မွန်ပြည်နယ် သထုံမြို့သို့ ယနေ့ ရောက်ရှိလာသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က အုပ်ချုပ် ရေး ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် ပြည်သူလူထုနှင့် ဆက်ဆံရာတွင် ယဉ်ယဉ်ကျေးကျေး၊ သိက္ခာရှိရှိဖြင့် ပြောဆို ဆက်ဆံကြရန် သတိပေးလိုက်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံနှင့် လူထု ယနေ့ တွေ့ဆုံရာတွင် သိမ်ဇရပ်မြို့ပေါ်ရှိ ကျူးကျော်များအား တိုင်းကြားသူများအပေါ် တာဝန်ရှိသူများမှ ဆက်ဆံပုံနှင့် ပတ်သက်၍ သတိပေးခဲ့ခြင်းဖြစ်ပြီး တတိုင်း ပြည်လုံးတွင်ရှိနေသည့် ကျူးကျော် ပြသနာ အပေါ် မူဝါဒချကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျူးကျော်မှုများ ရှိလာပါက ချက်ခြင်း ဖယ်ရှား ဆောင်ရွက်ဖို့ ညွှန် ကြားထားကြောင်း ၎င်းက ပြောခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က “ ပြည်သူလူထုနဲ့ ပြောဆို ဆွေးနွေးတဲ့ အခါ ယဉ်ယဉ်ကျေးကျေး ပြောဖို့ လည်း သတိပေးပါမယ်၊ မြန်မြန်ပြောလို့ ပြောနေယုံနဲ့ ဘာမှထူးမှာမဟုတ်ပါဘူး၊ တယောက်ချင်းမှာ ပြောပိုင်ခွင့်ရှိပါတယ်၊ အဖြေက ရှာချင်ရင် ရှိ ပါ တယ်”ဟု ပြောသည်။
ကျူးကျော်များတွင် အမှန်တကယ် နေစရာမရှိ၍ မဟုတ်ဘဲ စီးပွားဖြစ်ကျူးကျော်သူများရှိနေပြီး အများပြည်သူ သွားလာ နေထိုင်ရေး အတွက် အနှောက်အယှက်ဖြစ်စေသည့် ကျူးကျော်များအား လက်သင့်ခံ အားပေးမည်မဟုတ်ကြောင်းလည်း ၎င်းကပြောခဲ့သည်။
နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ခြေလှမ်းများ ဖြစ်သည့် လျှပ်စစ်မီးရရှိရေး၊ လမ်းတံတား စီမံကိန်း များအား အစိုးရ အနေ ဖြင့် အလေးထား ဆောင်ရွက်လျှက် ရှိပြီး အများပြည်သူ ကောင်းကျိုး ရှိစေ မည့် ကိစ္စရပ်များအား ဦးစားပေး ဆောင်ရွက် လျှက် ရှိရာတွင် အနည်းစု အပေါ် မစဉ်စားခြင်း မဟုတ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြခဲ့သည်။
လက်ရှိတွင် နိုင်ငံတကာ စီးပွားရေးနှင့် ဆိုင်သည့် အဖွဲ့အစည်းများမှ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် မှုမှာ ခန့်မှန်းသည်ထက် ပိုမိုကောင်းမွန်ကြောင်း သုံးသပ်မှုများရှိခဲ့ပြီး နိုင်ငံအနေဖြင့် နေစဉ် တိုးတက် မှုများ ရှိနေသော်လည်း ပြည်သူများအနေဖြင့် တိုးတက်မှုကို ချက်ချင်း ခံစားရမည် မဟုတ်ဘဲ ဖြေးဖြေးချင်းသာ ခံစားရမည်ဖြစ်ကြောင်းလည်း ပြောခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းက မော်လမြိုင်-သံဖြူဇရပ် ၆၆ ကေဗွီ ဓါတ်အားလိုင်း (၄၀.၄၈) မိုင်နှင့် ၆၆/၃၃/၁၁ ကေဗွီ၊ ၂၀ အမ်ဗွီအေ (သံဖြူဇရပ်) ဓာတ်အားခွဲရုံသို့ ဓာတ်အား ပို့လွှတ် ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး သထုံသဘာဝဓာတ်ငွေသုံး ဓာတ်အားပေးစက်ရုံကို လည်း ဖွင့်လှစ်ပေးခဲ့သည်
ဒေါ်အောင်ဆန်းစုကြည်၏ မွန်ပြည်နယ် ခရီးစဉ်ကို ဧပြီ ၄ ရက်နေ့က စတင်ခဲ့ပြီး မော်လမြိုင်မြို့၌ လည်း လူထုနှင့် တွေ့ဆုံ ပြီးနောက် မွန်းလွဲပိုင်းတွင် ချောင်းဆုံမြို့နယ်သို့ သွားရောက်ကာ ဒေသခံ များနှင့် တွေ့ဆုံခဲ့သေးသည်။