ရက္ခိုင့် တပ်မတော် (AA) အကြောင်း ရေးသား ဖော်ပြလျက် ရှိသည့် သတင်း ဌာနများကို AA နှင့် ပတ်သက်၍ မဟုတ် မမှန် ဖော်ပြခြင်း၊ အကြမ်းဖက် သောင်းကျန်းသူဟု သုံးနှုန်းခြင်းနှင့် အစိုးရဘက်သို့ ဘက်လိုက် ဖော်ပြခြင်းများ ရှိသည် ဟု ဆိုကာ ခြိမ်းခြောက် စာများ ပေးပို့ခံနေရကြောင်း သိရသည်။
ဧရာဝတီ၏ စုံစမ်းမှုများ အရ ခြိမ်းခြောက်စာများကို သတင်း ဌာနများ၏ တရားဝင် အီးမေးလ်၊ မက်ဆင်ဂျာများ ထဲသို့ ပေးပို့နေခြင်း ဖြစ်ပြီး ပေးပို့ခံရသည့် သတင်းဌာနများမှာ 7 Days သတင်း ဂျာနယ်၊ The Voice ဂျာနယ်၊ Eleven Media Group၊ Mizzima ၊ MCN ၊ ရန်ကုန် ခေတ်သစ်နှင့် သူရိယ နေဝန်းတို့ ပါဝင်ကြောင်း သိရသည်။
7 Days သတင်း ဂျာနယ်၏ အယ်ဒီတာချုပ် ဦးအားမာန်က“မနေ့က ည ၉ နာရီကျော်မှာ ကျနော် တို့ရဲ့ Official mail ဖြစ်တဲ့ 7 Days အယ်ဒီတာ မေးလ်ကို တရားဝင် ထုတ်ပြန်ထားတော့ အဲဒီ မေးလ်ကို ပို့လာတာ။ စာမှာ Subject က တော့ သတိပေးစာ ဆိုပြီး တပ်ထားတယ်။ စာကတော့ တပိုဒ်တည်းပါ။ အဓိက ကတော့ ကျနော်တို့ကို ခြိမ်းခြောက် တာ”ဟု ဧရာဝတီသို့ ပြောသည်။
ခြိမ်းခြောက်စာ၌ ရက္ခိုင့် တပ်မတော် (AA)ကို သောင်းကျန်သူ အဖွဲ့ဟု သုံးနှုန်း၍ သတင်းရေးသည့် မီဒီယာများကို စာရင်း လုပ်ထားကြောင်း၊ ရခိုင်ပြည်နယ်တွင် သတင်းလာယူသည့် အခါ ယင်း စာရင်းထဲတွင် ပါသည့် မီဒီယာများမှ သတင်းထောက်များ၏ အသက်ကို အာမမခံဟု ကြိုပြောထားခြင်း ဖြစ်သည်ဟု ရေးသားထားကြောင်း သိရသည်။
ဦးအားမာန်က“ကျနော်တို့ သက်ဆိုင်ရာ ကိုလည်း အကြောင်းကြားမယ်။ မနေ့ညကတည်းက ကျနော်တို့ စာအသွား အလာက AA ဘက်က ပို့တဲ့ ပုံစံမျိုး ဖြစ်နေတော့ AA ဘက်ကိုလည်း ဆက်သွယ်တယ်။ တရားဝင် မေးပါတယ်။ AA က ကိုခိုင်သုခ ကတော့ သူတို့ အဲဒါမျိုး မပို့ဘူး။ အဲဒီလို မူဝါဒမျိုး မီဒီယာတွေ အပေါ်မှာ မရှိပါဘူး ဆိုပြီးတော့ ဖြေတယ်” ဟု ပြောသည်။
ဧရာဝတီ သတင်း ဌာနက ယခု ခြိမ်းခြောက်စာသည် AA ၏ ရပ်တည်ချက် သဘောထား ဟုတ် မဟုတ် AA ၏ ပြော ခွင့်ရ ပုဂ္ဂိုလ် ဦးခိုင်သုခကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပါ။
သို့သော် ဦးခိုင်သုခက မော်ကွန်း မဂ္ဂဇင်းသို့ ဖြေကြားရာတွင် AA အမည်ကို သုံး၍ ပြည်တွင်း သတင်း ဌာနများကို ခြိမ်းခြောက် သတိပေးစာများ ပေးပို့ခဲ့ခြင်း ဖြစ်စဉ်သည် ၎င်းတို့ AA တပ်ဖွဲ့နှင့် မသက်ဆိုင်ကြောင်း၊ ၎င်းတို့ အနေနှင့် မီဒီယာများ၏ လွတ်လပ်စွာ သတင်းရယူခွင့် ကန့်သတ်ခံရသည့် အခက်အခဲကို နားလည်သဖြင့် တတ်နိုင်သမျှ မြေပြင် သတင်း ရယူမှု လုပ်ငန်းများကို ကူညီမည့် အကြောင်းကိုလည်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း ပြောကြားထား သည်။
