မန္တလေး တက္ကသိုလ် ပင်မဆောင်ကြီးအား အကြီးစား မွမ်းမံ ပြင်ဆင်ခြင်း လုပ်ငန်းကို လာမည့် ဇွန်လတွင် စတင် ဆောင် ရွက်သွားမည် ဖြစ်ရာ ရှေးမူမပျက် ပြုပြင်ရန် ငွေ ကျပ်သိန်း ၉ ထောင်လျာ ထား ကြောင်း မန္တလေးတက္ကသိုလ်မှ သိရသည်။
“ပထမဆုံး အနေနဲ့ ပင်မဆောင်ရဲ့ ပျက်ဆီးနေတဲ့ အပိုင်းတွေကို အရင် ပြင်သွားမှာပါ၊ ကုန်ကျမှု အတွက် သိန်း ၉ထောင် တော့ လျာထားချက် ရှိပါတယ်၊ လက်ရှိ အသေးစား စိစစ်မှုတွေ လုပ်နေသလို ကုန်ကျစရိတ် တိတိကျကျ ဘယ်လောက်ရှိ မလဲ ဆိုတာကို တွက်ချက်ရေးဆွဲနေပါတယ်၊ ပြီးရင် တင်ဒါခေါ်ယူသွားမှာပါ”ဟု ပါမောက္ခချုပ် ဒေါက်တာ သီတာဝင်းက ပြောသည်။
မန္တလေး တက္ကသိုလ်ဝင်း အတွင်းရှိ အဆောက်အအုံများအား အကြီးစား မွမ်းမံ ပြင်ဆင်ပေးနိုင်ရန် ၂၀၁၈ခုနှစ် မတ်လ အတွင်းက ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်၌ အောင်မြေသာစံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ လှမိုး၏ မေးမြန်းခဲ့မှုအရ ယခုကဲ့သို့ ပြင်ဆင်ခြင်းကို လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
“ပြည်ထောင်စု ဘတ်ဂျက်နဲ့ လုပ်ဆောင်တာပါ၊ သိန်း၉ထောင် လျာထားတယ်၊ ပထမအဆင့်အနေနဲ့ ပြုပြင်ထိန်းသိမ်းဖို့ အတွက် ဘတ်ဂျက် သိန်း ၁၅၀၀လောက် ရရှိထားပြီးပါပြီ၊ အောက်ခြေပိုင်းကို စပြီးပြင်သွားမှာပါ၊ အဓိက ရရှိထားတဲ့ ငွေ အပေါ်မူတည်ပြီးတော့ ခေါင်ရယ်၊ အောက်ခြေပိုင်းရယ်ကို အရင်ပြင်ရမှာပေါ့လေ၊ အပေါ်က ရေယိုတာရယ် အောက်ခြေက ရေဝပ်တာရယ်ကြောင့် ပင်မဆောင် ကြီး ပျက်ဆီးမှုနှုန်းက မြန်လာတာ ဖြစ်ပါတယ်” ဟု ဒေါက်တာလှမိုးက ဆက်လက် ပြောသည်။
မန္တလေးတက္ကသိုလ်ဝင်း အတွင်းရှိ တက္ကသိုလ်ပင်မဆောင်နှင့် အခြားသမိုင်းဝင်အဆောက်အအုံများ ပြင်ဆင်နိုင် ရန် ကော်မတီဖွဲ့၍ ဆောင်ရွက်လျက်ရှိပြီး ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့က ဦးစီးကော်မတီ အနေဖြင့် ပါဝင်ကြောင်း သိရသည်။
ပြင်ဆင်ရေးကဏ္ဍ အတွက် ပညာရှင်များ အနေဖြင့် ကော်မတီတွင် မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များ အသင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ နည်းပညာ တက္ကသိုလ်များမှ အင်ဂျင်နီယာဌာနများ ပါဝင် ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံဗိသုကာ ပညာ ရှင်များအသင်းဥက္ကဌ ဦးစန်းဦးက ကော်မတီ ဥက္ကဌ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ဦးသန့်ဇင်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သွားမည် ဖြစ် ကြောင်း သိရသည်။
မန္တလေးတက္ကသိုလ် ပင်မဆောင်အား အကြီးစား မွမ်းမံ ပြင်ဆင်မှု ပြုလုပ်နိုင်ရန် ရှေးဟောင်းဆိုင်ရာ များကို ပြုပြင်ခြင်း လုပ်နိုင်သည့် ကုမ္ပဏီအား တင်ဒါစနစ်ဖြင့် ခေါ်ယူရွေးချယ်သွားမည်ဟု သိရသည်။
