ရန်ကုန် မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲနေ့က စမ်းချောင်း မြို့နယ် အတွင်းရှိ မဲရုံ ၂ ရုံ၌ မဲစာရင်းတွင် အမည် မပါ ဝင်သော်လည်း ထောက်ခံချက်နှင့် မဲပေးခဲ့သည့် ဖြစ်စဉ်ကို ခုံရုံးဖွဲ့ စစ်ဆေး မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ခုံရုံး ရလဒ် အရ တာဝန်ရှိသူကို ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက် သွားမည်ဟု ရန်ကုန် မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင် က ပြောသည်။
“စည်ပင် ဥပဒေနဲ့ သော်လည်းကောင်း သက်ဆိုင်ရာ တရား ဥပဒေနဲ့ သော်လည်းကောင်း အရေးယူဖို့ စီစဉ် ထားပါတယ်။ စုံစမ်း စစ်ဆေးရေး ခုံရုံးမှာ ပေါ်ပေါက်လာတဲ့ အပေါ် မူတည်ပြီးတော့ တာဝန်ရှိတဲ့ သူကို အရေးယူမှာ။ စစ် ဆေးလို့ တရားမဲ့ ပြုကျင့်တယ် ဆိုရင် တရားမဲ့ ပြုကျင့်တဲ့ အတိုင်း အရေးယူ သွားမှာ” ဟု ၎င်းကဆိုသည်။
အဆိုပါ ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် မဲရုံ ၂ ရုံမှာ စမ်းချောင်းမြို့နယ် လင်းလွန်း မြောက် ရပ်ကွက်ရှိ မဲရုံ အမှတ် (၃) ၊ (၄) ဖြစ်ပြီး ထို မဲရုံ နှစ်ရုံမှ တရားမဝင် ပယ်မဲ ၄၀ ကိုလည်း ထည့်သွင်း တွက်ချက်ခြင်း မပြုခဲ့ကြောင်း စည်ပင် သာယာ ရွေးကောက်ပွဲ ကော်မရှင်က သိရသည်။
ဦးအောင်ခိုင်က “ကျနော်တို့ လုပ်ထုံးလုပ်နည်း ဥပဒေ အရ ဆောင်ရွက်တာ ဖြစ်တဲ့ အတွက် မဲရုံပေါင်း ၅၂ ရုံ ရှိသော် လည်း မဲရုံ ၅၀ ရဲ့ ရလဒ်ကိုပဲ ကျနော်တို့ ထည့်သွင်း ရေတွက်ပြီးတဲ့ နောက် မြို့နယ် အသီးသီးရဲ့ ရလဒ်ကို ကြေညာခြင်း ဖြစ်ပါတယ်” ဟု ရွေးကောက်ပွဲ ရလဒ်များ ထုတ်ပြန် ကြေညာပေး စဉ် ပြောကြားသွားသည်။
မဲဆန္ဒနယ် (၃) တွင် ဗဟို ကော်မတီဝင် နေရာ အတွက် ဝင်ရာက် ယှဉ်ပြိုင်ခဲ့သည့် ကိုအောင်ခန့် က “မဲ ၄၀ လောက် ပေးမိ သွားတယ် ဆိုတာ အများကြီး မဟုတ်ပါဘူး။ သို့သော်လည်းပဲ ဥပဒေ အရ ဘယ် လို ကိုင်တွယ် သလဲ။ မဲ ၄၀ လောက် ပေး လိုက်တာနဲ့ကို ကျန်တဲ့ မဲ ဘယ်လောက်လောက် ပယ်လိုက်ရ လဲ။ တရားမဝင် မဟုတ်ဘဲ ၄၀ လောက် ပေးမိလိုက် တယ် ဆိုရင် တရားဝင် ကရော မဲ ဘယ်လောက်ရှိ လည်းပေါ့” ဟု ပြောသည်။
မဲစာရင်းတွင် မပါဝင်၍ မဲပေးခွင့် မရခဲ့သူများသည် အဆိုပါ မြို့နယ်ရှိ လွှတ်တော် ကိုယ်စားလှယ်များ ကို တိုင်တန်း ပြော ကြားမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် လွှတ်တော် ကိုယ်စားလှယ်မှ မဲပေးခွင့် ရရှိရန် စည်ပင် ရွေးကောက်ပွဲ ကော်မရှင်သို့ မေတ္တာ ရပ်ခံထားကြောင်းကို ရွေးကောက်ပွဲ ကျင်းပသည့်နေ့က ဧရာဝတီသို့ ဖြေကြားခဲ့သည်။
စမ်းချောင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦး က “နိုင်ငံသား အခွင့်အရေး အရ နိုင်ငံသားတိုင်းဟာ မဲပေးပိုင်ခွင့် ရှိတယ်။ အခု စည်ပင် ရွေးကောက်ပွဲ ဥပဒေနဲ့ ပတ်သက်ပြီးတော့ အမှန်တကယ် ရပ်ကွက်ထဲမှာ နေထိုင်တာ ၁ နှစ်ပြည့်ပြီ ဆိုရင် မဲပေးခွင့် ရှိရမယ် ဆိုတဲ့ နည်းဥပဒေ တွေမှာ ရှိပြီသား ဖြစ်ပါတယ်။ အဲဒီတော့ ဥပဒေနဲ့ အညီဖြစ်ဖို့ အတွက်ကို ကော်မရှင်ကို မေတ္တာ ရပ်ခံ ထားပါတယ်။ လင်းလွန်းမြောက် ရပ်ကွက်မှာ အဆိုးဆုံး ဖြစ်နေတယ်။ မဲမပေးရဘူး ဆိုပြီး ပြန်သွားတဲ့ လူပေါင်း ၁၀၀ ကျော် ရှိပါတယ်” ဟု မတ်လ ၃၁ ရက် ဖြေကြားခဲ့သည်။
စည်ပင် ရွေးကောက်ပွဲတွင် မဲပေးခွင့် ရှိသည့် လူဦးရေ စာရင်းကို ဖေဖော်ဝါရီလ ၂၇ ရက် မှ မတ်လ ၅ ရက် အထိ ထုတ် ပြန်ကြေညာထားပြီး အဆိုပါ မဲစာရင်းတွင် မပါဝင်သူများ အနေဖြင့် ပြင်ဆင် ဖြည့်စွက်နိုင်သည့် ရက်ကို မတ်လ ၁၅ ရက်မှ ၂၁ ရက် အထိ စည်ပင်သာယာ ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ခဲ့သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ ၉၁ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ ရာ ဆိပ်ကမ်း မြို့နယ် အတွင်း နေရာ ၃ ခုမှ အပ ကျန်မြို့နယ် အားလုံးတွင် အနိုင်ရခဲ့သည်။
ထို့ပြင် မြို့တော် ကော်မတီဝင် ၆ ဦး နေရာတွင်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကသာ အနိုင်ရရှိခဲ့ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။