ယခု ကိစ္စရပ်သည် ၎င်းတို့ သတင်းမီဒီယာ တိုက်တခုတည်းနှင့် သက်ဆိုင်သည့် ကိစ္စ မဟုတ်ဘဲ သတင်း ရယူခွင့်နှင့် ပါ သက်ဆိုင် နေသဖြင့် မီဒီယာနှင့် ပတ်သက်သည့် အစိုးရ ဌာနများ၊ သတင်းမီဒီယာ အဖွဲ့အစည်းများသို့လည်း တင်ပြသွားမည် ဖြစ်ကြောင်း 7 Days သတင်း ဂျာနယ် တာဝန်ရှိသူများက ပြောသည်။
“လက်ရှိ အခြေအနေမှာလည်း သတင်းဌာန ၃၊ ၄ ခုလောက် ရောက်တယ် ဆိုတော့ ရည်ရွယ်ချက် ရှိရှိနဲ့ တစုံတ ယောက် က ပို့တဲ့ပုံစံ ပေါ်နေတယ်။ လက်ရှိလည်း တိုက်ပွဲတွေ ဖြစ်နေတော့ ဒီအနေအထားက မေးလ်တခု ပို့တယ်။ ဖေ့စ်ဘုတ် အကောင့်ကနေ ပို့တယ် ဆိုတာ လွယ်တဲ့ အနေအထား ဖြစ်နေတော့ ဒီလို သတင်းဌာနတွေကို ရွေးပို့တာ တော့ လုံးလုံး မဖြစ်သင့်တာပေါ့။ ခြိမ်းခြောက်တဲ့ အနေအထားကလည်း တော်တော်လေး ဆိုတော့ စိတ်ပူစရာ ကောင်းတယ်လို့ မြင်ပါတယ်”ဟု ဦးအားမာန်က ပြောဆိုသည်။
The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ကမူ ၎င်းတို့ ဂျာနယ်တိုက်သို့လည်း လူမှုကွန်ရက်မှ တဆင့် ခြိမ်းခြောက် စာ ပေးပို့ ခံရသော်လည်း သတင်း မထုတ်ပြန်ခြင်းမှာ ထောက်ချောက် ဆင်ထားသည်ဟု ထင်သည့် အတွက် ဖြစ် ကြောင်း၊ ရခိုင်ပြဿနာဖြင့် လူ့အဖွဲ့အစည်းကို မတည်မငြိမ်ဖြစ်အောင် ဖွနေသည်ဟု ထင်ကြောင်း ပြောသည်။
“ကျနော်တို့လည်း ခြိမ်းခြောက်စာ အပို့ခံရတယ်။ အတူတူပဲ အပို့ခံရတာပါ။ ဒါက တမင်ဆင်ထားတဲ့ ထောင်ချောက်လို့ ထင်တဲ့ အတွက် မတင်ဘူး။ တင်လိုက်ရင် သူတို့ အကြိုက် ဖြစ်မယ်လို့ ယူဆတယ်။ အဲဒါကို တင်လိုက်ခြင်းအားဖြင့် ရှယ်ကြမယ်။ ရှယ်လိုက်ရင် အဲဒါကြီးက ပွသွားမယ်။ AA ကို နာမည်ဖျက်ချင်လို့ လုပ်တယ်လို့ သံသယ ရှိတယ်”ဟု ၎င်းက ဆိုသည်။
ဦးကျော်မင်းဆွေ က ဆက်၍“AA ကို ကြိုက်ခြင်း၊ မကြိုက်ခြင်းနဲ့ မဆိုင်ဘူး။ ဒါဟာ အင်မတန် ထူပိန်းတဲ့ နည်းလမ်း ပေါ့နော်။ ဒါကြီးက ရိုးရှင်းတယ်။ ရခိုင်မှာ ကျောက်နီမော်တို့ ဖြစ်ပြီးနောက်ပိုင်း ဒီလို လှ့ှုံဆော်မှုတွေက လာတာ။ တ ယောက်က ပြောလိုက်ရင် Hate Speech တွေ သုံးပြီး သူတို့ ပြောချင်တဲ့ဘက်ကို တွန်းတာပေါ့။ အခုလည်း အဲဒီ ပုံစံ ပဲ”ဟုလည်း ပြောဆိုသည်။
AA နှင့် တိုက်ပွဲ ဖြစ်ပြီး နောက်ပိုင်း လူမှုကွန်ရက်နှင့် မီဒီယာများတွင် လူမျိုးရေး မုန်းတီးမှု အသွင် သဏ္ဌာန် ဆောင် သည့် ကိစ္စရပ် တွေ့လာရသဖြင့် ယခုကိစ္စကို သတိထားရန် လိုကြောင်း၊ ယခုလို မုန်းတီးမှု များလာသည့် အချိန်တွင် အပြန်အလှန် အပြစ် လျှောက်ဖို့သည့် သဘောဟု ထင်ကြောင်း ရခိုင် အရေး လေ့လာသူ ဦးမောင်မောင်စိုးက ပြော သည်။
