ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း မြန်မာ- အိန္ဒိယလမ်းပိုင်း ဖောက်လုပ်နေသည့် ဆုထူးစံ ကုမ္ပဏီ မှ ဝန်ထမ်း ၈ဦးမှာ စစ်ထောက်လှမ်းရေးဟောင်းများ ဖြစ်၍ ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း ရက္ခိုင် တပ်မတော်(AA) က ဧရာဝတီကို ပြောသည်။
AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက “ထောက်လှမ်းရေးမှာ တော်တော်လေး တာဝန် ယူခဲ့တဲ့ လူတွေ အများကြီး ပါတယ်။ တချို့က မြို့နယ်အဆင့် တာဝန်ယူခဲ့တဲ့ လူတွေပါတယ်။ တချို့ တပ်ကြပ်ကြီးတွေ ပါတယ် ။တချို့ဆို စစ်ဘက်ထောက်လှမ်းရေးကနေ အင်ဂျင်နီယာတပ်ဘက် ပြောင်း သွားတဲ့ လူတွေပါတယ်။ အခုလည်းပဲ သူတို့က စစ်ဘက် အလုပ်ကို လုပ်နေကြတာ”ဟု ပြောသည်။
၎င်းတို့သည် လမ်းလုပ်သား အစစ်များ မဟုတ်ပဲ ကုလားတန် စီမံကိန်းကို အကာအကွယ်ယူ၍ AA ကို ထောက်လှမ်းရန်၊ စစ်ဘက်ဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရန် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ဦးခိုင်သုခက စွပ်စွဲပြောဆိုသည်။
“ကုလားတန် ပရောဂျက်ကို အကြောင်းပြပြီး စစ်ဘက်နဲ့ ပတ်သက်တဲ့ အလုပ်တွေကို လာလုပ် နေတာ။ ရိုးရိုးတန်းတန်း လမ်းလုပ်တဲ့ လူတွေကို ကျနော်တို့ ဘာမှ အနှောင့်အယှက်ပေးတာ မရှိဘူး” ဟု ၎င်းကပြောသည်။
ဖမ်းဆီးထားသည့် ၈ ဦးကို စစ်ဆေး မေးမြန်းရာတွင်လည်း စစ်ထောက်လှမ်းရေးဟောင်းများ ဖြစ် ကြောင်း အချက်အလက် ရရှိထားသည်ဟု ဦးခိုင်သုခက ဆိုသည်။
မတ်လ ၃၀ ရက်နေ့က ဆုထူးစံ ဆောက်လုပ်ရေး ကုမ္ပဏီသည် ပလက်ဝမြို့နယ် တင်းကွင်း အလောင်းကျေးရွာ တဝိုက် ၎င်းတို့ တာဝန်ယူထားသော ပလက်ဝ- မီဇိုရမ် လမ်းပိုင်းကို ပြုလုပ်နေစဉ် AA တပ်ဖွဲ့ဝင်များမှ ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ် သည်။
စတင်ဖမ်းဆီးစဉ်က အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၂ဦးတို့ ဖြစ်ပြီး ထိုထဲမှ အမျိုးသမီး ၂ဦးနှင့် အမျိုး သား ၃ဦး တို့ကို လွှတ်ပေးလိုက်ပြီး ကျန် ၈ ဦးကို ဖမ်းသွားခြင်း ဖြစ်သည်။
စစ်ဘက်ဆိုင်ရာ ထောက်လှမ်းမှုများ ပြုလုပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခံထားရသူများမှာ ဦးလှမျိုး၊ ဦးကျော်ထွန်း၊ ဦးစော ကိုကိုနိုင်၊ ဦးပေါ်ကြီး၊ ဦးသိန်းဇော်၊ ဦးသိန်းဟန်၊ ဦးထွန်းအောင်ကျော် နှင့် ဦးဇော်မျိုးသူတို့ ဖြစ်သည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ဆုထူးစံ ဆောက်လုပ်ရေး ကုမ္ပဏီသို့ ဧရာဝတီမှ မေးမြန်းရန် ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ် သော်လည်း ဆက်သွယ်၍ မရရှိပါ။
