ရဲတပ်ဖွဲ့က ရိုက်နှက်လိုက်သည့် ဒဏ်ရာကြောင့် သေဆုံးသွားသည်ဟု ဆိုသော ရန်ကုန်တိုင်း သန်လျင်မြို့နယ်မှ အငှား ယာဉ်မောင်း ကိုအောင်အောင်၏ အမှုသည် ကြန့်ကြာနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် တရား စီရင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်လွင်က ပြောသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၂၆ ရက်နေ့က တရားရုံးထုတ်လာစဉ် အချုပ်ကားပေါ်တွင် လဲကျ၍ သံလျင် ဆေးရုံသို့ ပို့ ဆောင်ခဲ့ရာ ၃ နာရီအကြာတွင် သေဆုံးခဲ့ပြီး ယနေ့အချိန်အထိ ၇ လဝန်းကျင်သို့ ရောက်ရှိလာသော်လည်း အမှု အခြေ အနေက တိုးတက် မလာသေးသောကြောင့် ယမန်နေ့က ကိုအောင်အောင်၏ မိခင်ဖြစ်သူနှင့် တရားစီရင်ရေး ကော်မတီ တို့ ထပ်မံတွေ့ဆုံခဲ့သည်ဟုလည်း ဆိုသည်။
ကော်မတီကလည်း ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး မိသားစုဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မျက်မြင်သက်သေများ အားလုံးကို စုံစမ်း စစ်ဆေးခဲ့ပြီး ဖြစ်သည်။
ထိုဖြစ်စဉ်တွင် အဓိကကျသည်က ဆေးစာဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှက် စစ်ဆေးမှုကြောင့် ကိုအောင်အောင် သေဆုံးခဲ့ရသည်ဟု သံသယရှိကြောင်း တရားစီရင်ရေး ကော်မတီ ဥက္ကဋ္ဌက ပြောသည်။
ယခုအချိန်၌ သံလျင် တရားရုံးတွင် သေမှုသေခင်းအဖြစ် စစ်ဆေးနေကြောင်း၊ စစ်ဆေးတွေ့ရှိချက်များအပေါ် မူတည် ပြီး လူသေမှုပုဒ်မမှ တခြားသက်ဆိုင်ရာ ပုဒ်မများသို့လည်း ပြောင်းလဲသွားနိုင်ကြောင်း သူက ဆိုသည်။
“တရားသူကြီးကတော့ သူသင်တန်း ၂ လတက်နေလို့ ဒီအမှုကို မစစ်ဖြစ်သေးတာလို့တော့ ပြောတယ်။ ကျနော်တို့က စုံစမ်း စစ်ဆေးခဲ့တယ်ဆိုတာကလည်း ပတ်ဝန်းကျင်အခြေအနေနဲ့ ဖြစ်စဉ်နဲ့ သက်ဆိုင်တဲ့သူတွေကိုပဲ စစ်ဆေးတာ။ ဆေးစာ ကို မတွေ့ရဘူး။ ရဲရိုက်တဲ့ဒဏ်ရာနဲ့ သေတယ်လို့ တဖက်က စွပ်စွဲပေမယ့် ကျနော်တို့ကတော့ စောင့်ကြည့်နေ သေး တဲ့ အနေအထားပေါ့။ တရားရုံးမှာ စစ်ဆေးတွေ့ရှိချက်အတိုင်း ဥပဒေပုဒ်မနဲ့အညီ ထိထိရောက်ရောက် အရေး ယူရ မှာပေါ့”ဟု ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်လွင်က ဆက်ပြောသည်။
ကိုအောင်အောင်၏ ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က စုံစမ်းစစ်ဆေး ပြီး နောက် သေဆုံးမှုသည် ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှက် စစ်ဆေးခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ထို့အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင် များကို အရေးယူရန် ပြည်ထဲရေး ဝန်ကြီးဌာနသို့ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ အတွင်း အကြံပြုစာပေးပို့ခဲ့ ကြောင်း သိရသည်။
သို့ရာတွင် ပြည်ထဲရေး ဝန်ကြီးဌာနက ယခုနှစ် မတ်လ ၁၁ ရက်က အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များကို အရေးယူရန် မရှိကြောင်း အကြောင်းပြန်ခဲ့သည်ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ တိုင်ကြားစာ များ ကော်မတီ၏ တာဝန်ရှိသူ ဦးယုလွင်အောင်က ပြောသည်။
