၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မြောက်ပိုင်း မွတ်ဆလင်များကို အကြီးအကျယ် ထွက်ပြေးစေခဲ့သော စစ်ဆင်ရေး ကာလ အတွင်း ဖြစ်စဉ်များကို စုံစမ်းစစ်ဆေးမည့် စစ်ခုံရုံးသို့ တင်ပြ တိုင်ကြားမှုများကို တပ်မတော်က လျှို့ဝှက်ပေးမည် ဖြစ် ကြောင်း သိရသည်။
တပ်မတော်မှ ဗိုလ်ချုပ် အဆင့်ရှိသူ တဦး ဦးဆောင်၍ ဗိုလ်မှူးကြီး အဆင့်ရှိသူ နှစ်ဦးတို့ ပါဝင် ဖွဲ့စည်းထားသော အဆို ပါ တရားရုံးမှနေ၍ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို စုံစမ်းစစ်ဆေး သွားမည် ဟု တပ်မတော်က ပြီးခဲ့သည့် မတ်လတွင် ထုတ်ပြန်ခဲ့သည်။
“ကျနော်တို့ စုံစမ်း စစ်ဆေးရေး ခုံရုံးရဲ့စည်းမျဉ်း၊ စည်းကမ်းနဲ့အညီ အချိန်တခု အထိကတော့ လျှိုဝှက်ပေးထားရမှာပဲ။ ခိုင်လုံမှု ရှိလာရင်တော့ လာသတင်းပေးသူ တွေက တော့ ခုံရုံးရှေ့မှာ ထွက်ဆို နိုင်ရမယ်။ အဲဒါတွေက အတွင်းရေး၊ လျှို့ဝှက်အဆင့်တွေ ဖြစ်ပါတယ်”ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းက ဧရာဝတီသို့ ပြောသည်။
တပ်မတော်က တိုင်ကြားသူများ၏ လုံခြုံရေးအတွက် လျှို့ဝှက်ပေးမည် ဖြစ်သော်လည်း စုံစမ်း စစ်ဆေးရေး ခုံရုံး၏ လုပ် ထုံးလုပ်နည်းများနှင့် အညီ ဖြစ်ရမည် ဖြစ်ကြောင်း၊ ယခုခုံရုံးကို ကာလ သတ်မှတ်ချက် မထားခြင်းမှာ အချက်အလက် များ ပြည့်ပြည့်စုံစုံ ရရှိရန် ဖြစ်ကြောင်း သိရသည်။
စုံစမ်းရေးအဖွဲ့သည့် သက်ဆိုင်ရာ ဒေသများ အပါအဝင် လိုအပ်သည့် နေရာတိုင်းသို့ သွားရောက်မည် ဖြစ်ပြီး ယခင် ဒု ဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်သည့် စုံစမ်းရေး အဖွဲ့၏ တွေ့ရှိချက်များကို ပိုမို ခိုင်မာစေရန် ဆောင်ရွက်ခြင်း ဖြစ် ကြောင်း၊ ယခင်အဖွဲ့က သက်သေ ၆၀၀ ခန့်ထံမှ အချက်အလက် များ ရယူပြီး ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ဆိုသည်။
“အချက်အလက်တွေက အခိုင်အမာ လက်ဗွေရာတွေနဲ့ သက်သေတွေ ယူပြီးသား။ အဲဒီတုန်းကလည်း အရေးယူခဲ့တဲ့ တပ်မတော် အရာရှိတွေ၊ ရဲတွေ ရှိပါတယ်။ အခုဟာက အချက်အလက်တွေက ထပ်စိစစ် ဖို့ လိုတယ်လို့ သုံးသပ်တဲ့ သဘောပဲ။ ကျနော်တို့ တွေ့ရှိချက်တွေက ပိုပြီးတော့မှ ခိုင်ခိုင်မာမာ ဖြစ်စေ ချင်တဲ့ သဘောပါ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာလုံခြုံရေး စခန်းများကို ARSA အကြမ်းဖက်အဖွဲ့ က ဝင်ရောက် တိုက်ခိုက်ခြင်းအား မြန်မာ့တပ်မတော်က နယ်မြေလုံခြုံရေး ဆောင် ရွက်ရာ ဒုက္ခသည် ၇ သိန်း ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ရသည်ဟု နိုင်ငံတကာ သတင်းများက ဖော်ပြခဲ့သည်။
ထို့ကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များ ထွက်ပေါ်လာပြီး ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ က ယမန်နှစ်တွင် ထုတ်ပြန်ရာ၌ “စစ်တပ်၏ လုပ်ဆောင်ချက်များသည် လူမျိုးတုံး သတ်ဖြတ်ရန် ရည်ရွယ်၍ အကွက်ချ လုပ်ဆောင်ခဲ့ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြား ဗိုလ်ချုပ်ကြီး ၅ ဦးတို့အပေါ် နိုင်ငံတကာ ဥပဒေအရ အကြီးလေးဆုံး ပြစ်ဒဏ်ချမှတ်ရန် ထောက်ခံ ကြောင်း”ဖော်ပြခဲ့သည်။
ယခု စုံစမ်းရေး ခုံရုံး၏ အရှေ့တွင် ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်သည့် အဖွဲ့၏ အစီရင်ခံ စာတခု ထွက်ရှိပြီး ဖြစ်ရာ ယင်း အစီရင်ခံစာတွင် တပ်မတော်က ဥပဒေနှင့် အညီ ဆောင်ရွက်ခဲ့သည် ဟု ပြောဆိုပြီး ဖြစ်ရာ ယခု အကြိမ် ဖွဲ့စည်းသည့် ခုံရုံးသည် ယင်းခုံရုံးထက် ပိုမြင့်သည့် အဖွဲ့မျိုး ဖြစ်သင့်ကြောင်း ရန်ကုန်မြို့ မှ အစ္စလာမ် ဘာသာဝင် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်း ကြည်က ပြောသည်။
