တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့တိုက်ပွဲအတွင်း ပိတ်မိပြည်သူများလွှတ်မြောက်ရေး လှုပ်ရှားရင်း ဖမ်းဆီး တရားစွဲခံခဲ့ရသည့် ထွယ်ဂျန်ဒါအဖွဲ့အစည်းမှ ဒါရိုက်တာ ဒေါ်နန်ပူသည် ဧပြီ ၅ ရက်နေ့တွင် လွတ်ရက်ပြည့်ဖြင့် လွှတ်မြောက် လာခဲ့သည်။
ဒေါ်နန်ပူက “ကျမတယောက်ထဲလွှတ်လာတဲ့ အတွက် ကျမဝမ်းမသာပါဘူး။ ကျမ ကျန်းမာရေး အခြေအနေအရ ကျမလုပ်နေတဲ့ တာဝန်ယူရတဲ့ လုပ်ငန်းတွေ အရ ထောင်ထဲမှာနေခဲ့တဲ့ လေးလ အတွင်းမှာ တော်တော်လေး ထိခိုက်လာတဲ့ အခြေအနေဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောကြားသည်။
ကချင်ပြည်နယ်တွင် ဧပြီလအတွင်း တပ်မတော်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားရာမှ တနိုင်းမြို့နယ်၊ အင်ဂျန်းယန်မြို့ နယ်၊ မိုးကောင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်တို့တွင် ဒေသခံ ၆ ထောင်ကျော် နေအိမ်များ စွန့်ခွာ ထွက်ပြေးကာ စစ်ဘေးရှောင် ဒုက္ခသည်များဖြစ်ခဲ့သလို ကချင်လူငယ်များက ဆန္ဒပြနေစဉ်အချိန်အတွင်း၌ ဒေသခံ ၃ ထောင် ကျော် ပိတ်နေခဲ့သည်။
တိုက်ပွဲအတွင်း ပိတ်မိပြည်သူများ လွှတ်မြောက်ရေးအတွက် လမ်းလျှောက်ဆန္ဒပြပြီး ထိုင်သပိတ်စခန်းဖွင့်ရာတွင် ဦးဆောင် ပြုလုပ်ခဲ့သဖြင့် ဒေါ်နန်ပူ၊ ကချင်အမျိုးသား လူမူဖွံ့ဖြိုးရေး အသင်းမှ ဦးဇော်ဂျက်နှင့် တရားလွှတ်တော်ရှေ့နေ ဦးလွမ်းဇောင်တို့ကို တပ်မတော်အား အသရေဖျက်သည်ဟု ဆိုကာ ပုဒ်မ ၅၀၀ ဖြင့် မေလ ၈ ရက်နေ့က တရားရုံးကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကြည်းတပ်မှ ဒုဗိုလ်မှူးကြီး မျိုးမင်းဦးက ဦးတိုက် လျှောက်ကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဆရာမဒေါ်နန်ပူ၏ ကျန်းမာရေး အခြေအနေအရ ပြည်နယ်တရားလွတ်တော်မှအယူခံ ဆုံးဖြတ်ချက် ကို ၄ လ ချမှတ်ပြီး ဦးလွမ်းဇောင်း နှင့် ဦးဇော်ဂျတ်တို့အား မူလ ဆုံးဖြတ်ချက် အတိုင်း ထောင်ဒဏ် ၆ လ ကျခံစေရန် အမိန့်ချမှတ် ခဲ့ခြင်းဖြစ်သည်။
ဒေါ်နန်းပူ က “ကျန်ခဲ့တဲ့ ကျမရဲ့လုပ်ဖော်ကိုင်ဖက်တွေအတွက် စိတ်မကောင်းပါဘူး။ သူတို့လွှတ်မြောက်ရေးအတွက်လည်း ဆက်လက်လုပ်ဆောင်သွားမယ်” ဟု ပြောသည်။
ငြိမ်းချမ်းရေး ရရှိရန်အတွက် သော်လည်းကောင်း၊ ဒီမိုကရေစီနိုင်ငံ ထူထောင်ရန် အတွက် သော်လည်းကောင်း တရားရေး မဏ္ဍိုင်က ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်းကိုလည်း ဒေါ်နန်ပူက ထည့်သွင်းပြောကြားသွားသည်။
“ကျမတို့က အပြစ်မရှိဘူး။ ကျမတို့က အများအကျိုးအတွက်လုပ်ပေမယ့် ကျမတို့ကို စွဲချက်တောင်မတင်သင့် တာကို စွဲချက်တင်ပြီး ထောင်ချတယ်”ဟု ဒေါ်နန်ပူက ထောက်ပြခဲ့သည်။
ဒေါ်နန်ပူအနေဖြင့် ၎င်း၏လုပ်ကိုင်ဆောင်ရွက်နေသည့် ကျား၊ မတန်းတူညီမျှရေး၊ ငြိမ်းချမ်းရေးတွင် အမျိုးသမီးများ ပါဝင်လုပ်ဆောင်နိုင်ရေးနှင့် စစ်ဘေးရှောင်နေသည့် အမျိုးသမီးများ၏လိုအပ်ချက်၊ အခက်အခဲများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု သိရသည်။
ဒေါ်နန်ပူသည် အမေရိကန်သံရုံးက နှစ်စဉ်ချီးမြှင့်သော ၂၀၁၉ ခုနှစ် အပြောင်းအလဲအတွက်အမျိုးသမီးများဆု (Women of Change Award) ကို ရရှိထားသူဖြစ်သည်။ ထိုဆုသည် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူအားလုံး၏ အခွင့်အရေး ပိုမိုတိုးတက်စေရေးအတွက် ဆောင်ရွက်လျက်ရှိသော အမျိုးသမီးများကို အသိအမှတ်ပြု ချီးမြှင့်ခြင်းဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန် – ကချင် အမျိုးသမီး ခေါင်းဆောင် ဒေါ်နန်ပူကို ထောင်ဒဏ် ၂လ လျော့ပေး
အပြောင်းအလဲအတွက်အမျိုးသမီးများဆု ကချင်နှင့်ကမန်တိုင်းရင်းသူ ၂ ဦးရရှိ