ယခင် စစ်တွေအခြေစိုက် ထောက်လှမ်းရေး ၁၀ တပ်မှူးဟောင်း အငြိမ်းစား ဗိုလ်မှူး ဝင်းမောင်မောင် ကမူ ဖမ်းဆီးခံ ထားရ သူများ၏ အမည်များကို ယခင် စစ်ထောက်လှမ်းရေးဟောင်းထဲ၌ မကြားဖူး ကြောင်း ဧရာဝတီသို့ ပြောသည်။
လမ်းလုပ်ငန်းကို အကာအကွယ်ယူ၍ နယ်မြေ ထောက်လှမ်းသည်ဟု AA၏ ပြောဆိုချက်နှင့် ပတ်သက် ၍ အငြိမ်းစား ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း ဝင်းမောင်မောင်က “မဟုတ်လောက်ပါဘူး။ အခုလော လောဆယ်မှာ ဒီနေရာက ကာဗာ ယူပြီးတော့ လုပ်ရတဲ့ အခြေအနေလည်း ရှိတဲ့ ဧရိယာ မဟုတ်ဘူး လေ။ အမြဲတမ်း အဖြူရောင်ဖြစ်ခဲ့တဲ့ နေရာပါ။ အချိန်မ ရွေး ရွာသူရွာသား တွေရော သွားနေတဲ့ အတွက် ဒါတော့ ဖြစ်နိုင်ခြေ တော်တော်နည်းပါတယ်”ဟု ပြောသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကလည်း ဖမ်းဆီးခံထားရသည့် ၈ဦးမှာ တပ်မတော်နှင့် မသက်ဆိုင်ပါဟု ငြင်းဆိုသည်။
“လုံးဝ မရှိပါဘူးဗျာ။ ဒါတွေက လမ်းဖောက်နေတဲ့ ကုမ္ပဏီ ဝန်ထမ်းတွေပဲ။ တပ်အသိုင်းအဝိုင်းတောင် မဟုတ်ဘူး။ ကျနော် တို့ ပြည်သူ့ဆောက်လုပ်ရေး ကတောင် မဟုတ်ဘူး။ ကန်ထရိုက်ပေးထားတဲ့ ဝန်ထမ်းတွေပါ”ဟု ၎င်းက ပြောသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ပလက်ဝ- မီဇိုရမ် လမ်းပိုင်း ဖြစ်သည့် မြန်မာ- အိန္ဒိယ နှစ်နိုင်ငံလမ်း ဖောက်လုပ်ပြီးပါက နှစ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး နယ်စပ်ဒေသများ ဖွံ့ဖြိုးလာမည် ဖြစ် သည်ဟု ထုတ်ပြန်ထားသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “အဲ့ဒီ စီမံကိန်းကို အလုပ်မဖြစ်အောင် အနှောင့်အယှက်ဖြစ်အောင် လုပ်နေတယ် လို့ပဲ မြင်တယ်” ဟု ပြောသည်။
AA အဖွဲ့သည် မတ် ၁၆ ရက် ကလည်း ပလက်ဝ တံတား စီမံကိန်းတွင် အသုံးပြုရန် သံပေါင်များ သယ်ဆောင် လာ သည့် ရတနာဝင်း (၇) ရေယာဉ်ကို ပစ်ခတ်၍ ဝန်ထမ်းများကို ကမ်းပေါ်ခေါ်ကာ ရေယာဉ်ကို မီးရှို့ ခဲ့သည်။
ရေယာဉ်တွင် ပါသည့် ငွေကျပ် ၁ ဒဿမ ၀၇၂ ဘီလီယံ တန်ဖိုးရှိသည့် သံပေါင် ၂၅၆ ဒဿမ ၀၈၅ တန်၊ သံပေါင်အထိုင်ခုံ ၂၄ ဒဿမ ၉၆ တန်၊ သုတ်ဆေး ၀ ဒသမ ၃၅ တန်၊ High Tension Bolt ၄ ဒသမ ၈၃၅ တန် တို့ ပျက်စီးသွားသည်ဟု အစိုးရ၏ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။
ရေယာဉ်ကို တိုက်ခိုက်မီးရှို့စဉ်ကလည်း ၎င်းတို့ကို သတင်းပေးပို့ခြင်း မရှိသဖြင့် ပစ်ခတ်ခြင်း ဖြစ် သည်ဟု AA က သတင်း ထုတ်ပြန်ထားသည်။