“အခုဟာက သူ့ထက်နိမ့်တဲ့ ဗိုလ်ချုပ်မြတ်ကျော်က ဦးဆောင်ပြီးတော့ ခုံရုံးပြန်ဖွဲ့ ပြန်ပြီ။ ကောင်းပြီ။ အဲဒါဆိုရင် ဖိအား တွေကို ကာကွယ်နေတာလား။ နိုင်ငံတကာ ဖိအား၊ စိန်ခေါ်မှုတွေကို ကာကွယ်နေ တာ ဆိုရင် အဲဒီ ဟာက အဖြေ မဟုတ်ဘူးနော်။ ထွက်ပေါက်လည်း မဟုတ်ဘူး။ ပြီးတော့ စစ်တပ်ကို တိုင်ဖို့၊ တပ်မတော်ကို တိုင်ဖို့ ဆိုတာ ဖြစ်နိုင်ခြေ အလွန်နည်းတဲ့ ကိစ္စ။ တကယ် ပြေလည်ချင်တယ် ဆိုရင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှပဲ တကယ့် အဖြေတခုကို ရမယ်လို့ သုံးသပ်တယ်”ဟု ၎င်းက ပြောသည်။
ယခုလို ခုံရုံးတခု ထပ်မံဖွဲ့ စည်းမှုသည် နိုင်ငံတကာကို တုန့်ပြန်ရန် တပ်မတော်၏ နိုင်ငံရေး ခြေလှမ်း တရပ် ဖြစ်သော် လည်း နောက် ကျနေပြီ ဖြစ်ကြောင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းတို့ စုံစမ်းခဲ့စဉ် ကလည်း အင်းဒင်ကိစ္စကို မဖော် ထုတ်နိုင်ခဲ့သဖြင့် မျက်နှာပန်း မလှခဲ့ကြောင်း ရခိုင် အရေး လေ့လာ သူ ဦးမောင်မောင်စိုးက ပြောသည်။
“တပ်က လျှို့ဝှက်ထားပေးမယ် ဆိုပေမယ့် တိုင်ရဲပါ့မလား။ တိုင်ရမယ့်သူတွေက ဘင်္ဂလီတွေ ဖြစ်တာ ကိုး။ အဲဒီတော့ တပ်အနေနဲ့က နိုင်ငံတကာ တချို့အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုမလား။ ဆောင် ရွက်မလား ဆိုတာတော့ အခြေ အနေပေါ် ကြည့်ပြီးတော့ ဆုံးဖြတ် ဆောင်ရွက်ရမယ်လို့ ထင်ပါ တယ်”ဟု ၎င်းက သုံးသပ်သည်။
နိုင်ငံတကာမှ တိုင်ကြားထားသည့် အချက်အလက်များကိုလည်း တပ်မတော်မှ ယူ၍ စစ်ဆေးသင့် ကြောင်း၊ အစိုးရ ဖွဲ့ ထားသည် ရခိုင်အရေး ကော်မရှင်၊ တပ်မတော်မှ ဖွဲ့ထားသည့် ကော်မရှင်နှင့် နိုင်ငံတကာမှ ဖွဲ့ထားသည့် ကော်မရှင် များ ပူးပေါင်း၍ ညှိနှိုင်း စစ်ဆေးမည် ဆိုပါက အဖြေတခု ထွက်လာနိုင်ကြောင်း ဦးမောင်မောင်စိုးက ပြောသည်။
“ဒီအဖွဲ့တွေ ကြားထဲမှာ ညှိနှိုင်းဆောင်ရွက်ရင် နိုင်ငံတကာကို ပိုပြီး ရှင်းရှင်းလင်းလင်း ဖြစ်စေလိမ့် မယ်လို့ ထင်ပါ တယ်”ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်၏ စစ်ရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အနောက် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဟောင်း ဗိုလ်ချုပ် မောင်မောင်စိုးကို အရေးယူမှုများ ပြုလုပ်ခဲ့ပြီး ၎င်းသည် တပ်မတော်မှ ရခိုင်အရေးနှင့် ပတ်သက်၍ အရေးယူခံရသည့် အကြီး ဆုံး တပ်မတော်အရာရှိ တဦး ဖြစ်ဖွယ် ရှိသည်။
ထို့ပြင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာတွင် မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံမှု အတွက် တာဝန်ရှိသူ တပ်မတော် အရာရှိ ၄ ဦး၊ စစ်သည် ၃ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ အင်းဒင်ရွာသား ၆ ဦး စုစုပေါင်း ၁၆ ဦးမှာလည်း အရေး ယူခံခဲ့ရပြီး ဖြစ်သည်။
အစိုးရကမူ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် ဝေဖန်ကန့်ကွက်မှုများ ရှိနေသည့်ကြားမှ ဖိလစ်ပိုင် သံအမတ်ကြီး ရိုဆာရီယို မယ်နာလို ဦးဆောင်ပြီး အဖွဲ့ဝင် ၄ ဦး ပါဝင်သည့် လွတ်လပ်သော စုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ပြီး ယင်းကော်မရှင်သည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့မှ စတင်ပြီး လုပ်ငန်းများကို ဆောင်ရွက်မည် ဖြစ်ကာ တနှစ်အတွင်း သမ္မတထံသို့ အကြံပြုချက် အစီရင်ခံစာ တင်သွင်းမည်ဟု သိရသည်။