အဓိကအားဖြင့် အင်းစိန် အကျဉ်းထောင်တွင် အချုပ်သားအဖြစ် ကိုအောင်အောင်ကို လက်ခံစဉ်ကလည်း ပြင်ပဒဏ်ရာ များ မရှိကြောင်း၊ ကိုအောင်အောင် သေဆုံးခဲ့ခြင်းနှင့် ပတ်သက်ပြီး ရင်ခွဲစစ်ဆေးသည့် ဆေးစာတွင်လည်း အဆုတ်ထဲ သို့ ရေဝင်ခြင်း၊ ကျောက်ကပ် ပျက်စီးခြင်းများကြောင့်ဟု ပါရှိသည်ဟု သူက ဆက်ပြောသည်။
“အကြောင်းပြန်စာမှာ ခန္ဓာကိုယ်မှာ ပြင်ပဒဏ်ရာ မတွေ့ရဘူး၊ ဦးခေါင်းခွံရိုးက ကျိုးတာ၊ အက်တာမျိုးလည်း မတွေ့ရ ဘူး။ ဒါ့ကြောင့် ရဲတွေက ရိုက်တာ၊ ကန်ကျောက်တာ မဟုတ်ဘူးဆိုတာမျိုးပါတယ်။ ဒါ့ကြောင့်လည်း တာဝန်ရှိတဲ့ ရဲ တပ်ဖွဲ့ဝင်တွေကို အရေးယူဖို့ မသင့်ဘူးလို့ ပါတယ်”ဟု ဦးယုလွင်အောင်က ဆိုသည်။
ကိုအောင်အောင်၏ မိခင် ဖြစ်သူ ဒေါ်အေးကမူ မိမိအနေဖြင့် သားသေဆုံးမှုနှင့် ပတ်သက်ပြီး မည်သည့် အကျိုး ခံစား ခွင့်မှ မမျှော်လင့်သော်လည်း မိမိသားကို ရိုက်နှက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို ထိထိရောက်ရောက် အရေးယူစေချင် သည် ဟု ပြောသည်။
ကိုအောင်အောင်နှင့် အတူ ဖမ်းဆီးခံလိုက်ရသည့် ကားဘတ္ထရီခိုးသူ ၂ ဦးကပင် ယခုနှစ် မတ်လ ၃ ရက်နေ့က ထောင် ဒဏ် ၉ လ အမိန့်ချမှတ်ခြင်း ခံရပြီးသော်လည်း မိမိသား သေဆုံးခဲ့မှုနှင့် ပတ်သက်ပြီး ထိထိရောက်ရောက် ဘာမှ ဖြစ် မလာ ခြင်းကို အားမလို အားမရဖြစ်ရသည်ဟုလည်း သူက ဆက်ပြောသည်။
“ကျမသားက ရဲစခန်းမှာ အချုပ်ခံပြီး နောက်နှစ်ရက်မှာ တွေ့ခွင့်ရတော့ တခြားအချုပ်သားတွေက တွဲထားရတယ်။ အင်းစိန်ထောင်ရောက်လို့ ထောင်ဝင်စာသွားတွေ့တော့လည်း တခြားအကျဉ်းသားတွေက တွဲထုတ်ရတယ်။ အင်းစိန် ထောင် ရောက်မှပဲ သားကလည်း သူ့ကို ရဲတွေရိုက်နှက်ပြီး ခိုးမှုမှာပါတယ်ဆိုတာ အတင်းဝန်ခံခိုင်းတာကို ပြန်ပြောပြရဲ တာ။ ဒါကိုကြည့်လိုက်တာလေးနဲ့ပဲ ကျမသားကို ရဲတွေရိုက်တဲ့ဒဏ်ရာနဲ့ သေတယ်ဆိုတာ မြင်သာစေပါတယ်”ဟု ဒေါ်အေး က ဆိုသည်။
အသက် ၂၈ နှစ်အရွယ် အငှားယာဉ်မောင်း ကိုအောင်အောင်သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၁၂ ရက်နေ့ ညပိုင်းက ၎င်း၏ ကားပေါ်တွင် အမျိုးသား ၂ ဦးကို တင်ဆောင်လာရာ သံလျင်မြို့နယ်အတွင်း ယာဉ်စစ် ပိတ်ဆို့ ရှာဖွေသူများက ကားပေါ်ပါသူများမှာ ကားဘတ္ထရီခိုးသူ ၂ ဦးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ထိုဖြစ်စဉ်တွင် ကိုအောင်အောင် လည်း ပါဝင်သည်ဟု ရဲတပ်ဖွဲ့က သံသယရှိပြီး ဖမ်းဆီးခြင်း ခံလိုက်ရသူ ဖြစ်သည်။
ကားဘတ္ထရီခိုးသူ ၂ ဦးက ခိုးယူကြောင်း ဝန်ခံသော်လည်း ထိုဖြစ်စဉ်တွင် ကိုအောင်အောင်က မပါဝင်သဖြင့် ဝန်မခံ သည့် အတွက် ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက် ကန်ကြောက်ခဲ့ကြောင်း၊ ထိုဒဏ်ရာဖြင့်ပင် စက်တင်ဘာ ၂၆ ရက်နေ့တွင် သေဆုံးခဲ့ခြင်း ဖြစ်သည့် အတွက် မိခင်ဖြစ်သူက နိုင်ငံတော်သမ္မတ အပါအဝင် ၈ နေရာအထိ အမှုမှန် ပေါ်ပေါက်ရေး အတွက် တိုင်ကြား ခဲ့ကြောင်း သိရသည်။
ဆက်စပ် ဖတ်ရှုရန်
သန်လျင် ရဲတပ်ဖွဲ့ဝင်များကို အရေးယူသင့်ကြောင်း လူ့အခွင့်အရေး ကော်မရှင် ပြော
ရဲနှိပ်စက်၍ အချုပ်သားသေဆုံးဆိုသည့် တိုင်ကြားမှု လူ့အခွင့်အရေးကော်မရှင် စစ်ပြီ