ကော့ဘဇားရှိ ယာယီဒုက္ခသည် စခန်းများတွင် တရားမဝင် ကုန်သည်များ များပြားလာပြီး တရားမဝင် စီးပွားဖြစ် လုပ်ကိုင်နေမှုများကို ထောက်လှမ်းရေးဌာနများက သတိပေးခဲ့ပြီးနောက် လက်ဝတ်ရတနာနှင့် ကွန်ပျူတာဆိုင်များ၊ ဆေးဆိုင်များ ရောင်းဝယ် ဖောက်ကားနေခြင်းအပေါ် ဘင်္ဂလားဒေ့ရှ် အစိုးရက အကန့်အသတ်ဖြင့် တင်းကြပ်လိုက်ပြီ ဖြစ်သည်။
“အခုဆုံးဖြတ်ချက်ဟာ ထောက်လှမ်းရေး ဌာနတွေဆီက ရရှိတဲ့ သတင်းတွေအပေါ် အခြေခံပြီး ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ဆက်လုပ်နေတုန်းပါ” ဟု ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ပြန်လည် ထူထောင်ရေးနှင့် နေရပ်ပြန်ပို့ရေး မဟာမင်းကြီး မိုဟာမက် အဘူလ်ကလမ်က ကော့ဘဇားရှိ ဧရာဝတီ သတင်းထောက်သို့ တနင်္ဂနွေနေ့ညနေက ပြောသည်။
လက်ဝတ်ရတနာဆိုင်နှင့် ဆေးဆိုင် အနည်းအကျဉ်းတို့ကို ပိတ်သိမ်းခဲ့ပြီဖြစ်ပြီး ကျန်ရှိသည့် ဆိုင်များကိုလည်း ဧပြီလ ဒုတိယရက်သတ္တပတ်တွင် ပိတ်သိမ်းသွားမည်ဟု ၎င်းမဟာမင်းကြီးက ပြောသည်။
လူတိုင်းကို စောင့်ကြည့်ရန် မဖြစ်နိုင်သော်လည်း အနှောက်အယှက် ဖြစ်အောင် ပြုမူ လုပ်ကိုင်ကြောင်း တွေ့ရှိပါက ပစ်မှတ်ထား ဖယ်ရှားသွားမည် ဖြစ်ကြောင်း အဆိုပါ မဟာမင်းကြီးက ဆက်လက် ပြောကြားသည်။
ဆိုင်ငယ်လေးများ တည်ခင်း ဖွင့်လှစ်ခြင်းကို သာမန်အားဖြင့် လက်ခံသော်လည်း ပြဿနာ ဖန်တီးလာသည့် ရောင်းဝယ် ဖောက်ကားမှု တွေ့ရှိပါက အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
၂၀၁၈ ခုနှစ်၊ ဇူလိုင်လက လက်ဝတ်ရတနာဆိုင် အများအပြားသည် ပင်တိုင် ဖောက်သည်များဖြင့် တရားမဝင် နိုင်ငံခြားငွေ လဲလှယ် လုပ်ကိုင်ကြကြောင်း ဒါကာထရီဗြူး သတင်းစာက ရေးသား ဖော်ပြသည်။
အဆိုပါ သတင်းတွင် ဒုက္ခသည်များအနေဖြင့် ၎င်းတို့ နိုင်ငံရပ်ခြားရှိ ဆွေမျိုးသားချင်းထံမှ ငွေလွှဲ လက်ခံရယူနိုင်ရန် ဝန်ဆောင်မှု ပေးနေသည်ဟု လက်ဝတ်ရတနာ ဆိုင်ရှင်တဦးက ဝန်ခံကြောင်း၊ ၎င်းက လွှဲပေးလိုက်သည့် ငွေကြေးများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသုံး တာကာငွေအဖြစ် ဝန်ဆောင်ခ (ကော်မရှင်ခ) နှုန်းထားများများ ယူ၍ လဲလှယ်ပေးနေကြောင်း ဖော်ပြခဲ့သည်။
