ထိုင်း တော်ဝင် ရေတပ်နှင့် အမေရိကန်ရေတပ်တို့ နှစ်စဉ်ပြုလုပ်နေကျ Guardian Sea ပူးတွဲရေတပ် စစ်ရေး လေ့ကျင့်မှုကို တနင်္ဂနွေနေ့က ကပ္ပလီပင်လယ်ပြင်တွင် စတင်ခဲ့ပြီး နှစ်နိုင်ငံရေတပ်များ အကြား သတင်း အချက်အလက် ဖလှယ်မှု တိုးမြှင့် လုပ်ဆောင် နေချိန်အတွင်း ရေငုပ်သင်္ဘော တိုက်ဖျက်ရေး စွမ်းရည် ထက်မြက်လာစေရန်ရည်ရွယ်၍ လေ့ကျင့်ခြင်းဖြစ်သည်။
ထိုင်း တော်ဝင်ရေတပ် တပ်မဟာ ၁မှ ဦးစီးမှူး ကပ္ပတိန် စမန်ကန်သာပေါင်က ကြီးကြပ်ပြီး အမေရိကန်ရေတပ်အုပ်စုကို ဖျက်သင်္ဘောတပ်ဖွဲ့ ၇ မှ ရေတပ် ဗိုလ်မှူးချုပ် မက်သရူးဂျာဘီက ဦးဆောင်သည်။
အဆိုပါ ပူးတွဲ စစ်ရေးလေ့ကျင့်သည့်အခမ်းအနားကို HTMS ဘူမိဘော အဒူလျာဒက်စစ်သင်္ဘောတွင် ကျင်းပခဲ့ပြီး သဘာ ပတိအဖြစ် ထိုင်းရေတပ် တပ်မဟာ ၁ တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး ကမ်ချွန်ချာ ရိုအမ် ကိယက်က ဆောင်ရွက် သည်။
ထိုင်း-အမေရိကန်ပင်လယ်ပြင်စောင့်ကြပ်မှုပူးတွဲစစ်ရေးလေ့ကျင့်ခြင်းသည် ၂၀၁၂ ခုနှစ်ကတည်းက ပထမဆုံးအကြိမ် စတင်ခဲ့ကြောင်း၊ ယင်းနောက် ထိုင်း-အမေရိကန်ပူးတွဲ၍ နှစ်စဉ်ပြုလုပ်ခဲ့ကြောင်း ရေတပ်ဗိုလ်ချုပ်ကြီး ကမ်ချွန်က ပြောသည်။
“ပင်လယ်ပြင် စောင့်ကြပ်မှုဟာ အမေရိကန်ရေတပ်နဲ့ ထိုင်းရေတပ်တို့အကြား နှစ်နိုင်ငံလေ့ကျင့်တာ ဖြစ်ပါတယ်။ ရေငုပ် သင်္ဘော တိုက်ဖျက်ဖို့ စစ်ဆင်ရေးအတွက် သင်္ဘောတွေနဲ့လေယာဉ်ပါဝင်တဲ့ ရေကြောင်းစစ်ဆင်ရေး လေ့ကျင့်တာဖြစ်ပါ တယ်။ နှစ်နိုင်ငံနည်းစနစ်၊ ကျွမ်းကျင်မှု၊ ခြေရာခံ နည်းနှင့် အမျိုးမျိုးသောအခြေအနေတွေမှာ ရေငုပ်သင်္ဘောတိုက်ခိုက် နည်းတွေ အချင်းချင်း ဖလှယ်ကြဖို့ အထူးအခွင့် အရေးတရပ်ဖြစ်ပါတယ်” ဟု ရေတပ်ဗိုလ်ချုပ်ကြီး ကမ်ချွန်က ပြောသည်။
အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် ထိုင်းဘက်ခြမ်းမှ စစ်သင်္ဘောများဖြစ်ကြသည့် HTMS ဘူမိဘော အဒူလျာဒက်၊ HTMS ထက်ဆင်၊ HTMS လောင်လုံနှင့် S-70B ရေငုပ်ကာကွယ်ရေးရဟတ်ယာဉ်များ ပါဝင်ကြသည်။
အမေရိကန်ရေတပ်အုပ်စုတွင် USNS GUADALUPE T-AO 200 ဆီဖြည့်သင်္ဘောနှင့် လော့အင်ဂျလိစ် အမျိုးအစား နျူးကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော (SSN) တို့ ပါဝင်သည်။
ကပ္ပလီပင်လယ်သည် ရေငုပ်သင်္ဘောလေ့ကျင့်ရေးအတွက် လုံလောက်ရေအနက်ရှိကြောင်း၊ ရေအောက်၌ သင်္ဘောများ သွားလာနေခြင်းကို ထောက်လှမ်းခြင်းမပြုဘဲ ခွင့်ပြုထားကြောင်း၊ ထို့ကြောင့် ရေငုပ်သင်္ဘောအစစ်တစင်းဖြင့် အတွေ့အကြုံ နှင့်ဗဟုသုတရစေရန် ရေငုပ်သင်္ဘော တိုက်ဖျက်ရေးသင်ခန်းစာ အတွက် အခွင့်အလမ်းတခုဖြစ်ကြောင်း ထိုင်းရေတပ် ဗိုလ်ချုပ်ကြီး ကမ်ချွန်က ဆက်လက်ပြောကြားသည်။
ရေငုပ်သင်္ဘော တိုက်ဖျက်ရေးတွင် သင်္ဘောများနှင့် လေယာဉ်များ အသုံးပြုရာ၌ နှစ်ဘက်လုံးမှ ရေတပ်သားများအတွက် အတွေ့အကြုံနှင့် အသိပညာရရှိစေရန် မျှော်လင့်ထားသည်။
အမေရိကန်ရေတပ်က ယခု လေ့ကျင့်မှု အတွက် ရေငုပ် သင်္ဘော အစစ်တစင်းကို စေလွှတ်ပေးသဖြင့် ထိုင်းရေတပ်အတွက် အထူးအကျိုးရှိစေပါကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။