မကွေးနှင့်ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့အတွင်းရှိ ကျောင်းအချို့တွင် အထက်တန်းနှင့် အလယ် တန်းအဆင့် အင်္ဂလိပ် စာ သင်ကြားပို့ချပေးမည့် အမေရိကန်စေတနာ့ဝန်ထမ်း ၃၂ ဦးမှာ ယနေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံးက သတင်း ထုတ်ပြန်သည်။
၎င်းတို့အနေဖြင့် Peace Corps အစီအစဉ်အရ တတိယအမြောက်အဖွဲ့အဖြစ် ရောက်ရှိလာ သူများ ဖြစ်ကြပြီး လတ်တလော သင်ကြားပေးနေသည့် အမေရိကန်စေတနာ့ဝန်ထမ်း ၄၂ ဦးနှင့် ပူးပေါင်းကာ နှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ကြမည် ဖြစ် ကြောင်း သိရသည်။
Peace Corps ၏ မြန်မာနိုင်ငံတာဝန်ခံ ပမ်မလာ မာတင်က “ တာဝန်ထမ်းဆောင်ရာမှာ သင်တို့နဲ့ အတူ လက်တွဲ လုပ်ကိုင် ကြမယ့် သင်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် မြန်မာဆရာ/ဆရာမတွေ၊ ဒေသခံ ပြည်သူတွေ၊ မိတ်ဆွေသင်္ဂဟတွေနဲ့ အားပေး ပံ့ပိုးသူတွေ ကနေ တဆင့် နှစ်နိုင်ငံ ပြည်သူ နှစ်ရပ်ရဲ့ စိတ်နှလုံးတွေဆက်နွယ်ချိတ်ဆက်နေမှာဖြစ်ပါတယ်” ဟု ပြောသည်။
ယင်း အစီအစဉ်ကို သမ္မတ ဂျွန်အက်ဖ်ကနေဒီက ၁၉၆၁ ခုနှစ် မတ်လ ၁ ရက်နေ့တွင် စတင်တည် ထောင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ အကူအညီပေးရေးကို ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့ရာ ယခုနှစ်တွင် စေတနာ့ဝန်ထမ်းအင်အား နှစ်ဆခန့် တိုးမြှင့်လိုက်ခြင်းလည်းဖြစ်ကြောင်း အမေရိကန်သံရုံးက ဖော်ပြထားသည်။
Peace Corps စတင်တည်ထောင်ချိန်မှစ၍ အမေရိကန်နိုင်ငံသား နှစ်သိန်းသုံးသောင်းကျော်မှာ နိုင်ငံပေါင်း ၁၄၁ နိုင်ငံတွင် စေတနာ့ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ Summit Park View ဟိုတယ်တွင် ကျင်းပခဲ့သည့် ကျမ်းသစ္စာကျိန်ဆိုပွဲကို အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် မိတ်ဖက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်က “မြန်မာပြည်သူတွေရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ပိုမိုလွတ်လပ် ခြင်း၊ ငြိမ်းချမ်းခြင်း နဲ့ စည်ပင်ဝပြောခြင်းတွေ ရရှိအောင် အမေရိကန်ပြည်သူတွေက ပံ့ပိုးကူညီချင်တဲ့ ဆန္ဒရှိပါတယ်။ ကျွန်တော်တို့နှစ်နိုင်ငံ လုံးထားရှိတဲ့ ဒီတူညီတဲ့ရည်မှန်းချက်တွေ အထမြောက် အောင်မြင်အောင် Peace Corps လိုစီမံကိန်းတွေက ကူညီဆောင်ကြဉ်း ပေးပါတယ်” ဟု ပြောသည်။