လက်ရှိ အစိုးရ လက်ထက် ၃ နှစ်ကာလ အတွင်း တရားမဝင် သစ်မျိုးစုံ တန်ချိန် ၁ သိန်း ၄ သောင်း ၃ ထောင်ကျော် ဖမ်းဆီး ရမိခဲ့ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တော ဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။
သစ်တော ဦးစီးဌာနမှ ဒု ညွှွန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က“ပြည်သူ သတင်းပေးပို့မှု အရ ကျနော်တို့ ဖမ်းဆီး ရမိ ခဲ့ခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် ၃ နှစ်ကာလ အတွင်း သစ်ခိုးထုတ်သည့် တရားခံ ၂ သောင်း ကျော်၊ သစ်ခိုး ထုတ်ရာတွင် အသုံးပြုသည့် ယာဉ်ယန္တရား အစီးရေ ၉၄၆၀ နှင့် ချိန်းစော ၁၁၆၃ ခုကိုလည်း ဖမ်းဆီးရမိခဲ့ သည်ဟု ၎င်းက ဆိုသည်။
ထိုသို့ ဖမ်းဆီးရမိမှုများတွင် လူထု အခြေပြု စောင့်ကြပ် ကြည့်ရှု သတင်းပို့ စနစ်ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီး သီးရှိ ပြည်သူ လူထု၏ သတင်းပေး တိုင်ကြားမှုကြောင့် ဖမ်ဆီးရမိမှုများ ပါဝင်ကြောင်းလည်း ဧပြီလ ၄ ရက်က ထုတ်ပြန် သည့် သစ်တော ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်းပေး တိုင်ကြားခဲ့သော ပြည်သူများကိုလည်း ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ဆုကြေးငွေ သိန်း ၇၀ ကျော်၊ ၂၀၁၇-၂၀၁၈ ခုနှစ် တွင် ၄၀၆ သိန်းနှင့် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ဆုကြေးငွေ ၆၇၃ သိန်းကို ပေးအပ်ခဲ့သည်ဟု ဦးကျော်ကျော်လွင်က ပြောဆို သည်။
တရားမဝင် သစ်ဖမ်းဆီးရေး ဆောင်ရွက်ရာတွင် နယ်စပ်ဒေသနှင့် နေရာတချို့တွင် သစ်တော ဝန်ထမ်း အင်အား၊ သစ် တော ရဲအင်အား တို့ဖြင့် တရားမဝင်သစ် ဖမ်းဆီးရန် မလုံလောက်သည့် အတွက်၂၀၁၉ ခုနှစ် အတွင်း ကာကွယ်ရေး ဝန်ကြီး ဌာန ကို အကူအညီ တောင်းခံပြီး ပူးပေါင်း ဖမ်းဆီးရသည်လည်း ရှိကြောင်း ၎င်းက ဆိုသည်။
ဦးကျော်ကျော်လွင်က“တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူတဲ့ အတွက်ကြောင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်ကနေ မတ်လ ၂၅ ရက် အထိ နှစ်လတာ ကာလ အတွင်းမှာ တပ်မတော်ရဲ့ လုံခြုံရေး အကူအညီနဲ့ တရားမဝင် သစ်ဖမ်းဆီးရမိမှုဟာ စုစုပေါင်း ၁၃၅၆ တန် တရားခံ ၁၁၁ ဦးနဲ့ ယာဉ်ယန္တရား ၃၈ စီး ဖမ်းမိခဲ့ပါတယ်။ နယ်စပ်ဒေသမှာ လုံခြုံရေး အင်အား ကန့်သတ်ချက် ရှိတဲ့နေရာတွေမှာတော့ တပ် အကူအညီ မပါဘဲ ဆောင်ရွက် နိုင်ခြင်း မရှိပါဘူး”ဟုလည်း ပြောဆိုသည်။
လက်ရှိတွင် သစ်တော ဦးစီးဌာန၏ ဖွဲ့စည်းအင်အားမှာ ၁၅၀၀၀ ကျော် ဖြစ်သော်လည်း လက်ရှိ ဝန်ထမ်း အင်အား ၈၀၀၀ ကျော်သာ ရှိ၍ အင်အားနည်းနေပြီး ဝန်ထမ်း တဦးလျှင် ဧက ၉၀၀၀ ကျော်ကို တာဝန်ယူနေရ သကဲ့သို့ ဖြစ်နေသည်ဟု သိရသည်။
