သတင်း

ကျောက်တော်ရှိ ရဲစခန်းတွင်း ပစ်ခတ်မှု ရဲအုပ် တဦး သေ၊ တဦး ဒဏ်ရာရ

ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ်ရှိ ကန်စောက် ရဲကင်းစခန်း၌ ပစ်ခတ်မှု ဖြစ်ပွားရာ ရဲအုပ် တဦး သေဆုံးပြီး ရဲတပ် ကြပ်ကြီး တဦး ဒဏ်ရာ ရရှိကြောင်း သတင်း ရရှိသည်။

အဆိုပါ ပစ်ခတ်မှုသည် ဧပြီ ၂ ရက် ညနေ ၄ နာရီကျော်က ဖြစ်ပွားခြင်း ဖြစ်ကာ တပ်ဖွဲ့ဝင် အချင်းချင်း စကားများ ကြရာမှ ပစ်ခတ်မှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း ကျောက်တော် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိ တဦးက ပြောသည်။

၎င်းက“ဖြစ်တာကတော့ မနေ့က ညနေ ၄ နာရီကျော် လောက်မှာ ဖြစ်တာ။ စခန်းထဲမှာ အချင်းချင်း စကားများကြရာက နေ ရဲတပ်ကြပ် ကျော်အေးစိန်က သေနတ်နဲ့ ပစ်ခတ်လိုက်တော့ ရဲအုပ် မောင်မောင်လေး သေဆုံးသွားတယ်။ နောက် တပ်ကြပ် ကြီး တဦးကတော့ ဒဏ်ရာ ရတယ်။ ဘာကြောင့် စကားများကြတယ် ဆိုတာတော့ ကျနော်လည်း သေချာတော့ မသိ သေး ဘူး”ဟု ဧရာဝတီကို ပြောပြသည်။

အဆိုပါ ကန်စောက် ရဲကင်း စခန်းတွင် ပစ်ခတ်မှု ဖြစ်ပွားခြင်းကို အနီးရှိ ဝါးတောင် ကယ်ဆယ်ရေး စခန်းမှ စစ်ဘေးရှောင် များလည်း ကြားလိုက်ရကြောင်း စစ်ဘေးရှောင်များက ပြောဆိုကြသည်။

ဝါးတောင် ကျေးရွာ ဒေသခံ ဦးလှမောင်သာ ကလည်း“ကျနော်တို့ မနေ့က ညနေပိုင်းက ဆိပ်ကမ်းမှာ ရေချိုးနေတဲ့ အချိန် စခန်းထဲမှာ အတွဲလိုက် သေနတ် ပစ်ခတ်သံ ကြားလိုက်ရတယ်။ စခန်းက လူတွေကို မေးကြည့်တော့ ဆရာ ကျော်အေး စိန် ပစ်လို့ ရဲအုပ် တဦးသေတယ်။ နောက် တယောက် ဒဏ်ရာရတယ်လို့ ကြားတယ်။ ဘာဖြစ်ကြတာလဲတော့ မသိဘူး”ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ အချိန်တွင် ဒဏ်ရာ ရရှိခဲ့သော ရဲတပ်ကြပ်ကြီးကို စစ်တွေဆေးရုံသို့ ပို့ဆောင်ထားပြီး သေနတ်ဖြင့် ပစ်ခတ်သည့် ရဲ တပ်ကြပ် ကျော်အေးစိန် ကို ကျောက်တော် မြို့မ ရဲစခန်းတွင် ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ဧရာဝတီက ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ အစည်းအဝေး လုပ် နေ ကြောင်း ပြောဆိုသည့် အတွက် အသေးစိတ် မေးမြန်းခွင့် မရရှိခဲ့ပေ။

သေဆုံးသူ ရဲအုပ် မောင်မောင်လေးသည် ကျောက်တော် မြို့နယ် တင်းမ ရဲကင်း စခန်းမှ ရဲကင်းမှူး တာဝန် ထမ်းဆောင် ခဲ့သူ ဖြစ်ပြီး မတ်လ အတွင်းက ဖြစ်ပွားခဲ့သော ယိုးတရုပ် ရဲကင်း ပစ်ခတ်ခံရမှု ဖြစ်စဉ် နောက်ပိုင်း တင်းမ ရဲကင်း စခန်းမှ တပ်ဖွဲ့ များကို ကန်စောက် ရဲကင်း စခန်းသို့ ပြောင်းရွှေ့အင်အား ဖြည့်တင်းထားခြင်း ဖြစ်ကြောင်း သိရသည်။

Loading