ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ် သလူချောင်း ကျေးရွာ အုပ်စု ဖက်ဝန်းချောင်း ရွာ အတွင်း လက်နက်ကြီး ကျရောက် သဖြင့် ရွာသား ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
ယနေ့ ညနေ ၃ နာရီ ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ထိခိုက် ဒဏ်ရာ ရရှိသော ရွာသား ၂ ဦးမှာ ကိုဇော်မင်း (၃၂ နှစ်)နှင့် ကိုမောင်သူ (၁၅ နှစ်) တို့ ဖြစ်ကြကြောင်း ဖက်ဝန်းချောင်း ကျေးရွာမှ ရာအိမ်မှူး ဦးရဲထွန်း က ပြောသည်။
ဦးရဲထွန်းက “ဒီနေ့ ညနေ ၃ နာရီ ကျော်လောက်မှာ ကျနော်တို့ ရွာထဲကို လက်နက်ကြီး လာကျပါ တယ်။ အိမ်မှာ စကား ထိုင်ပြောနေကြတဲ့ ရွာသား ၂ ဦးကို ထိမှန်လို့ ဆေးရုံကို ပို့ထားပါတယ်။ ကျန်တဲ့ လူတွေတော့ ထိခိုက်တာ မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ အချိန်တွင် ခြေထောက် နှစ်ဖက်တွင် ဒဏ်ရာ ရရှိထားသော ကိုဇော်မင်းကို ကျောက်တော် ဆေးရုံသို့ ပို့ဆောင် ထားပြီး ညာ လက်မောင်းတွင် ဒဏ်ရာ ရရှိသော ကိုမောင်သူကို ဒဏ်ရာ ပြင်းထန် သဖြင့် ကျောက်တော် ဆေးရုံမှ စစ်တွေ ဆေးရုံသို့ ပို့ဆောင်ပေးနေကြောင်း ကျောက်တော် အရပ်ဘက် လူမှု အဖွဲ့အစည်းမှ ကိုဇော်ဝင်းက ဆိုသည်။
ကျောက်တော် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟဇော် က ရွာသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိသည့် ဖြစ်စဉ်မှာ မှန်ကန်ကြောင်း အတည်ပြုသော်လည်း ဖြစ်စဉ် အသေးစိတ်ကို မသိရှိရသေးကြောင်း ဧရာဝတီသို့ ပြောဆိုသည်။
အဆိုပါ ဖက်ဝန်းချောင်း ကျေးရွာ နောက်ဘက် တောက်တန်းများတွင် တပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ မတ် လ ၃၁ ရက်က တိုက်ပွဲ ဖြစ်ပွားလျက် ရှိကာ ယနေ့မှာ ၂ ရက်မြောက် ရှိပြီ ဖြစ်ကြောင်း ယင်း တိုက်ပွဲ ဖြစ်ပွားနေသည့် တောင်တန်းများသို့ ကန်စောက် အခြေစိုက် အမှတ် (၅၃၉) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိ ကြောင်း လည်း ဒေသခံ ကျေးရွာသားများက ပြောဆိုသည်။
လက်နက်ကြီး ကျရောက် ပေါက်ကွဲ သဖြင့် လက်ရှိ အချိန်တွင် ဖက်ဝန်းချောင်း ကျေးရွာသားများမှာ အနီးဝန်းကျင်တွင် တည်ရှိသော ကန်စောက်ရွာ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသော စစ်ဘေးရှောင် စခန်းသို့ ခိုလှုံရန် ထွက်ပြေး ရောက်ရှိနေကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း AA နှင့် တပ်မတော်တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည့် အတွက် ကျောက်တော်မြို့နယ် အတွင်း ကန်စောက်ရွာ ဘုန်းတော်ကြီးကျောင်း ၊ ဝါးတောင် ကျေးရွာ ၊ တောင်မင်း ကုလား ကျေးရွာ စသည့် ကျေးရွာများ တွင် စစ်ဘေးရှောင် စခန်းများ ဖွင့်လှစ်ထားပြီး လက်ရှိ အချိန် အထိ ယင်း စခန်း ၃ ခု၌ စစ်ဘေးရှောင် ၃၀၀၀ ကျော် ရောက်ရှိနေကြောင်းလည်း သိရသည်။