ပြဿနာ အများအပြား အထူးသဖြင့် မြန်မာနိုင်ငံ ရင်ဆိုင်နေရသော ပြဿနာများကို ဆွေးနွေးရန် ဧရာဝတီ အယ်ဒီတာအဖွဲ့သည် သံအမတ်ကြီး စကော့မာစီရယ်ကို ဖိတ်ကြားခဲ့သည်။ မတ်လ ၈ ရက်နေ့က အကြီးတန်း သတင်းထောက်များနှင့် အယ်ဒီတာများက မေးမြန်းခဲ့သည်များကို သံအမတ်ကြီးက ပွင့်လင်းစွာ ဖြေကြားခဲ့သည်။ ထိုဆွေနွေးမှုများမှ ကောက်နုတ်ချက်များကို အောက်တွင် ဖော်ပြထားပါသည်။
ဧရာဝတီ။ ။ ဧရာဝတီက ကြိုဆိုပါတယ် သံအမတ်ကြီး။ မြန်မာနိုင်ငံနဲ့ ဒေသတွင်းက ပြဿနာတွေကို ဆွေးနွေးဖို့ ဖိတ်ကြားတာကို လက်ခံတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ သံအမတ်ကြီးအနေနဲ့ ဆွေးနွေးပွဲ စတင်နိုင်ပြီဆိုရင် အခုပဲစတင်လိုက်ချင်ပါတယ်။
သံအမတ်ကြီး စကော့မာစီရယ်။ ။ ကျောင်းသားတွေကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒကို ရှင်းပြဖို့ ကျနော် မနက်ကပဲ ဒဂုံမြို့နယ်ကို ရောက်ခဲ့ပါတယ်။ အချက် ၂ ချက်ကို ကျနော် အလေးထားပြောတယ်။ ပထမအချက်ကတော့ ပိုမိုကျယ်ပြန့်တဲ့ အင်ဒိုပစိဖိတ်ဒေသ အခြေအနေမှာ မြန်မာနိုင်ငံအပေါ် အမေရိကန် မူဝါဒ ဖြစ်ပါတယ်။ ဒီမူဝါဒကတော့ အာဆီယံအတွက် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ ကြွယ်၀ ချမ်းသာရေး အတွက် ထိတွေ့ဆက်ဆံ အကူအညီပေးဖို့ ဖြစ်ပါတယ်။ ကျနော်တို့ဟာ ၁၉၈၈ ခုနှစ် အရေးတော်ပုံ ကာလ လောက်ကစပြီး ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝချမ်းသာမှု တည်ဆောက်ဖို့ ပြည်သူတွေရဲ့ အားထုတ်မှုကို ထောက်ခံပြီး တသမတ်တည်း ရှိနေခဲ့ပါတယ်။
ဒုတိယ အချက်ကတော့ တချို့လူတွေကို အံ့သြသွားစေမယ်လို့ ထင်တယ်။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ဝါရှင်တန်မှာ ပြောဆိုနေကြတာတွေ တော်တော်များများဟာ နှလုံးသားက လာတာတွေပါသလို ဦးနှောက်က လာတာတွေလည်း ပါတယ်။ ကျနော် ပြောချင်တာကတော့ မြန်မာနိုင်ငံဟာ သေနင်္ဂဗျူဟာ အရ အရေးပါတယ်ဆိုတာကို ကျနော်တို့ အသိအမှတ်ပြုတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်အများစုမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကို အကြီးအကျယ် စိတ်ဝင်စားထောက်ခံခဲ့ကြတာဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုရေးအတွက် တိုက်ပွဲမှာ မြန်မာပြည်သူများစွာ ပြုလုပ်ခဲ့တဲ့ မယုံနိုင်တဲ့ စွန့်လွှတ် အနစ်နာခံမှုတွေအပေါ် လေးစားကြည်ညိုမှုတွေကြောင့် ဖြစ်လာခဲ့တာပါ။ ဒါဟာ အမှန်တကယ်ကို အရေးကြီးတဲ့ အချက်ဖြစ်ပြီး ကျနော်တို့ မူဝါဒမှာ အရေးပါတဲ့ အချက်တချက်အဖြစ် ဆက်လက် တည်ရှိနေပါသေးတယ်။
