“နွားသို့မေတ္တာစာ” အပါအဝင် ရေးတင်ခဲ့သည့် ပို့စ် ၁၀ ခုကြောင့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)နှင့် အမှုဖွင့်ခံရခြင်း ဖြစ်ကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီး က အင်းစိန် မြို့မ ရဲစခန်းမှ ပြန်အထွက်တွင် ပြောသည်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီး၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖေဖော်ဝါရီ ၁၅ ရက်မှ မတ်လ ၂၂ ရက် အတွင်း ရေးတင်ခဲ့ သည့် ပို့စ် များထဲမှ ပို့စ် ၁၀ ခုသည် တပ်မတော်၏ ဂုဏ်သိက္ခာအား ထိခိုက်စေသည်ဟု ဆိုကာ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး လင်းထွန်းက မတ်လ ၂၉ ရက်တွင် တရားလို လုပ်ကာ အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီးက“ကိုယ်က ကဗျာတွေ ရေးတယ်။ ဒါရိုက်တာလည်း လုပ်တဲ့သူ တယောက်ဖြစ်လို့ ကိုယ်သိ တဲ့ အသိတွေကို မျှဝေပေးတယ်၊ အဲဒီလို မျှဝေတဲ့ နေရာမှာ တစုံတခု ဖြစ်လာတဲ့အချိန်မှာ ရှောင်ပြေးဖို့၊ ထွက်ပြေးဖို့ မရှိပါ ဘူး။ ကိုယ် ရင်ဆိုင်မယ်၊ တာဝန်ယူမယ်၊ အဲဒီ ရပ်တည်မှုနဲ့ပဲ တရားရုံးမှာ ထုချေမယ်”ဟု ပြောသည်။
ဧပြီ ၂ ရက် နေ့လယ်ပိုင်းက အင်းစိန် မြို့မ ရဲစခန်းတွင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ကနဦး ထွက်ဆိုချက်များ ပေးခဲ့ပြီး တရားရုံး တင်ကာ အမှုစွဲဆိုနိုင်ရန် ရဲတပ်ဖွဲ့က စီစဉ်လျက် ရှိကြောင်း သိရသည်။
အမှု ဖွင့်ထားခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်ထံသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့သော်လည်း တစုံတရာ သဘောထား မှတ်ချက်ပေးခြင်း မရှိပေ။
ဒါရိုက်တာ မင်းထင်ကိုကိုကြီး ရေးသားသော “နွားသို့ မေတ္တာစာ” ဆိုသည့် ပို့စ်တခုကို Ko Ko Gyi အမည်ဖြင့် သုံးစွဲသည့် Facebook စာမျက်နှာ၌ မတ်လ ၁၆ ရက် မွန်းလွဲ ၂ နာရီ ၅၁ မိနစ် အချိန်က ရေးတင်ခဲ့ခြင်းဖြစ်ကာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တဦး၏ လွှတ်တော်တွင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပတ်သက်ပြီး ပြောဆိုချက် တချို့ ကို တုံ့ပြန် ရေးသား ထားသည်ကို တွေ့ရသည်။
ထိုသို့ ရေးသားချက်များကြောင့် အမှုဖွင့်ခံရခြင်းနှင့် ပတ်သက်ပြီး မတ်လ ၃၀ ရက် ညနေပိုင်းတွင် သတင်းဌာန များက မေးမြန်းလာသည့် အချိန်မှစ၍ ရေးသားခဲ့သည်များအား ပြန်လည် ပြင်ဆင်ခြင်း မရှိကြောင်းနှင့် ရေးသားမှုကို လည်း တာဝန် ယူမှု အပြည့် ရှိကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီး က ဆိုသည်။
ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)တွင် မည်သူမဆို ဆက်သွယ်ရေး ကွန်ရက် တခုခုကို အသုံးပြု၍ ပုဂ္ဂိုလ် တဦးဦးအား ခြောက်လှန့် တောင်းယူခြင်း၊ အနိုင်အထက် ပြုခြင်း၊ မတရား တားဆီး ကန့်ကွက်ခြင်း၊ အသရေ ဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာ သုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း ပြုလုပ်လျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ ငွေ ဒဏ်ဖြစ်စေ ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ချမှတ် ရမည်ဟု ပြဌာန်းထားသည်။
ပုဒ်မ ၆၆(ဃ)နှင့် တရားစွဲဆိုမှုများ နှင့် ပတ်သက်ပြီး ဥပဒေ စတင် ပြဌာန်းသည့် ၂၀၁၃ ခုနှစ် အောက်တိုဘာလမှ စတင်၍ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက် အထိ ကောက် ယူထားသည့် အသံ (Athan) အဖွဲ့၏ စစ်တမ်းများ အရ တရားစွဲဆိုမှု ၁၇၉ မှု ရှိကြောင်း သိရသည်။
လက်ရှိ အစိုးရ လက်ထက် ၂၀၁၇ ခုနှစ် သြဂုတ်လတွင် ပုဒ်မ ၆၆(ဃ)အား ပြင်ဆင်ခဲ့ပြီးနောက် တရားစွဲဆိုမှု ၇၇ မှု ရှိသည့် အနက် အစိုးရဌာန ဆိုင်ရာ ဝန်ထမ်းများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ တရားစွဲဆိုမှုမှာ ၂၄ မှု အထိ ရှိကြောင်း လည်း အသံ အဖွဲ့က ထုတ်ပြန်ထားသည်။