“တင်ဒါ ခေါ်ပြီးမှ ပြင်ဆင်သွား ရမှာပါ၊ တင်ဒါကုမ္ပဏီ တွေကိုလည်း သေချာစိစစ် ရွေးချယ်သွားမှာပါ၊ ဘာကြောင့်လဲ ဆိုတော့ ရှေးဟောင်း အဆောက်အအုံ ကိုလိုနီခေတ် လက်ကျန်ဖြစ်တဲ့အတွက် သေချာ စနစ်တကျပြင်ဆင်ရမှာ ဖြစ်တယ်၊ ရှေးဟောင်း ပြင်ဆင်မှုတွေမှာ အတွေ့အကြုံ ရှိတဲ့ ကုမ္ပဏီကို ဦးစား ပေးရွေးချယ်သွားမှာပါ”ဟု ဒေါက်တာလှမိုးက ဆက်လက် ပြောသည်။
မန္တလေးတက္ကသိုလ် ပင်မဆောင်ကြီးအား အကြီးစားမွမ်းမံ ပြင်ဆင်ပေးခြင်း များအပြင် မန္တလေး တက္ကသိုလ်အတွင်းရှိ ၃ ဒဿမ ၄ ဧကအကျယ်သည် တထပ် စာသင်ဆောင်များ နေရာတွင် ခေတ်မီ ငါးထပ်ဆောင်တည်ဆောက်ပေးခြင်း၊ ၂ ဒသမ ၈၉ ဧရိယာ ကျယ်ဝန်းသည့် တထပ်ဆောင် စာသင် ဆောင်များအား ပြုပြင်ထိန်းသိမ်းခြင်းနှင့် အကြီးစား မွမ်းမံ ပြင်ဆင်ပေးခြင်းများ ကိုလည်း ပြုလုပ် ပေးသွားမည်ဟု သိရသည်။
ထို့အပြင် ၂ ဒဿမ ၅၇ ဧက ကျယ်ဝန်းသော တထပ်ဆောင်နေရာဟောင်း၌ ငါးထပ်ဆောင် အသစ် ဆောက်လုပ်ပေးသွား မည်ဖြစ်သလို ၆ ဒဿမ ၄၂ ဧက ကျယ်ဝန်းသော ညောင်ပင်ဝိုင်းနေရာကို ခေတ်မီ လေးထပ်ဆောင် စာသင်ဆောင် တည် ဆောက်ပေးခြင်းများကိုလည်း ဆက်လက် ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။
မန္တလေးတက္ကသိုလ်အား ၁၉၂၁ခုနှစ်တွင် စိုက်ပျိုးရေးသိပ္ပံအဖြစ် စတင်ထူထောင်ခဲ့ပြီး ၁၉၂၅ ခုနှစ်တွင် မန္တလေး ဥပစာ ကောလိပ် အဖြစ် ပြောင်းလဲခဲ့ဖွင့်လှစ်ခဲ့သည်။
မန္တလေး တက္ကသိုလ် ပင်မဆောင်ကို ၁၉၂၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ဥပစာကောလိပ်အဖြစ် ဖွင့်လှစ် ချိန်တွင် ပင်မဆောင်ကို ကျောင်းဆောင်အဖြစ် အသုံးမပြုခဲ့ဘဲ ဒုတိယကမ္ဘာစစ်ပြီးချိန်မှသာ ကျောင်း ဆောင်အဖြစ် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း မှတ် တမ်းများအရ သိရသည်။
မန္တလေးတက္ကသိုလ်အဖြစ် ၁၉၅၈ ခုနှစ်တွင် မန္တလေးတက္ကသိုလ် (ဝိဇ္ဖာသိပ္ပံ၊ဆေးပညာ၊ စိုက်ပျိုးရေး)နှင့် မကွေးကောလိပ် ပါဝင်သော မဟာဌာနကြီး၄ခုဖြင့် မန္တလေးတက္ကသိုလ်ကို စတင်ထူ ထောင်ခဲ့ရာ ၂၀၁၈ ခုနှစ်တွင် စတင်ထူထောင်သည်မှာ နှစ် ၁၀ဝ နီးပါး သက်တမ်းရှိပြီဖြစ်ကြောင်းသိရသည်။
မန္တလေးတက္ကသိုလ်အနေဖြင့် လက်ရှိအချိန်တွင် နိုင်ငံတကာ တက္ကသိုလ်အဖွဲ့အစည်း ၃၃ ခုဖြင့် ပညာ ရေးဆိုင်ရာ သဘော တူနားလည်မှု စာချွန်များရေးထိုးပြီး သင်ကြားရေး၊ သုတေသနလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်နေပြီး နိုင်ငံတကာမှ ကျောင်းသားများလည်း လာရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ယခုအခါ မန္တလေးတက္ကသိုလ်၌ ဘာသာရပ်ပေါင်း ၂၅ ခု၊ ဘွဲ့ကြိုသင်တန်းမှ ပါရဂူအထိ သင်တန်း အမျိုးအစား၂၀၆ ခု ၊ ဒီပ လိုမာ သင်တန်းပေါင်း ၁၂ ခု နှင့် ဘာသာရပ်အမျိုးမျိုး၌ သုတေသနလုပ် ဆောင်နေသော ကျောင်းသားများပညာဆည်းပူးရာ တက္ကသိုလ်တစ်ခုဖြစ်သလို နိုင်ငံတကာ ဆွေးနွေး ပွဲများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ သုတေသနကွန်ဖရင့်များနှင့် အခြား ပညာရပ်ဆိုင်ရာများကိုလည်း ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။