ရခိုင်ပြည်နယ် ရမ်းဗြဲ မြို့နယ် သင်းပန်းချိန် ကျေးရွာ ဘုန်းကြီးပျံပွဲတွင် အရုပ်ကျွဲ ၂ ကောင်၌ “ဝန်ကြီး”၊ “အမတ်”ဟု အမည် ပေးကာ ကျွဲခတ်ပွဲ ပြုလုပ်သူများကို ခေါ်ယူစစ်ဆေးနေကြောင်း သတင်း ရရှိသည်။
ကျွဲခတ်ပွဲကို ဦးဆောင်သူ မကျည်းကုန်း ရွာသား ဦးဖြူလုံး အပါအဝင် ရွာသား ၇ ဦးကို ဧပြီလ ၃ ရက်က ရမ်းဗြဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ယူ စစ်ဆေးကြောင်း ဦးဖြူလုံးက ဧရာဝတီသို့ ပြောသည်။
၎င်းက“မနေ့က ကျနော်တို့ကို ရဲက လာခေါ်တယ်။ ကျနော်တို့ ပြောတယ် ရည်ရွယ်ချက်နဲ့ လုပ်တာ မဟုတ်ဘူး။ ပျော်ပွဲ ရွှင်ပွဲ သဘောနဲ့ ဘုန်းကြီးပျံပွဲ စည်ကားအောင် လုပ်တာ ဖြစ်တယ် ဆိုတာ ပြောပြတယ်။ ကျနော်တို့ကို အမှုတော့ မဖွင့် သေးဘူး” ဟု လည်း ပြောပြသည်။
“ဝန်ကြီး”၊ “အမတ်”အမည်ပေး၍ အရုပ် ကျွဲခတ်သည့် ပွဲကို ပြုလုပ်ခဲ့မှုနှင့် ပတ်သက်ပြီး အရေးယူသင့် မသင့်ကို နိုင်ငံတော် သမ္မတရုံးသို့ တင်ပြမည်ဟု ရဲတပ်ဖွဲ့မှူးက ပြောဆိုကြောင်းလည်း ဦးဖြူလုံးက ပြောသည်။
လက်ရှိ အချိန်တွင် ဦးဖြူလုံး အပါအဝင် ရွာသား ၇ ဦးကို မည်သည် အဖွဲ့က တိုင်ကြားသည်ကို မသိရှိသလို အကျယ်ချုပ် ပုံစံမျိုး ရမ်းဗြဲမြို့ပေါ်တွင် နေထိုင် သွားလာနေရကြောင်း ဘုန်းကြီးပျံပွဲ ဦးဆောင်ကျင်းပသူ တဦး ဖြစ်သော ဦးသန်းတင် အောင် က ပြောပြသည်။
၎င်းက“ကျနော်တို့ ထွေအုပ်နဲ့ ရဲကို ဘယ်သူတိုင်လို့ ဒီကိစ္စကို လုပ်တာလဲ မေးတော့ ဘာမှ တိတိကျကျ မပြောဘူး။ ကိုဖြူ လုံး တို့ကို ပြန်လွှတ်တာလည်း မဟုတ်ဘူး၊ ဖမ်းထားတာလည်း မဟုတ်ဘူး။ ဒီအတိုင်း မြို့ပေါ်မှာ သောင်တင်ပြီး နေကြရ တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ရမ်းဗြဲမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်း က ၎င်းတို့ကို စစ်ဆေးနေပြီး စစ်ချက်ကို မှတ်တမ်း အနေဖြင့် သိမ်းထားမည် ဖြစ်ကြောင်း၊ လောလောဆယ် အရေးယူမည့် အစီအစဉ် မရှိကြောင်း ပြောဆိုသည်။
ရဲမှူး ဇော်ဝင်းက“ကျနော်တို့က စစ်ဆေးတယ်။ မှတ်တမ်း အဖြစ် သိမ်းထားမှာ။ အရေးယူမယ့် ကိစ္စကတော့ လောလော ဆယ် အရေးမယူဘူး။ ပြန်လွှတ်ပေးမှာ”ဟု ပြောသည်။
ယင်း ဆောင်ရွက်ချက်များသည် ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် အတွက် တာဝန်ရှိသူများကို စိစစ်ပြီး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း လည်း သိရသည်။
အဆိုပါ သင်းပန်းချိန် ဘုန်းကြီးပျံပွဲကို ဧပြီလ ၁ ရက်မှ ၂ ရက်အထိ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့သည်။
ကျွဲခတ်ပြပွဲတွင် ဦးဆောင်သူ ကိုဖြူလုံးက“ရွာသားတယောက်က ကျနော့်ကို ပြောတယ်။ ကျွဲနာမည် ဘာထားမလဲတဲ့။ ကျနော်လည်း ခေါင်းထဲမှာ ဘာပေါ်လာလဲ ဆိုတော့ နှင်းဆီ အငြိမ့်တွေမှာ နေတိုးတို့ အဖွဲ့က ဝန်ကြီးတွေကို ပျက်လုံး ထုတ် ကြတာကို ပြေးမြင်သွားတယ်။ အဲဒါနဲ့ တကောင်က ဝန်ကြီး၊ တကောင်က အမတ် ဆိုပြီး နာမည် ပေးလိုက်မိတာပါ။ ဘာ ရည်ရွယ်ချက်မှလည်း မပါပါဘူး”ဟု ပြောသည်။
ရမ်းဗြဲ မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦး က ၎င်းတို့၏ ဆောင်ရွက်ချက်သည် ထိခိုက် နစ်နာ သည်ဟု မခံစားရကြောင်း ဆိုသည်။
ဦးသန်းမောင်ဦးက“သူတို့ ဘာရည်ရွက်ချက်နဲ့ လုပ်တယ် ဆိုတာတော့ ကာယကံရှင်တွေပဲ သိကြလိမ့်မယ်။ ကျနော် ကတော့ ဒီအပေါ်မှာ ဘာမှ မခံစားရဘူး။ ဗွေလည်း မယူဘူး။ ဥပက္ခာပြုထားလိုက်ပါတယ်”ဟု ပြောဆိုသည်။
ရခိုင်ဒေသများတွင် ဘုန်းကြီးပျံ ပွဲများ၌ အရုပ်ကျွဲခတ် ပွဲများကို ရိုးရာ ဓလေ့တခု အနေဖြင့် ထည့်သွင်း ကျင်းပလေ့ ရှိကြောင်း သိရသည်။