ဒါတွေက ကျနော်ဒီနေ့မနက် ပြောခဲ့တဲ့အချက် ၂ ချက်ဖြစ်ပြီး အထူးသဖြင့် လွန်ခဲ့တဲ့ ၁၈ လအတွင်း စိန်ခေါ်မှုတွေ၊ သဘောထား ကွဲလွဲမှုတွေရှိနေစေကာမူ ကျနော်တို့မူဝါဒရဲ့ ပန်းတိုင်ဟာ အရင်အတိုင်း မပြောင်းလဲဘူးဆိုတာကို အလေးထားပြောခဲ့တယ်။ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်စနစ်နဲ့ ကြွယ်ဝချမ်းသာမှုနဲ့ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးအတွက် အားထုတ်မှု တွေကို ဆက်လက် ထောက်ခံဖို့ပဲ ဖြစ်ပါတယ်။
ဧရာဝတီ။ ။ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး သံအမတ်ကြီးရဲ့ အမြင်ကို သိလိုပါတယ်။
သံအမတ်ကြီး။ ။ ကျနော်တို့ ဒီကိစ္စကို စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။ လက်ရှိဖွဲ့စည်းပုံမှာ ဒီမိုကရေစီနဲ့ ကိုက်ညီမှုမရှိတဲ့ အပိုင်းတွေ အများကြီးရှိတယ်လို့ ကျနော်တို့ အကြိမ်များစွာ ပြောခဲ့ပါတယ်။
ဘာကို ပြင်မယ်ဆိုတာကို ဆုံးဖြတ်ဖို့ကတော့ မြန်မာပြည်သူတွေရဲ့ တာဝန်ပဲ ဆိုတာကလည်း ထင်ရှားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ကျနော်တို့ ဝင်ရောက် မပတ်သက်ချင်ပါဘူး။ ဒါပေမယ့် ပြုပြင်ပြောင်းလဲရေးအတွက်၊ ဒီမိုကရေစီ ဖွံ့ဖြိုးရှင်သန်ရေးအတွက် အားထုတ်မှုတွေကတော့ ပြည်သူတွေလိုချင်တာတွေပဲလို့ ကျနော်တို့ ထင်ပါတယ်။ ဒါဟာ အပြုသဘော ဆောင်တဲ့ ကိစ္စဖြစ်ပါတယ်။
ဒါပေမယ့် ဘာတွေဘယ်လို ဖြစ်လာမယ်ဆိုတာကို ကျနော်တို့မသိဘူး။ ဒါပေမယ့် စောင့်ကြည့်ဖို့အတွက် အရမ်းကို စိတ်ဝင်စားစရာ ကောင်းတယ်။ ပိုမိုထိတွေ့ဆက်ဆံမှုတွေ၊ ဆွေးနွေးမှုတွေ၊ ငြင်းခုန်မှုတွေ၊ ပိုမိုခိုင်မာပြီး ဒီမိုကရေစီနည်းကျတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတခု ဖြစ်လာရင်တော့ ဒါကောင်းတဲ့ကိစ္စပဲလေ။
ဧရာဝတီ။ ။ သမ္မတ ထရမ့်အစိုးရအောက် မြန်မာ-အမေရိကန် ဆက်ဆံရေးကို ဘယ်လို သရုပ်ဖေါ်ချင်ပါသလဲ။
သံအမတ်ကြီး။ ။ ကောင်းပါပြီ။ ကျနော်တို့ကတော့ ဒီကပြည်သူတွေရဲ့ အားထုတ်မှုတွေကို ထောက်ခံဖို့အတွက် အရာရာလုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်။ ကျနော်တို့ရဲ့မူဝါဒက တလျှောက်လုံးမှာ ဒီမိုကရေစီကို တည်ဆောက်ဖို့၊ ကြွယ်ဝချမ်းသာမှုကို တည်ဆောက်မှု၊ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်စနစ်ကို ထောက်ခံဖို့ပါပဲ။ ဒါကြောင့် အရင်းအစိုးရတုန်းကလိုပဲ ကျနော်တို့ဟာ အဲဒီကိစ္စတွေကိုပဲ လုပ်နေတယ်။ ကျနော်တို့အကြားမှာ လွန်ခဲ့တဲ့ ၁၈ လအတွင်း စိန်ခေါ်မှုနဲ့ သဘောထားကွဲလွဲမှုတချို့ရှိတာ ထင်ရှားပါတယ်၊ အထူးသဖြင့်တော့ ရခိုင်ကိစ္စလိုမျိုးတွေပေါ့။ ဒါပေမယ့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ တရားဥပဒေ စိုးမိုးမှု တိုးတက်ရေးကို ထောက်ခံဖို့ အရေးပါတဲ့ ဆုံးဖြတ်ချက်ကတော့ ဆက်လက်ခိုင်မာနေဆဲပါပဲ။ ဒါတွေကို အထောက်အကူပြုဖို့ ကျနော်တို့အစီအစဉ်တွေအားလုံးကို ကျနော်တို့ ဆက်လက်ဆောင်ရွက်နေဆဲပဲ ရှိပါတယ်။ ဒါတွေဆက်လက်ဖို့ ရန်ပုံငွေတွေ ဆက်လက်ရရှိနေပါတယ်။
