သတင်း

မိုင်းအန္တရာယ် သတိပေး အမှတ်အသားများ တိုင်းရင်းသား ဘာသာနှင့် ထားရှိရန် စီစဉ်

Want create site? Find Free WordPress Themes and plugins.

မိုင်းအန္တရာယ် ကင်းဝေးစေရန် အတွက် အသိပေး အမှတ်အသားများကို တိုင်းရင်းသား ဘာသာစကား အလိုက် ထားရှိရန် ဆောင်ရွက်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဌာနက ဒု ဝန်ကြီး ဦးစိုး အောင် က ပြောသည်။

ဧပြီလ ၄ ရက်က နေပြည်တော် မင်္ဂလာ သီရိ ဟိုတယ်၌ ပြုလုပ်သည့် အပြည်ပြည် ဆိုင်ရာ မိုင်းအန္တရာယ် အသိပညာပေး ရေးနှင့် မိုင်းလုပ်ငန်း ဆိုင်ရာ အကူအညီပေးရေးနေ့ အခမ်းအနား၌ အဖွင့် အမှာစကား ပြောကြားစဉ် အထက်ပါ အတိုင်း ပြောကြားခဲ့သည်။

ဒု ဝန်ကြီး ဦးစိုးအောင် က“မိုင်းအန္တရာယ် ကင်းရှင်းရန် အတွက် မိုင်းအန္တရာယ် အသိပေး အမှတ်အသားများ ထားရှိရန် ဆောင်ရွက်နေ သလို တိုင်းရင်းသား ဘာသာစကား အမျိုးမျိုးနှင့်လည်း ထားရှိသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ထိုသို့ မိုင်းရှင်းလင်းရေး လုပ်ငန်းသည် လူသားချင်း စာနာထောက်ထားမှု လုပ်ငန်း ဖြစ်သည့် အတွက် အကူအညီ ပေးရေး လုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်းများ အနေဖြင့် မိုင်းအန္တရာယ် အသိပညာပေးရေး၊ မိုင်းရှင်းလင်းရေး လုပ်ငန်း များ ဆောင်ရွက်ရာတွင် ဒေသခံ ပြည်သူများက ပူးပေါင်း ဆောင်ရွက်မည် ဆိုပါက မိုင်းကြောင့် ထိခိုက် ခံစားရသူများ လျော့နည်းသွားမည် ဖြစ်ပြီး ဒေသခံများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားသော လုပ်ငန်းများကို ပြန်လည် လုပ်ကိုင် နိုင်မည် ဖြစ်ကြောင်း ဒု ဝန်ကြီးက ဆိုသည်။

ကုလ သမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဖြစ်သူ Mr. Knut Ostby က“မြန်မာနိုင်ငံ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို အားလုံး သဘောတူတဲ့ နေရာများမှာ ရှေ့ပြေး မိုင်းရှင်းလင်းရေး လုပ် ငန်းများကို ချက်ချင်း စတင် လုပ်ဆောင်ဖို့ အတွက် တိုက်တွန်းလိုပါတယ်”ဟု ပြောသည်။

ထိုသို့ မိုင်းရှင်းလင်း လုပ်ငန်းသည် ပြည်သူများ ရင်ဆိုင်နေရသည့် မိုင်းအန္တရာယ်ကို လျှော့ချနိုင်ရုံသာ မက လက်နက်ကိုင် အဖွဲ့ အစည်းများ အတွင်း၌လည်း ယုံကြည်မှု တည်ဆောက်ရေး အတွက် အရေးပါသည့် အတိုင်းအတာ တခုလည်း ဖြစ် ကြောင်း၊ ထိုသို့ ပြုလုပ်ခြင်းဖြင့် ပြည်သူများ အတွက် အကျိုးရှိသည့် တိုးတက်မှု အမှတ်အသား အဖြစ် ဖော်ဆောင်နိုင်မှာ ဖြစ်ကြောင်း Mr. Knut Ostby က ပြောကြားသည်။

တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံး လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသဖြင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များမှာ ပြည်နယ်နှင့် တိုင်းဒေသကြီး ၉ ခု၊ မြို့နယ် ၅၂ မြို့နယ်တွင် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်ကျန် လက်နက် ပစ္စည်းများ၏ အန္တရာယ်နှင့် ရင်ဆိုင်နေရဆဲ ဖြစ် ကြောင်း၊ မိုင်းကြောင့် ထိခိုက် ခံစားရသူ အများစုမှာ ဒေသခံ အရပ်သားများ ဖြစ်ပြီး ဒေသခံများ အနေဖြင့် မိုင်းထိပါက အသက် ဆုံးရှုံးခြင်း၊ မသန်စွမ်း ဖြစ်ခြင်း၊ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်ခြင်း၊ လူမှု စီးပွား ဘဝများ ထိခိုက်ခြင်းများကို ရင်ဆိုင် ရမည် ဖြစ်ကြောင်း ဒု ဝန်ကြီးက ပြောသည်။

အရေး အကြီးဆုံး အချက် တချက် ဖြစ်သည့် မိုင်းအန္တရာယ် ကင်းရှင်းသည့် နယ်မြေ ပတ်ဝန်းကျင် ရပ်ရွာ ဖြစ်လာသည် အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒု ဝန်ကြီး ဦးစိုးအောင်က ဆိုသည်။

