နေပြည်တော်တွင် ရုံးစိုက်သည့် အမှတ် (၂) သတ္တုတွင်း လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးသံဒိုင် ကို အဂတိ လိုက်စား မှုနှင့် ဖမ်းဆီးကာ တရားစွဲဆိုနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း အဂတိ လိုက် စားမှု တိုက်ဖျက်ရေး ကော်မရှင်က ယနေ့ တွင် သတင်း ထုတ်ပြန်လိုက်သည်။
ကော်မရှင်၏ ထုတ်ပြန်ချက် ၌ ဇမ္ဗူသီရိ မြို့နယ် ရွှေကြာပင် ရပ်ကွက်ရှိ သတ္တုတွင်း လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးသံဒိုင်မှ နေ၍ ၎င်းပိုင် မြေကွက်အတွက် မြေဖို့ခြင်း၊ မြေညှိခြင်း ကုန်ကျစရိတ် ၃၂သိန် ၇သောင်း ၂ထောင် ကျပ်ကို ကုမ္ပဏီ အား ပေးချေခိုင်းရာ ဦးသံဒိုင်၏ Bank Account သို့ ငွေပေးသွင်းပေးခဲ့ရကြောင်း ဖော်ပြထားသည်။
သို့သော် မည်သည့်ကုမ္ပဏီ ဆိုသည်ကိုမူ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ထုတ်ပြန် ချက်တွင် ဖော်ပြထား ခြင်း မရှိပေ။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာနနှင့် ကုမ္ပဏီတို့ ကြား အငြင်းပွားမှု ဖြစ်ပေါ်ချိန် တွင် ယင်းငွေကို ဦးသံဒိုင်မှ ကုမ္ပဏီသို့ ပြန်လည် ပေးအပ်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကို အရေးယူပေးရန် ကုမ္ပဏီမှ နေ၍ ကော်မရှင်သို့ တိုင်ကြား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ ရာထူး တာဝန်ကို အလွဲသုံးစား ပြု၍ ဝန်ဆောင်ခနှင့် တရားမဝင်သော အခြား အကျိုးခံစား ခွင့်များ ရယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့၍ သတ္တုတွင်း လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦသံဒိုင်ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ နှင့် ဇမ္ဗူသီရိမြို့မ ရဲစခန်းတွင် ဧပြီ ၁ ရက်က အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်သည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ပြောရေးဆိုခွင့် ရှိသူ ညွှန်ကြားရေးမှူး ဦးကျော်စိုးက “စုံစမ်း စစ်ဆေးရေး အဖွဲ့က စိစစ်ပြီးတော့ တွေ့ရှိချက် အရ၊ အဂတိ လိုက်စားမှု ကျူးလွန်ကြောင်း တွေ့ရှိလို့ ဒီနေ့ပဲ ဇမ္ဗူသီရိ မြို့မ ရဲစခန်းမှာ ပထမ သတင်းပေး တိုင်တန်းချက် အရ တရားစွဲဆို အမှုဖွင့်ထားပါတယ်” ဟု ပြောသည်။
ဦးသံဒိုင်ပိုင် မြေကွက်မှာ နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် ရွှေကြာပင် ရပ်ကွက်၊ ပဒုမ္မာလမ်း၊ သုန္ဒရီ (၂)လမ်းနှင့် (၃) လမ်း ကြားတွင် တည်ရှိပြီး အကွက်အမှတ်(A064) ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ၂၀၁၆ ခုနှစ် သြင်္ကန် ရုံးပိတ်ရက်တွင် ၎င်း၏ မိသားစုနှင့် အတူ ငပလီ ကမ်းခြေ အပန်းဖြေ ခရီး သွားရောက်ရာ ဟိုတယ် အခန်းခ ငွေကျပ် ၄,၂၁၆,၉၀၅ ကို ကုမ္ပဏီသို့ ပေးချေခိုင်းခြင်း ပြုလုပ် ခိုင်းခဲ့သည်ဟု စစ်ဆေး ပေါ် ပေါက်ခဲ့ ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အနေဖြင့် ငွေပေးချေရသည့် ကုမ္ပဏီ အမည်နှင့် တိုင်ကြားသူ၏ အမည် တို့ကို ဥပဒေ အရ ထုတ်ဖော် ပြောကြားခြင်း မပြုခဲ့သော်လည်း ငွေပေး ချေခိုင်းခဲ့သော ကုမ္ပဏီမှာ အမျိုးသား ကြီးပွား တိုး တက်ရေး ကုမ္ပဏီ ဖြစ်ကြောင်း ရဲမှတ်တမ်း အရ သိရသည်။
ဦးသံဒိုင်ကို ဧပြီ ၁ ရက် ညနေပိုင်းတွင် ဇမ္ဗူသီရိမြို့မ ရဲစခန်းတွင် အချုပ် ရမန် တပတ်ယူ၍ ဖမ်းဆီး ချုပ်နှောင်ထား ကြောင်း ယာယီစခန်းမှူးက အတည်ပြုပေးသည်။
သို့သော် အမှုမည့် ရုံးချိန်းနှင့် တရားရုံးကိုမူ မသိရှိသေးဘဲ အဂတိ ကော်မရှင် အနေဖြင့် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
လက်ရှိတွင် အမှတ်(၂) သတ္တုတွင်း လုပ်ငန်းက အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ လုပ်ကိုင် နေသည့် ရမည်းသင်း မြို့နယ်ရှိ မိုးထိ မိုးမိ အကြီးစား ရွှေတူးဖော်ခွင့် လုပ်ငန်း စာချုပ် ဖျက်သိမ်းပြီး ယင်းကုမ္ပဏီပိုင်ရှင် ဒေါက်တာ စိုးထွန်းရှိန် ကိုလည်း တရား စွဲဆိုထား၍ ၎င်းမှာ ထွက်ပြေး တိမ်းရှောင်နေရသည်။
ပြီးခဲ့သည့် နှစ်အတွင်းကလည်း နေပြည်တော်တွင် FDA ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်အောင်နှင့် စည်ပင် သာယာရေး ကော်မတီမှ ဌာနမှူးနှစ်ဦး တို့ကိုလည်း အဂတိ လိုက်စားမှုဖြင့် အရေးယူ ထားပြီး မန္တလေးတိုင်း တရားရုံးတွင် စစ်ဆေးလျက် ရှိသည်။
ဧရာဝတီသတင်းထောက် ကျော်မျိုး ပူးပေါင်းရေးသားသည်။