ဧရာဝတီ။ ။ သံအမတ်ကြီးသိတဲ့အတိုင်းပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ရပ်ဝန်းတခု၊လမ်းတခု အစီအစဉ်အရ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် သြဇာကြီးမားလာနေတယ်။ ဒါနဲ့ပတ်သက်လို့ကော ဘယ်လိုထင်ပါသလဲ။
သံအမတ်ကြီး။ ။ ဒါကလည်း မြန်မာအစိုးရနဲ့ ပြည်သူတွေနဲ့ပဲ ဆိုင်ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ တက်တက်ကြွကြွ လှုပ်ရှားနေတယ်။ စီမံကိန်းကြီးတွေ အများကြီးကိုလည်း အားပေးနေတယ်။ အမေရိကန်အစိုးရက ဒီမှာမရှိတာ တရုတ်နိုင်ငံကြောင့်လည်း မဟုတ်သလို၊ တရုတ်နိုင်ငံကို ဆန့်ကျင်လို့လည်း မဟုတ်ပါဘူး။ ကျနော်တို့ ဒီမှာရှိတာ မြန်မာနိုင်ငံကို ထောက်ခံဖို့ပါ။ ကျနော့် အတွက်ကတော့ ဒီနိုင်ငံကလူတွေ ဘာလိုချင်လဲဆိုတာပဲ အရေးကြီးတယ်။
တရုတ် နိုင်ငံက ငွေကြေးထောက်ပံ့တာဖြစ်ဖြစ်၊ တခြားနိုင်ငံတခုခုက ငွေကြေးနဲ့ဖြစ်ဖြစ် လုပ်တဲ့ စီးပွားရေး စီမံကိန်းကြီးတွေနဲ့ ပတ်သက်ရင် ဒီကလူတွေ၊ အစိုးရတွေ ဆီကကြားနေရတာက “ဒါဟာ မြန်မာနိုင်ငံ အတွက် အကျိုးရှိရဲ့လား၊ နိုင်ငံအတွက် ကောင်းတဲ့စီမံကိန်းလား၊ ဥပဒေတွေကို လိုက်နာမှာလား၊ အလုပ်လုပ်ဖို့ ဒီက လူတွေကို ငှားမှာလား၊ သဘာ၀ ပတ်ဝန်းကျင်ကို ကာကွယ်မှာလား၊ အကြွေး တင်စေမှာလား”။ ကျနော် စဉ်စားမိသလောက် ဒီလိုမေးခွန်းမျိုးတွေကို မေးကြတယ်။ ဒါပေမယ့် ကျနော် ယုံကြည်တာက အစိုးရဟာ တရုတ်နိုင်ငံ ငွေကြေးထောက်ပံ့တဲ့ လုပ်ငန်းတွေကိုသာမက စီမံကိန်းကြီးတိုင်း အတွက် ဒီအတိုင်း မေးနေတာပဲ။
ကျနော်တို့ ဒီမှာရှိနေတာက ဒီနိုင်ငံကို အထောက်အကူပေးဖို့နဲ့ ချစ်ကြည်ရေးတည်ဆောက်ဖို့ပဲ။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေထဲမှာ တရုတ်နိုင်ငံ ပါဝင်တယ်။ ဒါကြောင့် မြန်မာအစိုးရဟာ ဒီဆက်ဆံရေး အတွက် လုပ်ကိုင်ဖို့ အချိန်အများကြီး ပိုပေးရတာဟာ သာမန်ပဲဖြစ်ပြီး သဘာဝလည်းကျတယ်။
ဧရာဝတီ။ ။ မကြာသေးမီက နိုင်ငံမြောက်ပိုင်း၊ အထူးသဖြင့် ကချင်ပြည်နယ်ကို သံအမတ်ကြီး သွားတော့ တရုတ်နိုင်ငံက စိတ်မချမ်းမသာ ဖြစ်တယ်လို့ ကျနော်တို့သိရတယ်။
သံအမတ်ကြီး။ ။ ကျနော်ဟာ ပြည်ထောင်စု မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ပါ။ တနိုင်ငံလုံးအတွက် ကျနော့်ကို တာဝန် ပေးအပ်တာပါ။ ကျနော့်အလုပ်က မြန်မာတနိုင်ငံလုံးမှာ အမေရိကန်ပြည်ထောင်စုကို ကိုယ်စားပြုဖို့ပါပဲ။ ဒီအလုပ်ကိုပဲ ကျနော်လုပ်ခဲ့ပြီး နောင်လည်း ဒီအလုပ်ကိုပဲ လုပ်နေမယ်။ တတိယနိုင်ငံ တနိုင်ငံက ဝင်ပြီး ခင်ဗျားတို့နိုင်ငံ ပိုင်နက်ထဲမှာ ဘယ်သူတွေပဲ သွားခွင့်ရှိတယ်လို့ ပြောတာကို ဘယ်နိုင်ငံမှ ကြိုက်မှာ မဟုတ်ဘူးလို့ ကျနော်ထင်တယ်။