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီး မြို့နယ် မုန်းဒေသ၊ သုံးတော ကျေးရွာတွင် နေထိုင်သည့် မိုင်းဒဏ် ခံစားနေရသူ ဦးဇော် ဇော်ဦး က“ကျနော်ဆို လေးတန်း ကျောင်းသား အရွယ်မှာ နွေရာသီ ကျောင်းပိတ်လို့ သူငယ်ချင်းတွေနဲ့ တောထဲမှာ ဟင်း ရွက်သွားခူးတဲ့ အချိန်မှာ မိုင်းထိလို့ ညာခြေထောက် ဖြတ်ခဲ့ရပါတယ်”ဟု ပြောသည်။

ထိုသို့ လေးတန်းကျောင်းသား အရွယ်တွင် ကျောင်းသို့ သွားရာတွင် ချိုင်းထောက်နှင့် သွားရသဖြင့် အလှောင်အပြောင် ခံခဲ့ရ၍ ကျောင်းထွက်ခဲ့ရကြောင်း၊ လူ့အခွင့်အရေး များစွာ ဆုံးရှုံးရကြောင်း၊ ယခုထက် ဆိုးသည်မှာ ထိုအချိန်က အိမ် ထောင် ရှိ အမျိုးသမီး ဖြစ်ပြီး မိုင်းထိ၍ ခြေနှစ်ဖက်လုံး ဖြတ်လိုက်ရပါက လင်ယောကျာ်း ပစ်ခြင်းကို ခံရသည့် ဖြစ်ရပ်များစွာ ရှိကြောင်းလည်း ဦးဇော်ဇော်ဦးက ပြောပြသည်။

၂၀၁၇ ခုနှစ်၌ တနိုင်ငံလုံး မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်စဉ် ၁၁၉ ကြိမ် ဖြစ်ပွားခဲ့ပြီး၂၀၁၈ ခုနှစ်တွင်၂၀၅ ကြိမ်အထိ ပေါက်ကွဲ မှုများ ဖြစ်ပွားခဲ့ သဖြင့် မိုင်းအန္တရာယ်မှာ ပြည်သူ လူထု ကြားတွင် ကြီးမားစွာ ကြုံတွေ့နေရသည့် ကိစ္စရပ်များ ဖြစ်နေ ကြောင်း ပြန်လည် ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း က မတ်လ ၁၉ ရက်တွင် ပြုလုပ်သည့် မိုင်း အန္တရာယ် အသိပညာပေး လုပ်ငန်း ပုံမှန် ညှိနှိုင်း အစည်းအဝေး၌ ပြောကြားထားသည်။

မြေမြှုပ်မိုင်း စောင့်ကြည့် လေ့လောရေး အဖွဲ့ (Landmine Monitor-LM) ၏ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်သော အစီရင်ခံစာ၌ မြန်မာနိုင်ငံသည် တခြား အာရှနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြေမြှုပ်မိုင်း အသုံးပြုမှု အဆင့် ၃ နေရာတွင် ရှိနေ ကြောင်း ဖော်ပြထားသည်။

၂၀၁၇ ခုနှစ်မှ စတင်၍ ၂၀၁၈ ခုနှစ် အထိ မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းကြောင့် ထိခိုက် သေဆုံးမှု ၃၅၃၉ ဦး ရှိကြောင်း လည်း အဆိုပါ အစီရင်ခံစာတွင် ပါရှိသည်။

မိုင်းအန္တရာယ်ကို အများဆုံး တွေ့ကြုံ ခံစားနေရသည့် ပြည်နယ်များသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယား ပြည် နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့ဖြစ်ကြောင်း လူမှု ဝန် ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဌာနက သိရသည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ဦးဆောင်၍ ဆက်စပ် ဝန်ကြီး ဌာနများ၊ ကုလ သမဂ္ဂ ကလေး များ ရန်ပုံငွေ အဖွဲ့ (UNICEF) ၊ INGOs ၊ NGOs တို့ ပူးပေါင်း ပါဝင်မှုနှင့် မိုင်းအန္တရာယ် အသိ ပညာပေး ခြင်း ဆိုင်ရာ လုပ်ငန်း အဖွဲ့ကို၂၀၁၂ ခုနှစ်က စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ်မှ စတင်၍ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် မိုင်းကြောင့် ထိခိုက် ခံစားရသူများ ကူညီ ထောက်ပံ့ခြင်း၊ လူမှု ဘဝ ပြန်လည် ဝင်ဆံ့နိုင်ရေး အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်း များ ဆောင်ရွက်လျက် ရှိရာ မိုင်းကြောင့် ထိခိုက် ဒဏ်ရာရသူ ၄၈၉ ဦး အတွက် ၁ ဦးလျှင် ထောက်ပံ့ကြေးငွေ ကျပ်၂ သိန်း နှုန်းဖြင့် စုစုပေါင်း ကျပ် ၉၇၈ သိန်းကို ဝန်ကြီး ဌာန၏ ဘတ်ဂျက်နှင့် ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading