မြန်မာတို့က ဇင်းမယ်ဟု ခေါ်သော ထိုင်းနိုင်ငံ မြောက်ပိုင်းမှ ချင်းမိုင်မြို့ကို အပေါ်မှ မိုးနေလေ့ ရှိသော ဒွိုင်ဆူထေ့ပ်တောင်ကို မြူများက ဖုံးကွယ်ပစ်လိုက်သည်။
တောင်ကြားလွင်ပြင်ထဲက ပန်းမြို့တော်အဖြစ် နိုင်ငံခြား ခရီးသွားများ လာရောက်လည်ပတ်ကြသော မြို့ကလေးသည် နှစ်စဉ် ဖေဖော်ဝါရီလမှ ဧပြီလအတွင်း မီးခိုးမွှန်သော ငရဲအဖြစ် ပြောင်းလဲသွားတတ်သည်။
ယခုနှစ် မီးခိုးမြူများ ဖုံးလွှမ်းမှုသည် စံချိန်တင်သွားပြီး ကျန်းမာရေးအတွက် အန္တရာယ်ရှိကြောင်း ကျွမ်းကျင်သူများက သတိပေးလာရသည်။ ချင်းမိုင်ရှိ အချို့နေရာများတွင် အဆုတ်မှတဆင့် သွေးကြောအတွင်းဝင်သွားနိုင်သည့် အမှုန် PM2.5 ပမာဏမှာ စနေနေ့နံနက်က လေကုဗ တမီတာလျှင် ၇၀၀ မိုက်ခရိုဂရမ်ပါဝင်သည်အထိ မြင့်မားလာသောကြောင့် မြို့နေလူထုများအနေဖြင့် လေအေးပေးစက် တပ်ဆင်ထားသော အဆောက်အအုံများတွင် နေထိုင်ကြရန်နှင့် ပြင်ပတွင် ကိုယ်လက်လှုပ်ရှားမှုများကို ရှောင်ရှားကြရန် အကြံပြုထားသည်။
အဆိုးဆုံးအချိန်များတွင် လေယာဉ်များမှာ မဆင်းသက်နိုင်သလို ဆေးရုံများ၌လည်း မျက်စေ့နှင့် အရေပြား ဓာတ်မတည့်မှုများ၊ အဆုတ်နှင့် နှလုံးဝေဒနာသည်များ အရေအတွက်မှာလည်း ၅၀ ရာခိုင်နှုန်း ပိုမိုမြင့်မားလာကြောင်း ဒေသတွင်း သတင်းများ အဆိုအရ သိရသည်။
ထိုသို့ လေထု ညစ်ညမ်းရခြင်းအတွက် တရားခံများစွာရှိသည်။ ပုဂ္ဂလိကပိုင် ယာဉ်များသည်လည်း အကြောင်းရင်း တခုတွင်ပါဝင်သည်။ ချင်းမိုင်ပြည်နယ် မြို့တော်သည် ဘန်ကောက်ပြီးလျှင် ထိုင်းနိုင်ငံတွင် ဒုတိယ အကြီးဆုံးဒေသ ဖြစ်သော်လည်း မြေအောက်ရထားစနစ် သို့မဟုတ် အလားတူ အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ် မရှိသေးပေ။ ၂၀၁၀ ပြည့်နှစ်မှ လွန်ခဲ့သော နှစ်အထိ ကာလအတွင်း ပြည်နယ်အတွင်း မှတ်ပုံတင်ထားသော ပုဂ္ဂလိက ကား၊ ကုန်တင်ကားနှင့် ဗင်ကားအရေအတွက် ၅၃ ရာခိုင်နှုန်း တိုးလာသည်။ မြို့ပြတိုးချုဲ့မှုသည် လေထုကို စစ်ပေးမည့် စိမ်းစိုသော သစ်ပင်တို့ကို ဝါးမြိုခဲ့သည်။
ကျယ်ပြန့်ပြီး တောင်ထူသော ဒေသမှ အိမ်ပိုင်ရှင်များကလည်း အမှိုက်များကို နာရီအတန်ကြာ မောင်းပို့ရမည့် အမှိုက်ပစ်သော နေရာသို့ ပို့ဆောင်ခြင်းထက်၊ မီးရှို့ပစ်ခြင်းက ပိုမိုလွယ်ကူသည်ဟု ထင်လာကြသည်။
ဒေသခံများသည် ပုန်းအောင်းနေသော သားရိုင်းတိရစ္ဆာန်များကို ရှာဖွေရန် တောများကို မီးရှို့ကြပြီး မီးလောင်ကျွမ်း ထားသော မြေများတွင် ပေါက်ရောက် တတ်သည့် ထူးခြားသော မှိုများကို ခူးကြသည်။ ထို အမည်းရောင်ရှိ စက်လုံးပုံစံ မှိုများကို ရှာဖွေခူးဆွတ်သူများက လမ်းဘေးတွင် ယာယီဆိုင်များဖွင့်ပြီး တကီလိုလျှင် ဘတ် ၁၀၀၀ ခန့်အထိဖြင့် ရောင်းချကြသည်။
သို့သော် လက်ရှိအချိန်အထိ အဓိက တရားခံမှာ ပြောင်းခင်းများတွင် မီးရှို့ခြင်းဖြစ်သည်။ ပြောင်းသည် တိရစ္ဆာန် အစာအတွက် ဝယ်လိုအား မြင့်မားလာသောကြောင့် ပြောင်းခင်းများကို အပြိုင်အဆိုင် တိုးချဲ့လာကြသည်။ ပြောင်းဈေး ကောင်းသောကြောင့် ထိုသီးနှံသည် ကုန်းမြင့် လယ်သမားများကို ဆွဲဆောင်လာပြီး မီးခိုးမြူများသည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း အန္တရာယ်ကြီးမားလာသည်။
ASEAN စိုက်ပျိုးရေးကုန်စည်အနာဂတ် အစီရင်ခံစာအရ ထိုင်းနိုင်ငံ၏ ပြောင်းခင်းအကျယ်အဝန်းမှာ ၂၀၈၈ ခုနှစ်နှင့် လွန်ခဲ့သော နှစ်အတွင်း ၇၇၈၈၀ ဟက်တာတိုးချဲ့လာသည်။ သို့သော် လွန်ခဲ့သောနှစ်က ထုတ်လုပ် ခဲ့သည့် ပြောင်း တန်ချိန် ၄.၆ သန်းမှာ ပြည်တွင်း ဝယ်လိုအား၏ ဆယ်ပုံ ကိုးပုံ ခန့် အတွက်သာ လုံလောက်သည်။
ပြောင်းသည် တိရစ္ဆာန်အစားအစာအတွက် အဓိကပစ္စည်းဖြစ်သည်။ ပြောင်းကို ကြက်၊ ဘဲ၊ နွားများကိုသာမက ထိုင်းနိုင်ငံတွင် စားရန်ဖြစ်စေ၊ ပြည်ပတင်ပို့ရန်ဖြစ်စေ မွေးမြူသော ငါးများအတွက် အစားအစာများတွင် ရောနှော သုံးသည်။
မြောက်ပိုင်းမှ လယ်သမားများသည် ၎င်းတို့စိုက်ပျိုရေး အမှိုက်သရိုက်များကို မီးရှို့ဖျက်ဆီးကြသည်မှာ ကာလ ကြာမြင့်ပြီဖြစ်သော်လည်း မီးခိုးမြူ အန္တရာယ် ပြင်းထန်လာသည်မှာ ပြောင်းဈေးကောင်းသောကြောင့် တောင်ပေါ် လယ်သမားငယ်များ ပြောင်းကို ပြောင်းလဲစိုက်ကြသည့် လွန်ခဲ့သော ဆယ်စုနှစ် အတွင်းက ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။
ထို လယ်သမားများသည် ၎င်းတို့ စိုက်ပျိုးသောပြောင်းကို ကြားလူသို့ဖြစ်စေ၊ ကန်ထရိုက်လယ်ယာ စနစ်ဖြင့် ထိုင်း စိုက်ပျိုးရေး လုပ်ငန်းစုကြီးဖြစ်သော Charoen Pokphand (CP) အုပ်စုသို့ တိုက်ရိုက်ဖြစ်စေ ရောင်းချကြသည်။