ဧရာဝတီ။ ။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ တခါက အနောက်တိုင်းရဲ့ အချစ်တော် ဖြစ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုဟာ အရင် ဦးသန်းရွှေအစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်က လွှတ်ဖို့ အပြင်းထန်ဆုံး တောင်းဆိုခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရက တရုတ်နဲ့ အရမ်း နီးကပ်သွားတာကို အံ့သြလား။
သံအမတ်ကြီး။ ။ ဒီအစိုးရကပဲဖြစ်ဖြစ်၊ တခြားဘယ်အစိုးရပဲဖြစ်ဖြစ် တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတာဟာ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားပဲလို့ ထင်တာကို ကျနော်မအံ့သြဘူး။ ဒါဟာ ပုံမှန်နဲ့ သင့်တင့် လျှောက်ပတ်တယ်လို့ ကျနော်ထင်တယ်။
ဒီအစိုးရနဲ့ အနောက်တိုင်းအကြား ဆက်ဆံရေးမှာ စိန်ခေါ်မှုတွေဖြစ်စေတဲ့ တချို့ကိစ္စတွေဖြစ်ခဲ့တယ်။ အထူးသဖြင့် ရခိုင်အကျပ်အတည်းပေါ့။ ဒီမှာလည်း ကျနော်ထပ်ပြောမယ်။ ကျနော်တို့အတွက် အရေးပါတာက မြန်မာနိုင်ငံက ဘာလုပ်မလဲဆိုတာပဲ။ တရုတ်နိုင်ငံနဲ့ ဒီနိုင်ငံ ဆက်ဆံရေး ကောင်းတာနဲ့ မဆိုင်ဘူး။
ကျနော်တို့က ဒီမှာ၊ ဒီဒေသမှာ လာပြိုင်နေတာ မဟုတ်ဘူး။ ခင်ဗျားတို့ ကျနော်တို့ကို ရွေးမလား၊ တရုတ်ကို ရွေးမလားလို့ မေးနိုင်တဲ့ အခြေအနေမျိုး ဘယ်တော့မှ မဖြစ်လာဘူး။ ဒီ နှစ်ခုအကြားမှာ ရွေးစရာလည်း မရှိဘူး။ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးမျိုး ရှိသင့်တယ်။ မြန်မာနိုင်ငံဟာ ကျနော်တို့နဲ့ တခြားနိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးရှိမယ်လို့ ကျနော်တို့ မျှော်လင့်တယ်။
ဒါပေမယ့် ကျနော်တို့ အာရုံစိုက်ချင်တာက မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထောက်ကူဖို့၊ လူ့အခွင့်အရေးကို ထောက်ခံဖို့ ကျနော်တို့ ဘာလုပ်နိုင်မလဲ ဆိုတာပဲ။ ဒါကြောင့် ကျနော်တို့ဟာ တခါတခါ ဝေဖန်တဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောဖို့ လိုလာတယ်။ ဒီလိုဝေဖန်တာကို လူတွေ ကြိုက်တဲ့အခါ ရှိသလို၊ မကြိုက်တဲ့အခါလည်း ရှိတယ်။ ဒါဟာ ပထမအချက်အနေနဲ့ ကျနော်တို့ရဲ့ တန်ဖိုးတွေနဲ့ ကိုက်ညီတယ်။ ဒုတိယ အချက်အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံ ဖြစ်လာဖို့ လိုအပ်တယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း ကျနော်တို့ ပြည်သူတချို့ကို ကျနော်တို့ ပြုမူဆက်ဆံပုံတချို့အတွက် ကျနော်တို့အချင်းချင်း ပြဿနာတွေ ဖြေရှင်းရသလိုမျိုးပါပဲ။
