သတင်း

အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ ဒါရိုက်တာ နှင့် ၂ ဦးကို လိမ်လည် တိုင်ကြားမှုဖြင့် အရေးယူ

Want create site? Find Free WordPress Themes and plugins.

အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီမှ တာဝန်ရှိသူ ၃ ဦးကို လိမ်လည် တိုင်ကြားခဲ့သည်ဟု ဆိုကာ အဂတိ လိုက် စားမှု တိုက်ဖျက်ရေး ကော်မရှင်က အမှုဖွင့်ထားကြောင်း ဧပြီ ၃ ၌ သတင်း ထုတ်ပြန်ထားသည်။

မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း မြို့နယ် မိုးထိမိုးမိ ဒေသရှိ အကြီးစား ရွှေလုပ်ကွက်များ၌ တရားမဝင် ရွှေ၊ သတ္တု ခိုးယူ တူးဖော်သူများ ရွှေခိုးထုတ်ရာတွင် ပူးပေါင်း ပါဝင်သည့် အဂတိလိုက်စားသော တာဝန်ကျ ဝန်ထမ်းများအား စုံစမ်း ဖော်ထုတ် အရေးယူပေးရန် အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးထွန်းအောင်စိုးက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ ကုမ္ပဏီက ပေးပို့သည့် တိုင်ကြားစာကို စိစစ်ရာတွင် ယင်းလုပ်ကွက် အတွင်း တာဝန်ကျ ဝန်ထမ်းများကို နစ်နာ စေရန် မရိုးမဖြောင့်သော ရည်ရွယ်ချက်နှင့် တိုင်ကြားသည်ကို စစ်ဆေး တွေ့ရှိရကြောင်း ကော်မရှင်၏ ပြောရေးဆိုခွင့် ရှိသူ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ဧရာဝတီသို့ ပြောသည်။

၎င်းက“သက်သေတွေကိုလည်း မမှန်မကန် ထွက်ဆိုစေဖို့ မရိုးမဖြောင့်တဲ့ သဘောနဲ့ ဆောင်ရွက်တာမို့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ပုဒ်မ ၅၉ နဲ့ အရေးယူဖို့ လုပ်ဆောင်ပါတယ်။ လောလောဆယ် အနေနဲ့ ဦးထွန်းအောင်စိုး ကိုလည်း ထိန်း သိမ်း ထားပြီး ဖြစ်ပါတယ်။ ကျန် ၂ ယောက်ကတော့ ထိန်းသိမ်းဖို့ ဆောင်ရွက်ဆဲ ဖြစ်တယ်”ဟု ပြောဆိုသည်။

ဦးထွန်းအောင်စိုးသည် အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီနှင့် အကျိုးတူ လုပ်ကိုင်ခဲ့သည့် ကုမ္ပဏီအဖွဲ့ ၈ ဖွဲ့ အမည် ကို အလွဲသုံးစား ပြုလုပ်ကာ နိုင်ငံ့ ဝန်ထမ်းများ ငွေကြေးရယူပြီး တရားမဝင် ရွှေ ခိုးတူးခွင့်ပြုခြင်း၊ ရွှေခိုးတူးသူများ ထံမှ လာဘ်ငွေ ရယူ၍ ပြန်လွှတ်ခဲ့ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း မမှန်မကန် တိုင်ကြားခဲ့သည်ဟု ဆိုကာ အဂတိ လိုက်စားမှု တိုက် ဖျက်ရေး ဥပဒေ ပုဒ်မ ၅၉ ဖြင့် နေပြည်တော် ဇမ္ဗူသီရိ မြို့မ ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တိုင်ကြားထားသည့် ၃ ဦး အမည်နှင့် ယမန်နေ့ နေ့လယ်ပိုင်းက ရဲစခန်းသို့ အမှု လာရောက် ဖွင့်လှစ်ကြောင်းနှင့် လက်ရှိ၌ ဦးထွန်းအောင်စိုးကို ဥတ္တရ သီရိ မြို့နယ်တွင် ချုပ်ရက် ရမန်ယူထားကြောင်း ဇမ္ဗူ သီရိမြို့မ ရဲစခန်းမှ ယာယီ စခန်းမှူးက ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။