“တရားမဝင် ဖမ်းဆီးခြင်းမှာလည်း နည်းပါးလှတဲ့ ဝန်ထမ်းအင်အားကြောင့် ရန်ပြု တိုက်ခိုက်ခံခဲ့ရတဲ့ ဖြစ်စဉ်များလည်း ရှိခဲ့ပါ တယ်။ ၁၉၉၈ ခုနှစ်ကနေ လက်ရှိ အချိန်ထိ ရန်ပြု သတ်ဖြတ်ခံရတဲ့ ဝန်ထမ်း အင်အား ၈ ဦးမှာ လက်ထောက် ညွှန်ကြား ရေးမှူး ၁ ဦးထိ ပါဝင်ခဲ့ပါတယ်။ ဒဏ်ရာ ရရှိသူကတော့ အမှုထမ်း အနေနဲ့ ၄၇ ဦး ရှိပါတယ်”ဟု ဦးကျော်ကျော်လွင် က ပြော သည်။
သစ်တော ဦးစီးဌာန အနေနှင့်လည်း တရားမဝင် သစ်ခိုးထုတ်ခြင်းများကို ထိထိရောက်ရောက် ဟန့်တားနိုင်ရန် အတွက် အာဏာပိုင် အဖွဲ့အစည်းများ၊ လက်နက်ကိုင် အဖွဲ့အစည်းများ၏ ပူးပေါင်း ဆောင်ရွက်မှုှု မရှိဘဲ အောင်မြင်ရန် ဆောင်ရွက် နိုင်မည် မဟုတ်ကြောင်း လှိုင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပြောဆို သည်။
“သစ်တော ဌာန တခုတည်းတော့ လုပ်လို့ မရလောက်ဘူး။ ကျနော်တို့ဆီမှာ တပ်မတော်ရော၊ လက်နက်ကိုင် တပ်ဖွဲ့တွေ ရော ရှိတယ်။ သူတို့ပါ သစ်တော ထိန်းသိမ်းရေးမှာ ပါဝင်မှ အောင်မြင်မယ်လို့ ထင်တယ်”ဟု ၎င်းက ဧရာဝတီသို့ ပြော သည်။
စစ်ကိုင်းတိုင်း ဒေသကြီး ဗန်းမောက် မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးကလည်း“ဒီလောက် ဖမ်းနေ တဲ့ ကြားထဲက သစ်ခိုးထုတ်မှုတွေ ရပ်သွားတာ မမြင်ဘူး။ ခိုးထုတ်နေတာ ဒုနဲ့ဒေးပဲ။ နောက်ပြီးတော့ အောက်ခြေက အုပ်ချုပ်ရေး ပိုင်းနဲ့ တာဝန်ရှိသူ အချို့ပါဝင် ပတ်သက်နေတော့ အလုပ်လုပ်ရတာ ခက်ပါတယ်။ အစွန်အဖျားလောက် မိတာ ပဲ ကျနော်တို့ မြင်ပါတယ်”ဟု ပြောဆိုသည်။
လက်ရှိတွင် တရားမဝင် သစ်ခိုးထုတ်သူများသည် နယ်စပ်ဒေသ လမ်းကြောင်းများမှ တဆင့် တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့ ရောင်းချနေခြင်း ဖြစ်ကြောင်း သိရသည်။
သစ်တော ဦးစီးဌာန အနေဖြင့် ဖမ်းဆီးရမိသော တရားမဝင် သစ်များ၏ ၈၀ ရာခိုင်နှုန်းခန့်ကို သစ် ကုမ္ပဏီများ၊ လုပ်ငန်းရှင် များထံ ပြန်လည် လေလံပစ် ရောင်းချပေးနေပြီး ဖမ်းဆီးရမိသစ်နှင့် မြန်မာ့သစ် လုပ်ငန်းမှ ထုတ်လုပ်သည့် သစ်တို့ အနက် ယခုနှစ်တွင် သစ်လုံးတန်ချိန် ၁ သိန်းနှင့် ခွဲသား တန်ချိန် ၃သောင်းတို့ လေလံပစ် ရောင်းချရန် ရည်မှန်းထားကြောင်း သစ် တော ဦးစီးဌာနက ပြောဆိုထားသည်။
အစိုးရသစ် လက်ထက်၂၀၁၆-၂၀၁၇ ခုနှစ် အတွင်း တရားမဝင်သစ် တန်ချိန် ၅ သောင်းကျော်နှင့် တရားခံ ၈၃၀၀ ကျော်၊ ၂၀၁၇-၂၀၁၈ ခုနှစ် အတွင်း တန်ချိန် ၄၈၀၀၀ ကျော်နှင့် တရားခံ ၇၃၀၀ ကျော်၊ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာ အထိ တန် ချိန် ၁၈၆၀၀၀ ကျော်နှင့် တရားခံ ၃၂၀၀ ကျော်၊၂၀၁၈ စက်တင်ဘာလမှ ၂၀၁၉ ဖေဖော်ဝါရီ လကုန် အထိ တန်ချိန် ၂၆၀၀၀ ကျော်နှင့် တရားခံ ၁၉၀၀ ကျော်တို့ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တော ဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။