ဧရာဝတီ။ ။ အခုတလော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ အချို့ အစ္စလမ်မစ် အဖွဲ့အစည်းက မြန်မာနိုင်ငံကို နိုင်ငံတကာ ရာဇဝတ်တရားရုံးကို ပို့ဖို့ တွန်းအားပေးနေတယ်။ လာမယ့်နှစ်တွေမှာလည်း နိုင်ငံတကာ ဖိအားက ကြီးထွားလာဦးမယ့် သဘောပဲ။ ဒီက နိုင်ငံခြားရေး အရာရှိတွေနဲ့လည်း သံအမတ်ကြီး တွေ့ပြီးသွားပြီ။ သူတို့ သဘောထားက ဘာလဲ။ ဒီအားထုတ်မှုကို သူတို့ အလေးအနက် ထားကြလား။
သံအမတ်ကြီး။ ။ တခြားအစိုးရတွေ အတွက် ကျနော်မပြောလိုဘူး။ ဒါပေမယ့် ကျနော်တို့အမြင်မှာ ၂၀၁၇ ခုနှစ် အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့ (ARSA) တိုက်ခိုက်မှုနောက်ပိုင်းမှာ (ဒီတိုက်ခိုက်မှုကို တခြား အစိုးရတွေနဲ့အတူ ကျနော်တို့လည်း ရှုတ်ချခဲ့တယ်) တပ်မတော်ရဲ့ တုံ့ပြန်မှုက မတန်တဆ ကြီးမားနေပြီး ကျယ်ပြန့်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်စေခဲ့တယ်။ အဲဒီအချိန်က စတင်ပြီး ကျနော်တို့ တောင်းဆိုနေတာက ဘာတွေဖြစ်ခဲ့တယ် ဆိုတာကို သိခွင့်ရဖို့ နိုင်ငံထဲဝင်ရောက်ခွင့်ရဖို့၊ ပြည့်စုံ ယုံကြည်ထိုက်တဲ့၊ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ပဲ။ အဲဒီနောက် တာဝန်ယူမှုကတော့ အဲဒီ စုံစမ်းစစ်ဆေးမှုက လူ့အခွင့်အရေး ချိုးဖောက်မှုကို ပြတဲ့ အတိုင်းအတာအတိုင်းပဲ။
ဒါဟာ ပုံမှန်ပဲ။ အထူးသဖြင့် လူ ၇ သိန်း နိုင်ငံကနေ ထွက်ပြေးရတဲ့ ကြီးမားတဲ့ အကျပ်အတည်းအတွက် ပုံမှန်ပဲ။ ကံဆိုးချင်တော့ ဒါတွေကို သိရှိခွင့်ရအောင် နိုင်ငံတွင်း ဝင်ရောက်ခွင့်ကို အကြီးအကျယ် ငြင်းပယ်ပြီး စုံစမ်းစစ်ဆေးမှုလည်း မလုပ်ဘူး။ အဖွဲ့အစည်း အများအပြားကလည်း ဘာတွေဖြစ်ခဲ့တယ် ဆိုတာကို သူတို့နိုင်သလောက် သိအောင် ကြိုးစားတယ်။ ဘာတွေက အချက်အလက်မှန်တွေလဲ၊ ဘာတွေက အထောက်အထား တွေလဲ ဆိုတာကိုပေါ့။ ဒါပေမယ့် သူတို့တွေလည်း နိုင်ငံတွင်းကို ဝင်ရောက်ခွင့် မရလို့ အခက်အခဲဖြစ်ကြရတယ်။ ဒါကြောင့် ကျနော်တို့ အမှန်တကယ် မျှော်လင့်နေတာက ဘာဖြစ်ခဲ့တယ် ဆိုတာနဲ့ ပတ်သက်တဲ့ အမှန်တရားကို သိဖို့ပဲ။
ဒီနိုင်ငံကပြည်သူတွေနဲ့ နိုင်ငံတကာ အသိုင်းအဝန်းဟာ အချက်အလက်မှန်တွေ အပေါ်ကို ယေဘုယျ အားဖြင့် သဘောတူနိုင်မယ်လို့ ကျနော်မျှော်လင့်တယ်။ ဒါဟာ ရည်မှန်းချက်ပန်းတိုင်ပဲ။ ဒီလို အချက်အလက်မှန်တွေ ရလာတဲ့အခါ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ယူမှု ဆိုတာ ရှိရမယ်။ တရားမျှတမှု ရှိရမယ်။
