွေကြ သကဲ့သို့ တချို့ သော သူများက ကျောက်တွင်း အပေါ်တွင်သာ လက်နှိပ် ဓာတ်မီးများနှင့် ထိုးပြီး ရှာဖွေကြခြင်း ဖြစ်ကြောင်း ကျောက်ရှာသူများ က ဆိုသည်။
ထို့သို့ ကျောက်ရှာသည့် ရွာသားများနှင့် ဌေးပိုင် ကုမ္ပဏီမှ အစောင့်၊ တာဝန်ရှိသူများ ပဋိပက္ခ ဖြစ်နေစဉ် မည်သူက မီးရှို့ လိုက်သည်ကို မသိရဘဲ မီးလောင်ကျွမ်းခဲ့ပြီး အနီးရှိ ထရန်စဖော်မာ ကို ဆက်လက် ကူးစက် လောင်ကျွမ်းခဲ့သဖြင့် မီး အကြီးအကျယ် လောင်သွားခြင်း ဖြစ်သည် ဟု မိုးကုတ် မီးသတ် ဦးစီးဌာနက သိရသည်။