ထို့ပြင် မမှန်မကန် တိုင်ကြားရာတွင် အားပေး ကူညီခဲ့သည့် ကုမ္ပဏီ ဝန်ထမ်းများ ဖြစ်သော ဦးမျိုးအောင်နှင့် ဦးဆန်နီ တို့ကို လည်း ပုဒ်မ ၅၉/၆၃ အရ အရေးယူပေးရန် အမှု ဖွင့်ထားကြောင်း သိရသည်။

မိုးထိမိုးမိ ရွှေလုပ်ကွက်ကြီး A ရှိ တားမြစ်ထားသော ဧရိယာ အတွင်း၌ ဖမ်းမိခဲ့ပြီး ပြည်သူပိုင် ပစ္စည်း ကာကွယ်ရေး အက် ဥပဒေ ပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့် တိုင်ကြားခံခဲ့ရသော ဦးအေးကို အပါအဝင် ၁၀ ဦးအား သတ္တုတွင်း ဝန်ထမ်းနှင့် လုံခြုံရေး ရဲများကို ငွေပေး၍ သတ္တုခိုးတူးခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုရန် ဦထွန်းအောင်စိုး၏ ညွှန်ကြားချက် အတိုင်း ဦးမျိုးအောင်နှင့် ဦးဆန်နီတို့က ရမည်းသင်း အကျဉ်းထောင်သို့ သွားရောက် သင်ကြားပေးခဲ့သည်ဟု စစ်ဆေး တွေ့ရှိခဲ့ကြောင်း ကော်မရှင် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အနေဖြင့် ပေးပို့လာသော တိုင်ကြားစာများအနက် တချို့သည် သဘောရိုးဖြင့် မှား ယွင်း တိုင်ကြားခြင်းဖြစ်သည်ဟု စိစစ်တွေ့ရှိခဲ့သဖြင့် တိုင်ကြားသူများအပေါ် အရေးယူခဲ့ခြင်းမရှိခဲ့ကြောင်း ပြောဆို သည်။

သို့သော် ယခု ဖြစ်စဉ်တွင် နိုင်ငံ့ဝန်ထမ်းများအား နစ်နာစေရန် တမင် ရည်ရွယ်ချက်ရှိရှိ အချိန်ယူကာ စီစဉ်ခဲ့ပြီး မမှန်မကန် တိုင်ကြားကြောင်း လုံလောက်သည့် အထောက်အထားများ တွေ့ရှိရ၍ ဦးထွန်းအောင်စိုး အပါအဝင် ၃ ဦးကို အရေး ယူရ ခြင်း ဖြစ်ကြောင်း ကော်မရှင်က ထုတ်ပြန် ပြောကြားသည်။

မိုးထိမိုးမိ ရွှေလုပ်ကွက်နှင့် အဓိက တာဝန်ရှိသူ အစိုးရ အရာရှိ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးသံဒိုင်ကိုလည်း အဂတိ လိုက်စားခဲ့သည်ဟု ဆိုကာ ကော်မရှင်က ဧပြီ ၁ ရက် က အမှု ဖွင့်ခဲ့သည်။

ပုဒ်မ ၅၉ အရ မည်သူမဆို ပုဂ္ဂိုလ် တဦး တယောက်အား နစ်နာစေရန် သို့မဟုတ် ဂုဏ်သရေ ပျက်စေရန် ရည်ရွယ်၍ ဤ ဥပဒေပါ ပြစ်မှုတခုခုကို ကျူးလွန်သည်ဟု သော်လည်းကောင်း၊ အဂတိ လိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာ လာခြင်းဖြစ်သည် ဟု သော်လည်းကောင်း၊ မမှန်မကန် သတင်း ပေးပို့ခြင်း၊ တိုင်ကြားခြင်း ပြုကြောင်း ပြစ်မှုထင်ရှားလျှင် ထိုသူကို ၃ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည် ဖြစ်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။

ဆက်စပ် ဖတ်ရှုရန်

ကျပ်သိန်း ၇၀ ကျော် လာဘ်ယူ၍ သတ္တုတွင်း လုပ်ငန်း ဦးဆောင် ညွှန်မှူး ဖမ်းဆီးခံရ 

မိုးထိ မိုးမိ လုပ်ကွက် အတွင်း အဂတိ လိုက်စားမှု ရှိ မရှိ စစ်ဆေးနေ

Did you find apk for android? You can find new Free Android Games and apps.
Loading