အကောင်းဆုံးက ဒါကို ယုံကြည်လက်ခံနိုင်လောက်တဲ့ မြန်မာပြည်တွင်း စုံစမ်းစစ်ဆေးမှုက ဦးဆောင် ရမယ်။ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ မျက်လုံးတွေ ယုံကြည်လက်ခံအောင်သာမက၊ သာမန်ပြည်သူတွေရဲ့ အမြင်မှာပါ ယုံကြည်လက်ခံနိုင်ရမယ်။ ဒီဖြစ်စဉ် တလျှောက်လုံးရဲ့ မျှော်မှန်းချက်က အချက်အလက်မှန်တွေ ယုံကြည်လောက်တဲ့ နည်းလမ်းနဲ့ ထွက်လာဖို့ပဲ။ ဒီအချက်အလက်တွေ အပေါ်မှာ အခြေခံတဲ့ တရားမျှတမှု ရှိဖို့ပဲ။ ဒီလောက်ပါပဲ။
ရည်မှန်းချက်က မြန်မာကို ဖိအားပေးဖို့ မဟုတ်ဘူး၊ ဖိအားပေးဖို့ သက်သက်မဟုတ်ဘူး။ အချက်အလက် အမှန်တွေ ထွက်လာဖို့ပဲ။ ကျနော်ပြောတဲ့အတိုင်းပဲ၊ ကံဆိုးချင်တော့ နိုင်ငံတွင်းကို ဝင်ရောက်ခွင့်မပြုဘူး။ ယုံကြည်လက်ခံနိုင်တဲ့ စုံစမ်းစစ်ဆေးမှုမရှိဘူး။ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ဆီကနေ အချက်အလက်မှန်တွေ တတ်နိုင်သလောက် ထွက်လာပါစေလို့ပဲ မျှော်လင့်ရတော့တယ်။ ဒါမှ နိုင်ငံတကာ အသိုင်းအဝန်း အတွက်သာမက၊ မြန်မာနိုင်ငံအတွက်လည်းကောင်းမယ်လို့ ကျနော်ထင်တယ်။
ဧရာဝတီ။ ။ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကို ထောက်ခံတာနဲ့ပတ်သက်ပြီး လူမှု အခြေပြု အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသား အုပ်စုတွေကို သံအမတ်ကြီး ထောက်ခံအားပေးနေတယ်။ အခုလုပ်နေတဲ့ တရားဝင်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဘယ်လို အကဲဖြတ်မလဲ။
သံအမတ်ကြီး။ ။ အချက် ၂ ချက်လောက်တော့ ပြောရမှာပဲ။ ခင်ဗျားတို့သိတဲ့အတိုင်း၊ ပထမအချက်က မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က အရှုပ်ထွေးဆုံး လုပ်ငန်းစဉ်ပဲဖြစ်နိုင်တယ်။ ကျနော်တွေ့ဖူးတဲ့ ပဋိပက္ခတွေ ထဲမှာ အရှုပ်ထွေးဆုံးပဲ ဆိုတာတော့ သေချာတယ်။ ဒီကိစ္စဟာ ရှုပ်ထွေးကြောင်း၊ ဖြေရှင်းဖို့ မလွယ်ကြောင်း ကျနော်နားလည်လို့ ကျနော်အမြဲတမ်း သတိထားတယ်။ ပါဝင်ပတ်သက်သူတွေ အများကြီးနဲ့ တကယ့်ကိုလည်း စိန်ခေါ်မှုဖြစ်တယ်။
ကျနော်တို့ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အပါအဝင် တရားဝင် ငြိမ်းချမ်းရေး ုလုပ်ငန်းစဉ်ကို အစကတည်းက ထောက်ခံခဲ့တယ်။ ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီဆိုင်ရာ ကတိကဝတ် တချို့ ပေါ်ပေါက်လာတဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုတဲ့ အယူအဆကို ကြိုက်တယ်။ တကယ့်ကို စိန်ခေါ်မှုကြီးမားပြီး တိုးတက်မှုရဖို့ အခက်အခဲတွေ အများကြီးရှိတယ်ဆိုတာ ထင်ရှားတယ်။ တနည်း အားဖြင့်တော့ ဒါဟာ မျှော်လင့်ထားရမယ့် ကိစ္စပဲ။ အရေးကြီးတာက တွေ့ဆုံဆွေးနွေးမှုကို တတ်နိုင်သမျှ ဆက်လက် ထိန်းသိမ်းထားပြီး ဆွေးနွေးနေတဲ့ အချိန်မှာ ပဋိပက္ခကို အတတ်နိုင်ဆုံး လျှော့ချဖို့ပဲ။