“မီဒီယာ ကတော့ ကိုယ်မှန်တယ် ထင်ရင် ကိုယ်ရေးမှာပဲလေ။ ဒီလို ခြိမ်းခြောက်မှုတွေ ကိုလည်း စိုးရိမ်စရာ မလိုပါဘူး။ ကိုယ့်သတင်း မှန်ဖို့ကိုပဲ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒီဟာတွေက မတည်မငြိမ် ဖြစ်အောင် ရည်ရွယ်ချက် ရှိရှိ အပြန် အလှန် ပို့နေကြတာပဲ”ဟု ၎င်းက ပြောဆိုသည်။
ယခု ပြဿနာကို သတင်း မီဒီယာ အချင်းချင်း အချိတ်အဆက်များ ပြုလုပ်၍ မည်ကဲ့သို့ တုံ့ပြန်မည်ကို နည်းလမ်း ရှာသင့်ကြောင်း၊ ယခုလို ပြဿနာ ပိုကြီးထွားအောင် ဆွနေသည့် ကိစ္စနောက်သို့ သတင်း မီဒီယာများ မလိုက်မိရန် လို ကြောင်း သတင်းဌာနများ၏ အကြီးအကဲ တချို့က ပြောကြားသည်။
Mizzima မီဒီယာမှ အယ်ဒီတာ တဦး ဖြစ်သူ ဒေါ်အေးချမ်းခိုင်က“Mizzima ရဲ့ ဖေ့စ်ဘုတ် မက်ဆင်ဂျာကို ပို့တာပါ။ AA နဲ့ ပတ်သက် ပြီးတော့မှ မဟုတ်မမှန် သတင်းထုတ်ပြန်တာတွေ လုပ်တယ်ပါ့နော်။ သတင်းမှားတွေ ထုတ်ပြန်နေတာ ရှိတဲ့ အပြင် AA ကိုလည်း မတရားအသင်း အဖြစ် ဖော်ပြနေတဲ့ အတွက် အဲဒါနဲ့ ပတ်သက်ပြီးတော့ သတိ ထားဖို့ အဲဒီလို မျိုး စာပေးပို့လိုက်တာပါ”ဟု ပြောသည်။
လက်ရှိတွင် သတင်း ဌာနများသည် လက်နက်ကိုင် ပဋိပက္ခ သတင်းမျိုးကို ရေးသားရာတွင် မိမိတို့ကြောင့် ပဋိပက္ခ ပို မကြီးလာစေရန် ဂရုစိုက် ရေးသားမှုများ ပြုလုပ်သင့်ပြီး တပ်မတော်က သုံးသည့် သောင်းကျန်းသူ ဆိုသည့် အသုံး အနှုန်း မျိုးကို ရှောင်ကြည်သင့်ကြောင်း၊ သတင်းများကို မျှတရန်၊ ပြည့်စုံရန်၊ အမြင်များ အစုံ ပါဝင်ရန် လိုအပ်ကြောင်း ဝါရင့် သတင်းသမားများ က ပြောဆိုလျက် ရှိသည်။
မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်က သတင်း ဌာနများ ခြိမ်းခြောက်ခံနေရသည်ဟု ကြားသိ နေရပြီး ယခု ကိစ္စသည် ရဲ အရေးပိုင်သည့် ကိစ္စဖြစ်၍ ရဲစခန်းသို့ တိုင်ကြားသင့်ကြောင်း၊ သတင်းစာတိုက်များ ခြိမ်း ခြောက် ခံရခြင်းသည် မဖြစ်သင့်ဘဲ သက်ဆိုင်ရာ အနေဖြင့် ချက်ချင်း အရေးယူ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြော သည်။
“ရဲကို တိုင်ရမယ်။ တိုင်မှ အရေးယူလို့ ရမှာ။ ခြိမ်းခြောက်တယ် ဆိုတာ ကြိုတင် ကြံစည်တာ။ ပိုပြီး လေးနက်ပါတယ်။ ရာဇဝတ်မှုပါ။ သတင်း မီဒီယာ ဥပဒေ အရလည်း အကာအကွယ် ပေးရမယ်။ ကောင်စီကနေ လိုတာတွေ အရေးယူ ဆောင်ရွက် ရဖို့ ပါပါတယ်။ ကောင်စီကို တင်ပြလာရင် ခိုင်လုံရင် ထိထိရောက်ရောက် အရေးယူလို့ ရပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။