တချို့ လက်ဝတ် ရတနာဆိုင်ရှင်များသည် မကြာသေးမီက ယင်းနယ်မြေတွင် ဆိုင်တည်ထောင် ဖွင့်လှစ်၍ မူးယစ်ဆေးဝါးနှင့် အခြား မှောင်ခိုကုန်ပစ္စည်းများ ရောင်းဝယ် ဖောက်ကားနေကြောင်း အဆိုပါသတင်းက ဆက်လက်ဖော်ပြသည်။
ကော့ဘဇား၊ ယူခီးယားနှင့် တာနက်ဖ်ခရိုင်ခွဲရှိ ဒုက္ခသည် စခန်းများတဝိုက်တွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လအထိ လက်ဝတ်ရတနာ ဆိုင်ပေါင်း ၅၀ ကျော် ရှိနေကြောင်း ဒါကာ ထရီဗြူးသတင်းစာက ဆိုသည်။
ကူတူပလောင်၊ ဘူလူခါလီနှင့် သိမ်းခါလီရှိ ဒုက္ခသည်စခန်းများအနီး လက်ဝတ်ရတနာ ဆိုင်ပေါင်းများစွာ ဖွင့်လှစ် ရောင်းချနေကြောင်း ထိုစခန်းများသို့ သွားရောက်ခဲ့စဉ်အတွင်း ဧရာဝတီ သတင်းထောက်က မြင်တွေ့ခဲ့ရသည်။
ဆေးဝါးများနှင့် ကွန်ပျူတာများကို အစိုးရက ပစ်မှတ်ထား နှိမ်နင်းရသည့် အကြောင်းရင်းအား ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ကော့ဘဇားရှိ ကူတူပလောင်နှင့် ဘူလူခါလီစခန်းများရှိ ဒုက္ခသည်များနှင့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများဟု ယုံကြည်ရသူ အချို့နှင့် ပတ်သက်၍ အမျိုးသားအဆင့် မဟာဗျူဟာ အကောင်အထည်ဖော်မှုကို ဘင်္ဂလားဒေ့ရှ် အမျိုးသား တာဝန်အဖွဲ့က ဆောင်ရွက် နေကြောင်း၊ လက်ဝတ်ရတနာ၊ ကွန်ပျူတာနှင့် ဆေးဝါးများ အသွင်ယူ၍ မသမာသည့် ရောင်းဝယ် ဖောက်ကားမှုကို ဒေသခံအချို့က ပေါင်းစပ် လုပ်ကိုင်နေခြင်းအား ဖော်ထုတ် ခဲ့ကြောင်း ဒါကာမြို့ အခြေစိုက် နောက်ထပ် နေ့စဉ်သတင်းစာ တစောင်တွင် ဖြစ်သည့် New Age သတင်းစာက တနင်္လာနေ့တွင် ရေးသားသည်။
လူသားချင်း စာနာမှု ဆောင်ရွက်နေသည့် နေရာဒေသရှိ လက်ဝတ်ရတနာ၊ ကွန်ပျူတာနှင့် ဆေးဆိုင်များကို ဒေသ အုပ်ချုပ်ရေးအဖွဲ့က အစောပိုင်းတွင် သက်ညှာစွာဖြင့် ချဉ်းကပ်ခဲ့ကြောင်း ၎င်းတို့က ဆက်လက် ပြောကြားသည်။
အဖွဲ့ခေါင်းဆောင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန် ရှဟီဒူဟာကွပ်က ပြောကြားရာတွင် မိမိတို့ အစိုးရအနေဖြင့် အရောင်းဆိုင်တချို့ မှောင်ခိုလုပ်ကိုင်နေခြင်းကို အတည်ပြုခဲ့ပြီး ဖြစ်သည်ဟု ဆိုကြောင်း New Age သတင်း ဖော်ပြချက်အရ သိရသည်။
ခရိုင် အုပ်ချုပ်ရေးဌာနနှင့် တခြား ဌာနများကို လိုအပ်သည့် အရေးယူမှုများ ဆောင်ရွက်ရန် ညွှန်ကြားချက် ထုတ်ပြီးဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