ကျနော့်အမြင်မှာတော့ အဖွဲ့အစည်း အသီးသီးရဲ့ စဉ်းစားတွေးခေါ်ပုံတွေနဲ့ ရည်မှန်းချက်တွေကို အမှန်တကယ် အခြေခံအားဖြင့် နားလည်အောင် လုပ်စရာတွေ အများကြီး လိုသေးတယ်။ အခြေခံ ပြဿနာတွေက ဘာလဲဆိုတာနဲ့ ပတ်သက်ပြီး မတူညီတဲ့ ဘက်တွေကြားမှာ အတော်ကြီးမားတဲ့ ကွာဟချက်တွေ ရှိနေတယ်။ ဒါဟာ ကြီးမားတဲ့ စိန်ခေါ်မှုပဲဖြစ်ပြီး အချိန်တွေ အများကြီး ပိုလိုမယ်။ ဆွေးနွေးပွဲတွေ အများကြီး ကျင်းပဖို့လိုမယ်။
ဒီလိုစိန်ခေါ်မှုတွေ ရှိပေမယ့် လူတွေက ဆက်လက်ကြိုးစားပြီး တရားဝင်ဖြစ်စေ၊ အလွတ်သဘောဖြစ်စေ ဆွေးနွေးပွဲမှာ လူတွေ ပိုမိုပါဝင်လာမယ်လို့ ကျနော်တို့ မျှော်လင့်တယ်။
ဧရာဝတီ။ ။ ပြည်တွင်းက ပါဝင်ပတ်သက်သူတွေ အကြောင်း သံအမတ်ကြီး ပြောခဲ့တယ်။ ပြည်ပက ပါဝင်ပတ်သက်သူတွေကို ကြည်လိုက်တဲ့အခါ သမ္မတဟောင်း ဦးသိန်းစိန်ခေတ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်သူ အများအပြားရှိတယ်။ အဲဒီတုန်းက သံအမတ်ကြီး ဒဲရစ်မစ်ချယ်လည်း ပါတယ်။ တရုတ်သံအမတ်လည်း ပါတယ်။ တခါတခါ နောက်တန်းကနေ၊ တခါတခါ ရှေ့တန်းကနေ ပါဝင်ခဲ့ကြတယ်။ ကုလသမဂ္ဂ အထူးသံတမန် အပါအဝင် သတင်းစကား ပို့တောင်ပေးတဲ့ ဆက်သားအဖြစ် အရေးပါတဲ့အခန်းက ပါဝင်တဲ့ နိုင်ငံတကာက ပါဝင်သူတွေလည်း ရှိတယ်။ အထူးသံတမန်ဆိုရင် ပါဝင်ပတ်သက်သူ အများအပြားနဲ့ကို ထိတွေ့ဆက်ဆံခဲ့တယ်။ သူတို့တွေဟာ ပဋိပက္ခကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ ကြတယ်။ အခုကျတော့ အဲဒီလို သတင်းစကားအပို့အယူ လုပ်ပေးနေတာ ရှိတော့ပုံ မရဘူး။ ဇာတ်ကောင်တွေလည်း ပျောက်နေတယ်။ အခုတော့ ပိုမို ခက်ခဲရှုပ်ထွေးလာပြီ။ တရုတ်နိုင်ငံက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ရှေ့တန်းရောက်လာပုံရပြီး တနည်းအားဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အပိုင်စီးတဲ့ပုံ ဖြစ်လာတယ်။ သံအမတ်ကြီး ဘယ်လိုမြင်ပါသလဲ။
သံအမတ်ကြီး။ ။ အခြားအစိုးရ အများအပြားလည်း အလားတူပဲခံစားရမယ်လို့ ကျနော်ထင်ပေမယ့် ကျနော်က ကျနော့်အစိုးရ အတွက်ပဲ ပြောချင်တယ်။ ကျနော်တို့က ငြိမ်းချမ်းရေးုလုပ်ငန်းစဉ်ကို အောင်မြင်စေချင်တယ်။ ကျနော်တို့ တတ်နိုင်တဲ့နည်းနဲ့ ထောက်ကူချင်တယ်။ ဒါဟာ မြန်မာအစိုးရက ဦးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြစ်ပြီး ဒီအချက်ကို ကျနော်တို့လေးစားတယ်။ ကူညီဖို့ ဘာလုပ်ပေးနိုင်တယ်ဆိုတာ အစိုးရကိုရော တခြားသူတွေကိုပါ အမြဲပြောပြတယ်။ တတ်နိုင်တဲ့ ဘယ်နည်းနဲ့မဆို ကူညီချင်တယ်လို့ ပြောတယ်။ ပါဝင်ပတ်သက်သူ အများကြီးနဲ့ ပုံမှန် တွေ့ဆုံ ဆွေးနွေးပွဲတွေ ငြိမ်းချမ်းရေးုလုပ်ငန်းစဉ်မှာ ဆက်ရှိနေစေချင်တယ်။
