ဧရာဝတီတိုင်း မြောင်းမြ အကျဉ်းထောင်တွင် အကျဉ်းသား တဦးဖြစ်သူ အသက် ၄၀ အရွယ်ရှိ ဦးဘီလာကို တိုက်ပိတ် ခြင်း၊ ဝတ္တရား နှောင့်ယှက်မှုဖြင့် အမှုဖွင့်ထားခြင်းကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ ဇနီးဖြစ်သူ က မတ်လ ၂ ရက်တွင် တိုင်ကြားထားကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လဆန်းက မြောင်းမြထောင်တွင်းသို့ မူးယစ်ဆေးဝါး ပစ်သွင်းမှုနှင့် ပတ်သက်ပြီး အကျဉ်းသား တဦးကို ထောင် ဝန်ထမ်းများက ရိုက်နှက်နေချိန် ဦးဘီလာက တားမြစ်ရာ ထောင် အာဏာပိုင်ဘက်က ညစ်ညမ်းစွာ ဆဲဆိုမှု ပုဒ်မ ၂၉၄ ၊ ဝတ္တရား နှောင့်ယှက်မှု ပုဒ်မ ၃၅၃ တို့ဖြင့် အမှုဖွင့်၍ တိုက်ထဲတွင် ခြေချင်း ၁၄ ရက်ခတ်ခဲ့ပြီး ယနေ့ အချိန်ထိ တိုက်ပိတ်ထားကြောင်း ဇနီးဖြစ်သူ ဒေါ်အေးသန္တာမော်က ပြောပြသည်။
“ကျမ အမျိုးသားက ရိုက်နှက်နေတာကို အဲ့ဒီလောက်မရိုက်နဲ့လို့ပဲ သွားပြောတာ။ ဆဲတာဆိုတာလည်း မလုပ်ခဲ့ဘူး။ သူမဆဲဘူး ဆိုတာကို သူ့အဆောင်က တခြားအကျဉ်းသားတွေ ဝိုင်းထောက်ခံ လက်မှတ်တောင် ထိုးပေးထားတယ်။ ဒါကို အမှုဖွင့်ထားတာ မပြီးပြတ်သေးလို့ဆိုပြီး တိုက်ထဲမှာပဲ ဆက်ထားထားတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
ယခုကဲ့သို့ တိုင်ကြားမှုကြောင့် မိမိခင်ပွန်းကို ဝေးလံခေါင်ဖျားသည့် အကျဉ်းထောင်များသို့ ပြောင်းရွှေ့သွားမည့် အရေး ကိုလည်း စိတ်ပူရသည်ဟု ဒေါ်အေးသန္တာမော် က ဆိုသည်။
ရိုက်နှက်နေသည်ကို သွားရောက်တားမြစ်ရုံနှင့် တိုက်ပိတ်ခြင်း၊ ခြေချင်းခတ်ခြင်းသည် အကျဉ်းထောင်လက်စွဲ ဥပဒေ ထက် ကျော်လွန်ကာ အရေးယူ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထောင်မှူးကြီးဟောင်း တဦးဖြစ်သူ ဦးခင်မောင်မြင့်က သုံးသပ်သည်။
၎င်း တာဝန် ထမ်းဆောင်စဉ်က အကျဉ်းသား တဦးကြောင့် ထောင်ဆူပူမှု ဖြစ်မည့်အရေး ကာကွယ်သည့် အနေဖြင့် အလွန် ဆုံး တပတ်ခန့်သာ တခြားသော အကျဉ်းသားများနှင့်ခွဲ၍ သီးခြားထားခြင်းမျိုး ပြုလုပ်ကြောင်း ဦးခင်မောင်မြင့် က ပြောပြသည်။
“သူသွားတားတဲ့ဆီမှာ ဆဲဆိုတာလည်း ပါချင်ပါနိုင်ပေမယ့် ဒီပြစ်မှုလေးလောက်နဲ့ ခြေချင်း ခတ်စရာမဟုတ်ဘူး။ တိုက် လည်း မပိတ်သင့်ဘူး။ သူက လူ့အသက်တို့ ခန္ဓာကိုယ် ချို့ယွင်းစေလောက်အောင် ပြုလုပ်တာလည်း မဟုတ်တော့ ဒီလို လုပ်တာကတော့ ဥပဒေထက်ကို ကျော်လွန်ဆောင်ရွက်တာလို့ ပြောရမယ်”ဟုလည်း သူက ပြောသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မကြာခင် စုံစမ်း စစ်ဆေးသွားမည် ဖြစ်ကြောင်း တိုင်ကြားစာများ စိစစ်ရေး ကော်မတီမှ ဦးယုလွင်အောင်က ပြောပြသည်။
“ဒီကိစ္စကို ကျနော်တို့ စုံစမ်းမှာပါ။ သူ့ကို ဘာ့ကြောင့် ဒီလိုအရေးယူခဲ့သလဲ၊ မှားလား၊ မှန်လားကို စစ်ဆေးသွားမှာပါ” ဟု သူက ဆိုသည်။
၂၀၁၈ ခုနှစ်အတွင်း အကျဉ်းထောင်များ နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ထံသို့ တိုင်ကြားခဲ့သည့် အမှုပေါင်း ၂၀ နီးပါးရှိကြောင်း ကော်မရှင်၏ စာရင်းများအရ သိရသည်။
ယခု အရေးယူထားမှုနှင့် ပတ်သက်ပြီး နေပြည်တော်ရှိ ပြည်ထဲရေး ဝန်ကြီးဌာန အကျဉ်းဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုး ထံသို့ ဆက်သွယ်မေးမြန်း သော်လည်း အစည်းအဝေး ပြုလုပ်နေသဖြင့် ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။
ဦးဘီလာသည် ဦးနှောက်နှင့် အာရုံကြော ဝေဒနာ ခံစားနေရမှုကို ရန်ကုန်တွင် ကုသရာ မသက်သာ၍ အိန္ဒိယ နိုင်ငံသို့ သွားရောက် ကုသအပြီး ပြန်လာစဉ် ရန်ကုန်လေဆိပ်၌ Alprazolam ဆေးများ (ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာ ဆေး) တွေ့ရှိခဲ့မှုကြောင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ ၂၀(ခ)ဖြင့် ထောင်ဒဏ် ၂၅ နှစ် ချမှတ် ခံထားရသူ ဖြစ်ကြောင်း သိရသည်။
Alprazolam ဆေးသည် သက်ဆိုင်ရာက တားမြစ်ထားသည့် ဆေးအမျိုးအစားတွင် ပါဝင်သော ဆေးဖြစ်သည်ဟု ဆို သည်။