မည်သည့်ရာဇဝတ်မှု ကျူးလွန်နေခြင်းများ ရှိ/မရှိ စောင့်ကြည့်ရန် စခန်းတခုစီ၌ အရပ်ဝတ် ရဲအရာရှိ အများအပြား တပ်ဖြန့် စေလွှတ်ထားကြောင်း၊ တရားမဝင် ရောင်းဝယ် ဖောက်ကားမှု ကျယ်ပြန့်လာခြင်း စွပ်စွဲချက်ကို ပပျောက်စေရန်အတွက် လုပ်ဆောင်နေကြောင်း ကော့ဘဇား ခရိုင်ရဲမှူး အေဘီအမ်မာဆွတ် ဟူစိန်က ဧရာဝတီသို့ တနင်္ဂနွေနေ့ ညနေက ပြောသည်။
မြန်မာပြည်ဖြစ် စိတ်ကြွဆေး (သို့မဟုတ်) ဆေးရွက်ကြီးများကို ဆေးဆိုင်တချို့တွင် ရောင်းချ နေသည်ဟု မိမိတို့သိရှိရကြောင်း၊ သို့သော် ဆိုင်အများစုမှာ နေ့စဉ် လိုအပ်သည့် ပစ္စည်းပစ္စယများ ရောင်းချနေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ဒုက္ခသည်တွေရဲ့ နိုင်ငံခြားမှာနေတဲ့ ဆွေမျိုးသားချင်းတွေ ဆီကနေ ဟွန်ဒီ ငွေလွှဲလုပ်ငန်း (ဘဏ်လုပ်ငန်းဖြင့် စနစ်တကျ ငွေလွှဲခြင်းမဟုတ်ဘဲ သမားရိုးကျငွေလွှဲခြင်း) တွေကို စခန်းမှာ လာလုပ်နေတာ စိတ်ပျက်ဖို့ ကောင်းပါတယ်” ဟု မာဆွတ်က ပြောသည်။
ဒုက္ခသည်များ အခွင့်အရေးအတွက် မကြာသေးမီက ဖွဲ့စည်းခဲ့သည့် “ရိုဟင်ဂျာ အသံများ” အဖွဲ့ ဥက္ကဋ္ဌ ရွှင်ရှုအလုမ်က “ဆိုင်အများစုမှာ အဝတ်အထည် (သို့မဟုတ်) နေ့စဉ် လိုအပ်သည့် ပစ္စည်းပစ္စယများ ရောင်းချနေကြောင်း” ဧရာဝတီသို့ ပြောသည်။
“ဒီနေရာမှာ ဘယ်ဆိုင်တွေက တရားမဝင် လုပ်ငန်းလုပ်နေတာ ရှိ/မရှိ ကျနော်တို့လည်း သေချာ မသိပါဘူး။ ဒီစွပ်စွဲချက် မှန်သလား၊ မမှန်သလားဆိုတာ ကျနော်တို့ တိတိကျကျ လိုက်ကြည့်မှ သိမယ်” ဟု ရွှင်ရှုက ဧရာဝတီသို့ ပြောသည်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်မှစတင်ပြီး ရခိုင်ပြည်နယ်တွင် မြန်မာ လုံခြုံရေး တပ်ဖွဲ့များက နယ်မြေ ရှင်းလင်းမှု စစ်ဆင်ရေး ဆင်နွှဲပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ဒုက္ခသည်ပေါင်း ၇ သိန်းကျော် ဝင်ရောက် သွားခဲ့သည်။
ကုလသမဂ္ဂအေဂျင်စီများနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန ခန့်မှန်းချက်များအရ မကြာသေးမီက တိုးပွားလာသော စာရင်းအရ အထောက်အထားမဲ့ မြန်မာနိုင်ငံသား အရေအတွက်နှင့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် သက်သေခံ ကတ်များရသူ အရေအတွက်မှာ ၁,၁၁၆,၀၀၀ ရှိသည်ဟု ဆိုသည်။
(Muktadir Rashid ၏ Dhaka Cracks Down on Black Market Activities in Rohingya Camps ကို ဘာသာပြန်ဆိုသည်။)