နေပြည်တော်တွင် ယခုနှစ် နှစ်သစ်ကူး သြင်္ကန်ပွဲတော်၌ နိုင်ငံတော်၏ အကြီးအကဲများ ပြည်သူများနှင့် အတူ ရေကစား မည် ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီက သိရသည်။
နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ ကော်မတီဝင် ဦးမင်းသူက“ဘယ်သူ တက်မယ် ဆိုတာထက် နိုင်ငံတော် အကြီးအကဲလို့ ပြောရင် လုံလောက်ပါတယ်။ ဖိတ်ထားတာထက်ကို လာရောက် ရေကစားမယ်။ အများပြည်သူနဲ့ အတူ နှစ်သစ်ကူး မဟာသြင်္ကန်ကို လာရောက် ဆင်နွှဲမယ်၊ အဲဒီလို သုံးသပ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
နိုင်ငံတော် အကြီး အကဲ ဖြစ်သည့် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်တို့ လာရောက် ရေကစားမည်ဟုလည်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။
မြို့တော်ဝန်မဏ္ဍပ် ရေကစားမည့် အချိန်သည် မနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ တကြိမ်၊ နေ့လယ် ၃ နာရီမှ ညနေ ၆ နာရီခန့် တကြိမ် ရေကစားရန် ဖွင့်လှစ်ထားမည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နှစ်ကူး သြင်္ကန်တွင် မြို့တော်ဝန် မဏ္ဍပ်သို့ သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့ လာရောက်၍ ရေကစားခဲ့ကြ ပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်ခြင်း မရှိဘဲ တိုက်ချီတို ရေကစား မဏ္ဍပ်တွင် ရေကစား ခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အာဏာရပြီး နောက်ပိုင်း ၂၀၁၆ ခုနှစ်မှ စ၍ နေပြည်တော်ရှိ လွှတ်တော်ဝင်း အနီး ပြည်ကြီးဇေယျာ လမ်းဘေး၊ မြနန်းဘုံသာ လမ်းထိပ်ရှိ တိုက်ချီတို ရေကစား မဏ္ဍပ်တွင် ရေကစားခြင်း ဖြစ်သည်။
ဒက္ခိဏ သီရိမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းက“မြို့တော်ဝန် မဏ္ဍပ်ကို ဖွင့်ပွဲ ရက်လောက်မှာ အကြီးအကဲတွေ လာတာများတယ်။ ဒါပေမယ့် တိုက်ချီတို မဏ္ဍပ်မှာတော့ သမ္မတကြီးရော၊ အမေစုရော ကစားတယ်။ ဒီနှစ် မှာ မြို့တော်ဝန် မဏ္ဍပ်ကို လူကြီးတွေ ရေလာကစားမယ် ဆိုတော့ ပြည်သူတွေနဲ့ ပိုပြီးတော့ နီးနီးကပ်ကပ် ဖြစ်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ယခုနှစ် နေပြည်တော် မြို့တော်ဝန် မဏ္ဍပ်တွင် ဖျော်ဖြေရေး အတွက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဌာနက အဆို အကများ၊ ပြန်ကြားရေး ဝန်ကြီး ဌာန၊ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား ဦးစီးဌာနမှ ခေတ်ပေါ် တေးဂီတဝိုင်းများနှင့် ငြိမ်းချမ်း ရေး ဂီတ ပွဲတော် ဆုရ အဆိုရှင်များနှင့် အဓိကထား ဖျော်ဖြေပေးသွားမည်ဟု သိရသည်။
ထို့နောက် သက်ဆိုင်ရာ မြို့နယ် အသီးသီးက ယိမ်းအဖွဲ့များနှင့် ဖွင့်ပွဲ ပိတ်ပွဲ နှင့် ကြားရက်များတွင်လည်း ပုံမှန် ဖျော်ဖြေ ပေးသွားမည်ဟု ဆိုသည်။
ပန်းရဲ့ လမ်း အဖွဲ့လည်း လာရောက် ဖျော်ဖြေရန် အတွက် ညှိနှိုင်း ဆောင်ရွက်ထားကြောင်း၊ Sky Net ရေကစား မဏ္ဍပ် တွင် ဖျော်ဖြေမည့် နာမည်ကြီး အဆိုတော်များလည်း မြို့တော်ဝန် ရေကစား မဏ္ဍပ်သို့ လာရောက် ဖျော်ဖြေမည် ဖြစ် ကြောင်း ဦးမင်းသူက ပြောသည်။
ပျဉ်းမနားမြို့ တွင်လည်း လမ်းလျှောက် သြင်္ကန်ကို ဒုတိယ အကြိမ် အနေဖြင့် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကာ ပြီးခဲ့သည့် နှစ်က ကျင်းပသည့် အဆိုပါ လမ်းလျှောက်သြင်္ကန်သည် စည်ကားမှု ရှိခဲ့ကြောင်းလည်း ဆိုသည်။
အဆိုပါ လမ်းလျှောက် သြင်္ကန် ယဉ်ကျေးမှုကို မန္တလေး မြို့မှ အစပြုခဲ့ပြီး ၊ အခြားမြို့ကြီးများတွင်လည်း လမ်းလျှောက် သြင်္ကန်များ ထည့်သွင်းခဲ့ပြီး ရေကစားခဲ့ကြောင်း သိရသည်။
နေပြည်တော် မြို့တော်ဝန် မဏ္ဍပ်သည် ဗဟိုမဏ္ဍပ် ဖြစ်ကာ ပြည်သူ ပြည်သားများနှင့် နိုင်ငံတော် အကြီးအကဲများ လာရောက် ရေပက် ကစားကြပြီး သီဆို ဖျော်ဖြေမှုများကို အားပေးကြနှင့် ပြည်သူ၊ ပြည်သားများ အေးချမ်း ပျော်ရွှင်စွာဖြင့် နှစ်သစ် သြင်္ကန်ကို ဖြတ်သန်းနိုင်ရန် အတွက် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ဦးမင်းသူ က ပြောဆိုသည်။