ပြောင်းသည် ၄ လအတွင်း ရိတ်သိမ်းနိုင်သောကြောင့် ငွေပေါ်လွယ်သည်။ ထို့အပြင် CP သည် ဝယ်ယူမည့် ဈေးကို အာမခံရုံသာမက၊ လယ်သမားများ ငွေရင်းသက်သာစေရန် မျိုးစေ့နှင့် ဓာတ်မြေသြဇာများပါပေးပြီး ထိုစရိတ်ကို နောက်ဆုံးငွေချေသောအခါ ပြန်လည်နုတ်ယူသည်။
သို့သော်ပြောင်းမှ သီးနှံထွက်သည့် အလေးချိန်အတိုင်း ပြောင်းရိုး၊ အခွံနှင့် အခြား အမှိုက်သရိုက် အကြွင်းအကျန်လည်း ထွက်သည်။ ရိတ်သိမ်းပြီးတိုင်း ထိုအမှိုက်များကို မီးရှို့ကြရသည်။
လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့ကလည်း ပြောင်းဝယ်ယူသော CP တခုတည်းကို ပြစ်တင်ဝေဖန်မှု ပြုခဲ့ကြသည်။ ဂြိုဟ်တုမှ ရိုက်ကူးသော ဓာတ်ပုံများအရ အလားတူ မီးခိုးများသောနေရာများကို လာအိုနှင့် မြန်မာတို့တွင်လည်း တွေ့ရသည်။ CP အုပ်စုက မီးခိုးမြူများအတွက် တာဝန်မရှိကြောင်း ပြောသော်လည်း ထိုမီးခိုးများသည်လည်း ပြောင်းခင်းများမှသာဖြစ်ကြောင်း သုတေသီများက ပြောကြသည်။
မီးရှို့ခြင်းကို ဧပြီလ ၁၅ ရက်နေ့အထိ ရက်ပေါင်း ၆၀ ပိတ်ပင်ထားသော်လည်း ယခုတပတ်အတွင်း လေထု ညစ်ညမ်းမှုမှာ ချင်းမိုင်၊ ချင်းရိုင်၊ ဖရိုး နှင့် မယ်ဟောင်ဆောင် ပြည်နယ်များတွင် အန္တရာယ်မကင်းသော အဆင့်တွင်ပင် ဆက်လက်ရှိနေကြသည်။
ရေရှည်တည်တံ့သော အဖြေရှာနိုင်ခြင်းမရှိပါက နာတာရှည် ကျန်းမာရေး ထိခိုက်မှုများ ဖြစ်လာမည်ဟု ဆေးပညာရှင်များက သတိပေးနေသည်။
လေပြွန်၊ လေအိတ်ပြွန်နှင့် အဆုတ်ကင်ဆာများ ဖြစ်ပွားမှုတွင်လည်း မြောက်ပိုင်းသည် တခြား ဒေသများနှင့် ယှဉ်လျှင် အမြင့်မားဆုံးဖြစ်နေသည်။ ထိုသို့ဖြစ်ရခြင်းမှာ နှစ်စဉ် မီးခိုးမြူပြဿနာကြောင့် ဖြစ်သည်ဟု ကျွမ်းကျင်သူများက ယူဆကြသည်။
ပြောင်းရိုးများကို မြေသြဇာအဖြစ် ပြောင်းလဲအသုံးပြုရန် အာဏာပိုင်များက လယ်သမားများကို စည်းရုံး ပြောဆိုနေပြီး အစိုးရ မဟုတ်သော အဖွဲ့အစည်းဖြစ်သည့် ချင်းမိုင်အခြေစိုက် နွေးထွေးသော နှလုံးသား ဖောင်ဒေးရှင်းက ပြောင်းအမှိုက်သရိုက်များမှ မီးသွေးပြုလုပ်ရေးကို အားပေးရန် ကြိုးစားနေသည်။
ကိုးကား။ ။ The Nation, Bangkok Post, The Strait Times