ဘာလုပ်ပါလို့ မြန်မာအစိုးရကို တခါမှ မပြောဖူးဘူး။ ဒါကို လုပ်သင့်တယ်၊ ဟိုဟာကို လုပ်သင့်တယ် လို့လည်း မပြောဖူးဘူး။ တွေ့ဆုံဆွေးနွေးပွဲတွေ၊ ထိန်းချုပ်မှုတွေ တတ်နိုင်သလောက် လုပ်ဖို့ပဲ အားပေးတယ်။ တချိန်တည်းမှာ ကျနော်တို့က ဖက်ဒရယ်စနစ်အကြောင်း သင်တန်းပေးတာတို့၊ စေ့စပ်ညှိနှိုင်းတဲ့ စွမ်းရည်မြှင့်တင်ပေးတာတို့နဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ တခါတခါ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ အလုပ်တွေ အများကြီးလုပ်တယ်။
ဒါတွေ အပြင် ကျနော်တို့ တတ်နိုင်တဲ့ နည်းတွေနဲ့ ကူညီဖို့ စိတ်အားထက်သန် နေပါတယ်။
ဧရာဝတီ။ ။ မကြာသေးမီက ရခိုင်ပြည်နယ်သွားပြီး ပြည်နယ် လွှတ်တော်အမတ်တွေနဲ့ တွေ့ခဲ့တယ်။ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) အကြား တိုက်ပွဲတွေကို သူတို့ဘယ်လိုမြင်ကြလဲ။
သံအမတ်ကြီး။ ။ ကျနော် ပြည်နယ်လွတ်တော်ဥက္ကဋ္ဌ ကိုယ်စား စကားမပြောချင်ဘူး။ ဒါပေမယ့် ကျနော်က နိုင်ငံရေးခေါင်းဆောင်တွေ အပါအဝင် ရခိုင်အသိုင်းအဝန်းက လူအများအပြားနဲ့ စကားပြောခဲ့ပြီး ရရှိခဲ့တဲ့ အဓိက သတင်းစကားကတော့ AA ကို ရခိုင်အသိုင်းအဝန်းကြားမှာ ထောက်ခံမှု အတော် များနေပုံရတာပဲ။
AA နဲ့ ပဋိပက္ခဒေသတွေမှာ တပ်မတော်က ကျူးလွန်တယ်လို့စွပ်စွဲတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက်ကတော့ စိုးရိမ်စရာ ကောင်းပါတယ်။ ကျနော်တို့ ကြားခဲ့ရတာက AA အဲဒီမှာ သိပ်မလှုပ်ရှားခင်က ကြားရတဲ့ မကျေနပ်ချက်ပဲ။ ၂၀၁၅ ခုနှစ်မှာ ရခိုင်အမျိုးသားပါတီ (ANP) အနိုင်ရပေမယ့် အစိုးရမှာ သူတို့ အသံကို ဖော်ထုတ်နိုင်တယ်လို့ မခံစားရဘူးဆိုတဲ့ မကျေနပ်ချက်ပဲ။ ကျနော်က သဘောတူတာ၊ မတူတာ ပြောတာမဟုတ်ဘူး။ ယေဘုယျအားဖြင့် ကျနော်ကြားရတာကို ပြန်ပြောပြတာပဲ။ စိတ်ရှုပ်စရာတွေ များတယ်။
ဧရာဝတီ။ ။ သူတို့တွေက သူတို့ရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို ပြောသေးလား။ သူတို့က AA ဘက်ကလား၊ အစိုးရဘက်ကလား။
သံအမတ်ကြီး။ ။ တိတိကျကျတော့ မပြောပါဘူး။ ခြုံငုံပြီး သူတို့ပေးချင်တဲ့ သတင်းစကားကတော့ သူတို့တွေ နေပြည်တော်နဲ့ တပ်မတော်နဲ့ ပတ်သက်ရင် စိတ်မချမ်းသာကြဘူး။ ဒါလည်း အံ့သြစရာ မဟုတ်ဘူး။ အရင်က မသိတာတခုမှ မပါဘူး။ ဒါပေမယ့် ဒီ စိတ်မချမ်းမြေ့မှုဟာ နိုင်ငံရဲ့ အစိတ်အပိုင်းအဖြစ် ဆက်လက် မနေလိုတော့တာ လို့တော့ ကျနော်မဆိုလိုပါဘူး။ စိတ်ပျက်ကြတယ်၊ စိတ်ရှုပ်ကြတယ် ဒါပေမယ့် ဘယ်သူမှတော့ ဒီနိုင်ငံရဲ့ အစိတ်အပိုင်း မဖြစ်ချင်တော့ဘူးလို့ မပြောကြပါဘူး။
ဒုတိယပိုင်းကို ဆက်လက်ဖော်ပြပါမည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ A Conversation With US Ambassador Scot Marciel ကို ဘာသာပြန်ဆိုသည်။)