AA က ကုလားတန်စီမံကိန်းကို အနှောင့်အယှက်ပေးရန် အစီအစဉ်မရှိဟု ငြင်းဆိုပြီး ကုမ္ပဏီများ အနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ပလက်ဝမြို့နယ်တွင်း ၎င်းတို့ တပ်ဖွဲ့များ စစ်ရေးလှုပ်ရှား နေသည့် ဒေသများကို ဝင်လာမည် ဆိုပါက သယ် လာမည့် ပစ္စည်းစာရင်းနှင့် လူဦးရေ အရေအတွက် ကို သတင်းပေးရမည်ဟု ခိုင်သုခက ပြောသည်။
တပ်မတော်ကို အားကိုးပြီး AAကို မလေးမစားလုပ်ပါက AAနယ်မြေခံ တပ်ဖွဲ့များက လုံခြုံရေးအရ ဆောင်ရွက်စရာ ရှိသည်များ ဆောင်ရွက်ရမည်ဟုလည်း ၎င်းကဆိုသည်။
ဆက်လက်၍ ခိုင်သုခက “ဘယ်နေရာလာပြီး သတင်းပို့ရမလဲ။ မသိလို့ မပို့ဘူးဆိုရင် သူတို့ရဲ့ လုံခြုံ ရေးကို သူတို့ ဂရုမစိုက် တာပဲလို့ ခံယူတယ်။ လုံခြုံစေချင်ရင် ရက္ခိုင့်တပ်မတော်ကို ဆက်သွယ်ပြီး အကြောင်းကြားပြီးမှ သွားကြပါ”ဟု ပြောသည်။
အစိုးရ၊တပ်မတော်နှင့် AAသည် အပစ်အခတ်ရပ်စဲရေး စာချုပ် တခု ချုပ်ဆိုနိုင်ရန် ညှိနှိုင်းနေသော် လည်း ပြေလည် ခြင်းမရှိသေးပါ။
ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် AAတို့ကြား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၃၀ မှ တိုက်ပွဲများ စတင်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲများကြောင့် အရပ်သား တသောင်းကျော် ထွက်ပြေးနေရပြီး စစ်ဘေးရှောင်ဒုက္ခသည်များ ဖြစ်နေသည်။
AA၏ လုပ်ရပ်နှင့် ပတ်သက်၍ ခူမီးချင်း မျိုးနွယ်စုများ ရေးရာ ညှိနှိုင်းရေး ကောင်စီမှ ပလက်ဝသည် ချင်းပြည်နယ်ရှိ မြို့နယ် ၉ မြို့နယ်အနက် ဖွံ့ဖြိုးမှု အနည်းဆုံးမြို့ဖြစ်ပြီး အစိုးရက ဒေသဖွံ့ဖြိုးရေး လုပ်ပေးနေကြောင်း၊ AA၏ လုပ်ဆောင်ချက်များ က ဒေသ ဖွံ့ဖြိုးရေးနှင့် တည်ငြိမ် အေးချမ်းမှုကို ထိခိုက်နစ်နာ စေ၍ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း မပြုလုပ်ပါနှင့်ဟု ပါရှိသည့် ထုတ်ပြန်ချက် တစောင်ကို ဧပြီလ ၂ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ဆုထူးစံကုမ္ပဏီသည် ရန်ကုန် ဗိုလ်တထောင်မြို့နယ် အခြေစိုက် ကုမ္ပဏီတခုဖြစ်ပြီး ရခိုင်ပြည်နယ်၌ တည်ဆောက်ရေး လုပ်ငန်းများ ဖြစ်သည့် ကညင်ချောင်း စီးပွားရေး ဇုန်၊ စစ်တွေမြို့ပြ စီမံကိန်း၊ ကုလားတန်မြစ်၀ ပြုပြင်းခြင်း၊ စစ်တွေမြို့ လယ်ချောင်း အကြီးစားပြုပြင်ခြင်း၊ အစိုးရ ဧည့်ဂေဟာ တည်ဆောက်ရေး လုပ်ငန်းများ၊ စစ်တွေမြို့ လမ်းမကြီးများနှင့် ပလက်ဖောင်းများ ပြုပြင်ခြင်း စသည့် လုပ်ငန်းများကို လုပ်ကိုင်နေသည့် ကုမ္ပဏီဖြစ်သည်။